ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇူလိုင် ၆ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- စစ်တပ်စစ်ကြောင်း နောင်ချိုမြို့အနီးကို ရောက်လာပြီလို့ဆို
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ် (TNLA) ထိန်းချုပ် ထားတဲ့ နောင်ချိုမြို့ကို ကပ်ဖို့ ကြိုးစားနေတဲ့ စစ်တပ်စစ်ကြောင်းဟာ မြို့အနောက်ဘက်နဲ့ တောင်ဘက်နားကို ၄ မိုင်ဝန်းကျင်လောက် ကပ်လာပြီလို့ ဒေသတွင်း အခြေအနေသိရှိသူက ပြောပါတယ်။
နောင်ချိုမြို့ အနောက်ဘက် ကျောက်ကြမ်းရွာ၊ တောင်ဘက်က မျက်ချင်းနုရွာ၊ ကျောက်တော၊ လုံဝယ်ရွာနားတွေကို ရောက်လာပြီလို့ သိရပါတယ်။
"လူအား၊ ဒရုန်းအား နဲ့တိုးလာတာ ဒီဘက်က လက်နက်ကြီးပစ်တဲ့နေရာတွေကို လေယာဉ်၊ ဟောင်ဝစ်ဇာနဲ့ လှမ်းပစ်တယ်။ လက်နက်ငယ်အသံတွေကို မြို့ထဲကနေ အတိုင်းသား ကြားနေရပါတယ်"လို့ သူက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်း ကံကြီးရွာကို ရောက်ရှိလာတဲ့ ဇွန် ၁၀ ရက် ဝန်းကျင်ကစပြီး ဒေသခံတွေလည်း နောင်ချိုမြို့ထဲကနေ တဖြည်းဖြည်း တိမ်းရှောင်နေကြရပါတယ်။
နောင်ချိုမြို့ထဲမှာ တိမ်းရှောင်တဲ့အခါ သုံးစွဲဖို့ ငွေကြေးမတတ်နိုင်သူတွေက ဘုန်းကြီးကျောင်းတွေနဲ့ ယာတောတွေဘက်မှာ နေနေကြရပါတယ်။
ဒီအတောအတွင်းမှာပဲ နောင်ချိုမြို့ထဲက နာမည်ကျော် စိန်ရတနာ ပရိယတ္တိစာသင်တိုက်မှာ TNLA တပ်ဖွဲ့ဝင် ရှိနေတယ်လို့ဆိုပြီး လူမှုကွန်ရက် တစ်တော့ ပေါ်မှာ ပြောဆိုချက်တွေကို ကျောင်းထိုင် နာယက ဆရာတော်က လူမှုကွန်ရက်မှာ ပြန်လည် ဖြေရှင်းပါတယ်။
စစ်ရှောင်မိသားစုတွေနဲ့ ကိုရင် ၁၀ ပါးကျော်၊ သံဃာ ၇ ပါး သတင်းသုံးနေတာဖြစ်ပြီး တအောင်းတပ်တွေ တပ်စွဲတာ မရှိဘူးလို့လည်း နာယကဆရာတော်က စစ်တပ်ထောက်ခံတဲ့လူမှုကွန်ရက် သုံးစွဲသူတွေရဲ့ စွပ်စွဲချက်ကို တုံ့ပြန်ပါတယ်။
စိန်ရတနာစာသင်တိုက်ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက စစ်တပ်က လေကြောင်းကနေ ကြဲတဲ့ဗုံး ကျရောက်ပေါက်ကွဲလို့ ရဟန်း ၂ ပါး၊ ကိုရင် ၄ ပါး ပျံလွန်တော်မူကြီး အရပ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။
နောင်ချိုမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေဟာ ထောင်ချီရှိတယ်လို့လည်း ဒေသတွင်း အခြေအနေ သိရှိသူတွေက ပြောကြပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
"လေယာဉ်က ပစ်မှတ် တိကျလာတယ်။ ဒရုန်းက အဆင့်မြင့်လာတယ်။ ပစ်မှတ်အတိကျပစ်တာ"လို့လည်း ဒေသတွင်း စစ်ရေးအခြေအနေ သိရှိသူက ပြောပါတယ်။
TNLA ကလည်း တရုတ်ရဲ့ ကြားဝင် စေ့စပ်မှုနဲ့ လာမယ့် ဩဂုတ်မှာ စစ်ကောင်စီနဲ့ တွေ့ဖို့ရှိပေမဲ့ နောင်ချိုကို လက်မလွှတ်ရအောင် ခုခံစစ်နဲ့ တိုက်ပွဲဝင်နေတယ်လို့ ဇူလိုင် ၅ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
လာအိုက အထည်ချုပ်စက်ရုံမှာ မြန်မာလုပ်သား ၂၀၀ နီးပါး အချိန်ပို လုပ်အားခ အနှိမ်ခံနေရ
လာအိုနိုင်ငံ၊ ဗီယမ်ကျင်းမြို့ပြင်က အထည်ချုပ်စက်ရုံ တစ်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေဟာ အချိန်ပို လုပ်အားခ ရသင့်တဲ့နှုန်း တဝက်နီးပါးသာ ရရှိပြီး အလုပ်ချိန်ပို လုပ်ကိုင်နေရတယ်လို့ အဲဒီစက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
HAKERS အထည်ချုပ်စက်ရုံမှာ မြန်မာအလုပ်သမား အယောက် ၁၈၀ ကျော်ရှိပြီး မြန်မာနဲ့ လာအို နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ(MOU) အောက်ကနေ သွားရောက်လုပ်လုပ်နေတာ တစ်နှစ်ကျော်ရှိနေပြီလို့ သိရပါတယ်။
အချိန်ပိုကြေးကလည်း တစ်ခြားစက်ရုံတွေမှာ တစ်နာရီကို ကစ် သုံးသောင်း (မြန်မာငွေ ကျပ်သုံးထောင်နီးပါး)ရကြပေမဲ့ ဒီစက်ရုံမှာတော့ တစ်ဝက်သာ ရတယ်လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။
ချုပ်နိုင်တဲ့အထည်ပမာဏနဲ့ ပိုများတဲ့ ပမာဏကို ချုပ်ခိုင်းတာကြောင့် ၃ နှစ်စာချုပ်နဲ့ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေဟာ သတ်မှတ်ပမာဏပြည့်အောင် အလုပ်ပိုလုပ်နေရတဲ့ အခြေအနေလို့ သူက ပြောပြပါတယ်။
"အထည်တွေကို လုပ်နိုင်တဲ့ ပမာဏထက် ပိုပြီးချုပ်ခိုင်းတော့ ဒီအထည်ရေ မပြည့်မှာစိုးလို့ စောစောအလုပ်ဝင်ရတယ်။ ထမင်းစားချိန် တစ်နာရီရတာတောင် အပြည့်မနားတော့ဘဲ ထမင်းစားပြီးတာနဲ့ တန်းချုပ်ရတယ်။ နေမကောင်းရင်လည်း ခွင့်မရဘူး"လို့ လုပ်ငန်းခွင်မှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ပြောပြပါတယ်။
ဒီအခြေအနေကြောင့် မြန်မာလုပ်သားတချို့ စာချုပ်နစ်နာကြေးပေးပြီး အလုပ်ထွက်တာလည်း ရှိတယ်လို့ သိရပါတယ်။
မြန်မာစစ်ကောင်စီနဲ့ လာအိုအစိုးရတို့အကြား အလုပ်သမား စေလွှတ်ဖို့အတွက် ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ MOU ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
MOU စနစ်နဲ့ လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာအလုပ်သမားတွေဟာ အလုပ်ချိန် ၁၀ နာရီ လုပ်ရတဲ့အပြင် မဖြစ်မနေ အချိန်ပို လုပ်ပေးနေရတာတွေ ကြုံနေကြရတယ်လို့ လာအိုနိုင်ငံက Everlaos အထည်ချုပ်စက်ရုံက အလုပ်သမားတွေကလည်း ဘီဘီစီကို မေလတုန်းက ပြောခဲ့တယ်။
အားကောင်းနေတဲ့ မုတ်သုန်လေနဲ့ လေပွေလှိုင်း အရှိန်တွေကြောင့် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ မိုးကြီးမယ်
မုတ်သုံလေ အားအသင့်အတင့်ကနေ အားကောင်းလာတာ၊ အရှေ့ဘက်နဲ့ အနောက်ဘက်က ရွေ့လာတဲ့ လေပွေလှိုင်း အရှိန်တွေရှိတာကြောင့် တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ နေရာကွက် မိုးကြီးမယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
မန္တလေးနဲ့ မကွေးတိုင်းကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့မိုးရွာပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
အနောက်တောင် မုတ်သုံလေ ရုတ်တရက် အားကောင်းလာပြီး မုတ်သုံအဝင် ၉ ရက်စောတဲ့ ဖြစ်စဉ်ကလည်း ဒီနှစ်အတွက် ထူးခြားတဲ့ ရာသီဥတုဖြစ်တယ်လို့ မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က လူမှုကွန်ရက်မှာ ရေးထားပါတယ်။
မြန်မာနိုင်ငံ အထက်ပိုင်းမှာ မိုးများနိုင်တဲ့အတွက် ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တွေမှာ ရေတက်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ဧရာဝတီမြစ်ရေဟာ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ထီးချိုင့် ၊ သပိတ်ကျင်းမြို့တွေမှာ တဖြည်းဖြည်းချင်း တက်နေသလို ချင်းတွင်းမြစ်ရေဟာ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်နဲ့ ကလေးဝမြို့နယ်တွေဘက်မှာ ရေတက်နေတယ်လို့လည်း ဒေသခံတွေက ပြောထားကြပါတယ်။
မိုးဇလကတော့ ရေကြီးရေလျှံတာ၊ မြေပြိုတာတွေ အပါအဝင် သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ဆည်မြောင်းတာတမံတွေကိုလည်း ကြိုတင်ပြင်ဆင်ဖို့ သတိပေးထားပါတယ်။ရေဘေး - ရေကြီးမှု ဘာကြောင့်ဖြစ်တာလဲ၊ ရေကြီးလာရင် ဘာတွေလုပ်ရမလဲ
ကျောက်ကြီးမြို့နယ်မှာ စစ်တပ် ဒရုန်းနဲ့ဗုံးကြဲလို့ လူ ၄ ဦးသေဆုံး
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် တောကြောင်ပေါက်ကျေးရွာက လူ ၄ ဦး သေဆုံးတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
နတ်သံကွင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က မနေ့ ဇူလိုင်လ ၅ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ကြဲခဲ့တဲ့ဗုံးကြောင့် ဒီလူတွေ သေဆုံးခဲ့တာဖြစ်ပြီး အရပ်သားတွေလို့လည်း သူက ပြောပါတယ်။
သေဆုံးခဲ့ကြသူတွေဟာ သက်လတ်ပိုင်း အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ သက်ကြီးပိုင်း အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။
ဗုံးစတွေ ထိမှန်လို့ အသက် ၁ နှစ်နဲ့ ၆ နှစ်အရွယ် ကလေးနှစ်ယောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတာ၊ စစ်ကြောင်းထိုးတာမဟုတ်ဘဲ စစ်ကောင်စီ တပ်စွဲထားတဲ့ နတ်သံကွင်းရွာ အနီးဝန်းကျင်တွေကို ဒရုန်းနဲ့ ပစ်ခတ်တာဖြစ်တယ်လို့ သူက ဆိုပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့ ပူးပေါင်းတပ်တွေက KNU တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီးမြို့နယ် မုန်းမြို့နယ်ထဲက စစ်ကောင်စီ အခြေစိုက် စခန်းတွေကို သိမ်းပိုက်တယ်လို့လည်း မေမှာ ထုတ်ပြန်ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူရဲ့ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက နတ်သံကွင်းရဲစခန်း၊ နတ်သံကွင်းမြို့နဲ့ ကျောက်ကြီးမြို့ကို ဆက်ထားတဲ့ စစ်တောင်းမြစ်ပေါ်က တံတားတို့ကို ၂၀၂၃ ခုနှစ်၊ ဇွန်လမှာ တိုက်ခိုက်ချိန် စစ်ကောင်စီတပ်က ထိခိုက်ကျဆုံးမှုများခဲ့ပါတယ်။
၂၀၂၃ ခုနှစ်ခုနှစ်ကုန်ပိုင်းမှာ နတ်သံကွင်းမြို့သိမ်းတိုက်ပွဲကို ပူးပေါင်းအဖွဲ့တွေက ပြုလုပ်ခဲ့လို့ စစ်တပ်နဲ့ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
သီတင်းပတ်ချီကြာတဲ့ အဲဒီတိုက်ပွဲပြီးကတည်းက စစ်ကောင်စီတပ်က နတ်သံကွင်းမှာ ခြေကုတ်ပြန်ယူထားတာဖြစ်ပါတယ်။
ပျောက်ဆုံး လူရည်ချွန် သမီးငယ်သတင်းပေးရင် သိန်း ၂၀၀ ပေးမယ်လို့ မိခင် ဆုကြေးထုတ်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကနေ ရန်ကုန်မြို့၊ လှည်းကူးမြို့မှာ ကျောင်းလာတက်ရင်း လနဲ့ချီကြာအောင်ပျောက်ဆုံးနေတဲ့ လူရည်ချွန် နှစ်ထပ်ကွမ်းဆုရှင် G12 သမီးငယ်ရဲ့သတင်းပေးနိုင်သူကို ဆုငွေ ကျပ်သိန်း ၂၀၀ ပေးမယ်လို့ မိခင်ဖြစ်သူက ပြောလာပါတယ်။
G12 ကျောင်းသူ အသက် ၁၇ ကျော်အရွယ် မဆုရတနာအောင်ဟာ သူ ပညာသင်နေတဲ့ လှမ်းကူးမြို့က ဘော်ဒါဆောင်ကနေ ဧပြီ ၂၄ ရက်မှာ မုန့်ထွက်ဝယ်စားရင်း ပျောက်သွားခဲ့တာ ရှာမတွေ့သေးတာကြောင့် အခုလို ဆုကြေးထုတ်ရတာလို့ မိခင် ဒေါ်စမ်းစမ်းအေးက လူမှုကွန်ရက်မှာရေးပါတယ်။
မဆုရတနာအောင်ဟာ ကျောက်ဖြူမြို့မှာ နေခဲ့ချိန်က ၂ ထပ်ကွမ်း လူရည်ချွန်ဆု ရရှိထားသူဖြစ်ပြီး မငြိမ်သက်တဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ရန်ကုန်မြို့ကို ပြောင်းရွှေ့လာပြီး ကျောင်းတက်နေတာလို့ သိရပါတယ်။
"ကျွန်မအသဲနှလုံး အရှင်လတ်လတ် ဆွဲထုတ်ခံထားရတဲ့ မိခင်တစ်ယောက်ပါ။ ကျွန်မသမီးဘယ်ရောက်သွားလဲ။ ကျွန်မအသက်ရှင်နေသရွေ့ သမီးငယ်လေး ဆုရတနာအောင်ကို ရှာနေမှာပါ ။ အခုတော့ ဘယ်တွေများရောက်နေပြီလဲ သမီးငယ်လေးရယ်။ မေမေ့ကို သေဒဏ်ထက်ပိုဆိုးတဲ့ပြစ်ဒဏ်ကို ချပေးခဲ့တာလားသမီးငယ်လေးရယ်" ဆိုပြီး လူမှုကွန်ရက်မှာ မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းအေးက ရင်ဖွင့်ပါတယ်။
မိခင်ဖြစ်သူက သတင်းပေးနိုင်မယ့်သူကို ဆုကြေး သိန်းရာချီ ပေးမယ်လို့ ထုတ်ပြောနေချိန်မှာပဲ ဘော်ဒါကျောင်းက ဆရာမတစ်ယောက်ကလည်း မဆုရတနာအောင်ဟာ ဘော်ဒါကနေ ပျောက်သွားတာမဟုတ်ဘဲ သူတည်းတဲ့ နေအိမ်ကနေ ပျောက်သွားတာလို့ လူမှုကွန်ရက်မှာ ရေးထားတာတွေ့ရပါတယ်။
နှစ်ဘက် အပြန်အလှန် ဖြေရှင်းတာတွေ ရှိနေပြီး မဆုရတနာအောင်ကို လူမှုကွန်ရက်မှာလည်း အမြန်ပြန်တွေ့ပါစေဆိုပြီး ဆုတောင်းတာတွေလည်း တွေ့ရပါတယ်။
မဆုရတနာအောင် ပျောက်ဆုံးတာကို နေ့စဉ်ထုတ် သတင်းစာတွေမှာ လူပျောက်ကြော်ငြာနဲ့ ရှာဖွေနေပြီး ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေကိုလည်း တိုင်ကြားထားတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာ ကလေးငယ်တချို့ အပါအဝင် ဆယ်ကျော်သက် မိန်းကလေး၊ ယောက်ျားလေးတွေ၊ လူငယ်တွေ ပျောက်ဆုံးတာတွေကိုလည်း လူပျောက်ကြေညာတာတွေကနေ တွေ့ရပါတယ်။
ရိခေါဒါရ်မြို့မှာ ချင်းလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ဖွဲ့ဖြစ်လို့ ဒေသခံတွေ အိန္ဒိယဘက် ထွက်ပြေး
အိန္ဒိယ - မြန်မာနယ်စပ်၊ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့မှာ ချင်းကာကွယ်ရေးတပ် (CDF Hualngo) နဲ့ CNO/CNDF တို့အကြား တိုက်ပွဲဖြစ်တာကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အိန္ဒိယနိုင်ငံ သတင်းဌာနတွေရဲ့ ရုပ်သံမှတ်တမ်းတစ်ခုမှာ ရာနဲ့ချီတဲ့ ဒေသခံတွေဟာ အိန္ဒိယ- မြန်မာ နယ်စပ်ဂိတ်ကို ဖြတ်ကျော်ပြီး ဝင်ရောက်လာကြတာ တွေ့ရပါတယ်။
အိန္ဒိယ စစ်တပ်အပါအဝင် သက်ဆိုင်ရာအဖွဲ့တွေကလည်း တံခါးဖွင့်ပေးထားပြီး ဝင်ခွင့်ပြုထားပါတယ်။
"ပုံမှန်ဆိုရင် အိန္ဒိယ နယ်စပ်ဂိတ်ကို ဖြတ်ဖို့အတွက် ကန့်သတ်ချက်တွေ အရမ်းများတယ်။ တိုက်ပွဲစဖြစ်တဲ့ ဇူလိုင် ၄ ရက်ကစပြီးတော့တော့ တံခါးဖွင့်ပေးထားတာ တွေ့ရတယ်"လို့ အိန္ဒိယနိုင်ငံမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ အိန္ဒိယ- မြန်မာနယ်စပ်၊ ရိခေါဒါရ်မြို့နယ်ခွဲ တီးအိုချောင်းကျေးရွာက ဒေသခံတွေကို အမြန်ဆုံးထွက်ခွာဖို့ အချိန် မိနစ် ၃၀ ပေးထားတယ်လို့လည်း CNO/CNDF က ဇူလိုင် ၅ ရက်မှာ အသံချဲ့စက်နဲ့ အသိပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
CNO/CNDF က ချင်းပြည်ကောင်စီဝင် CDF Hualngo ဟွာလ်ငိုးနယ်မြေတွေထဲကို ထိုးစစ်ဆင်လာတာဟာ ချင်းပြည်နယ် တည်ဆောက်ရေးကို အဟန့်အတားဖြစ်စေပြီး နယ်မြေအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာဖို့ လိုလားတယ်လို့ ချင်းပြည်ကောင်စီက ဇွန် ၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
CDF Hualngo (ဟွာလ်ငိုး)ဟာ ချင်းကောင်စီကို ဦးဆောင်ဖွဲ့စည်းတဲ့ ချင်းအမျိုးသားတပ်ဦး(CNA/CNF) အဖွဲ့ဝင်ဖြစ်ပါတယ်။
CNF နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ရိခေါက စစ်ကောင်စီ စခန်း နှစ်ခုကို သိမ်းခဲ့ပြီး ထိန်းချုပ်ထားပါတယ်။
CNDF ကတော့ တီးအိုချောင်းကျေးရွာထဲမှာ တွေ့ဆုံညှိနှိုင်းဖို့ CDF-Hualngo(ဟွာလ်ငိုး) ကနေ ကမ်းလှမ်းခဲ့တာကြောင့် CNDF ရဲဘော်တွေ တီးအိုချောင်းရွာကို ဝင်ရောက်ချိန်မှာ CDF-Hualngo က ဝင်တိုက်တာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ချင်းတောင်ကို တက်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရလို့ ကလေးမြို့ဘက်ကို ပြန်ဆုတ်
စစ်ကိုင်းတိုင်း၊ ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ကနေ ချင်းပြည်နယ်ထဲကို ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့တွေရဲ့တိုက်ခိုက်တာခံရအပြီးမှာ ကလေးမြို့ဘက်ကို ပြန်ဆုတ်နေပြီလို့ ချင်းစစ်ရေးအရင်းအမြစ်က ပြောပါတယ်။
အင်အားရာချီပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်တာကြောင့် ဇူလိုင် ၅ ရက် မနေ့ညနေပိုင်းမှာ ကလေးမြို့ဘက်ကို ပြန်ဆုတ်သွားတာလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ မေ ကစပြီး စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ ချင်းပြည်နယ်အစပ် ကလေး - သိုင်းငင်းလမ်းပေါ်က မွာလ်ပီးရွာမှာ တပ်စွဲနေခဲ့တာပါ။
"အဲဒီရွာမှာက သူတို့စခန်းချဖို့ လုပ်ထားတာရှိတယ်။ အရင်က ကျွန်တော်တို့ သိမ်းထားတဲ့ ကာကင်းစခန်းတွေပေါ့" လို့ ချင်းတော်လှန်ရေး စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
ချင်းတော်လှန်ရေးအဖွဲ့တွေကလည်း ဒီစစ်ကြောင်းကို ချင်းပြည်နယ်ထဲ ဝင်ရောက်မလာနိုင်အောင် တစ်လနီးပါးကြာအောင် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဘီဘီစီက သီးခြားအတည်မပြုနိုင်ပေမဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေရဲ့ ပြောကြားချက်အရ အဲဒီစစ်ကြောင်းမှာ အင်အား ၈၀၀ ဝန်းကျင်လောက်ပါတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းတပ်စွဲထားတဲ့ မွာလ်ပီးကျေးရွာစခန်းကို တိုက်ခိုက်ခဲ့အပြီးမှာ လက်နက်ခဲယမ်းတချို့ ရသလို စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ဆယ်နဲ့ချီပြီး တွေ့ရတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အရှင်ဖမ်းမိတာမရှိဘူးလို့လည်း သိရပါတယ်။
စစ်ကောင်စီကတော့ ချင်းတောင်ကိုတက်တဲ့ စစ်ကြောင်းနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
တိုက်ပွဲတွေကြောင့် ကလေး- သိုင်းငင်းလမ်းကို မေ ၂၀ ရက်ကတည်း ချင်းတော်လှန်ရေးအဖွဲ့တွေက ယာယီပိတ်ထားခဲ့ပြီး မွာလ်ပီးရွာ၊ ထင်းဇန်ရွာ၊ ဟဲန်ဇိန်၊ သိုင်းငင်းနဲ့ ဝုန်ဆဲမ်ရွာက ဒေသခံ တစ်ထောင်ကျော်လည်း စစ်ဘေးရှောင်နေရပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်း ကလေးမြို့နယ်ဘက်ကို နောက်ပြန်ဆုတ်သွားတာကြောင့် လမ်းပြန်ဖွင့်မလားဆိုတာတော့ မသိရသေးပါဘူး။
ဒီစစ်ကြောင်းဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲက ချင်းတော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ သိုင်းငင်းဗျူဟာစခန်းကို ဦးတည်လာတာဖြစ်တယ်လို့ ချင်းတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
သိုင်းငင်းရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းဟာ ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ရဲ့ ဗျူဟာကုန်းတစ်ခု ဖြစ်ပါတယ်။
သိုင်းငင်းရွာဟာ စစ်ကိုင်းတိုင်းထဲကနေ ချင်းပြည်နယ်ကို ဝင်ဖို့ ပြည်နယ်ဝင်ပေါက်ဖြစ်ပြီး ချင်းမြောက်ဖျားပိုင်းက CNF/CNA ပူးပေါင်းတပ်တွေ သိမ်းထားတဲ့ တွန်းဇံကို တက်သွားလို့ရသလို ချင်းညီနောင်သိမ်းထားတဲ့ ဖလမ်းဘက်ကို ဆင်းသွားကာ တောင်ပိုင်းကို ဝင်ရောက်နိုင်ပါတယ်။
ဒါ့ကြောင့် ဒီစစ်ကြောင်းဟာ သိုင်းငင်းစခန်းကို ပြန်ရယူဖို့ ခြေလှမ်းပြင်လာတာလို့ ချင်းတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။