ဂါဇာက ထိုင်းဓားစာခံ ငါးယောက် ပြန်လွတ်လို့ မျက်ရည်စတွေနဲ့ ပျော်ရွှင်

    • ရေးသားသူ, ဘီဘီစီထိုင်းက ပဝီနာ နင်ဘတ်နဲ့ ဂျီရာပွန် ဆရီချမ်း၊ ဖလိုရာ ဒရူရီ
    • ရေးသားပေးပို့သည့်နေရာ, ဘန်ကောက်နဲ့ လန်ဒန်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၂

အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုအတွင်း အဖမ်းခံရပြီး ဂါဇာမှာ ရက် ၅၀၀ လောက် အထိန်းသိမ်းခဲ့ရတဲ့ ထိုင်းလယ်လုပ်သား ငါးယောက်ကို ဟားမတ်စ်က ပြန်လွှတ်ပေးလိုက်ပါပြီ။

ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ကြားက သူတို့ကို အစ္စရေး နှစ်ယောက်နဲ့အတူ ကြက်ခြေနီ အဖွဲ့ဆီ လွှဲပေးခဲ့ပါတယ်။

၂၀၂၃ အောက်တိုဘာက အစ္စရေးတောင်ပိုင်းမှာ အလုပ်လုပ်နေတုန်း ဒီလူ ငါးယောက်လုံး ပြန်ပေးဆွဲခံခဲ့ရတာပါ။

ဒီလို ပြန်လွတ်လာလို့ ဝမ်းသာကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်က ပြောပါတယ်။ သူတို့မိသားစုတွေနဲ့ အမြန်ဆုံး ပြန်ဆုံနိုင်အောင် သူ့အစိုးရနဲ့ အစ္စရေးတို့ လုပ်ဆောင်နေကြောင်းလည်း ဆိုပါတယ်။ ထိုင်းဓားစာခံတယောက်အကြောင်းကတော့ မသိရသေးပါဘူး။

ကျန်နေတဲ့ ထိုင်းနိုင်ငံသား ဘေးကင်းစွာနဲ့ အမြန်ပြန်လွတ်ပြီး ပြန်လာနိုင်ဖို့ မျှော်လင့်ကြောင်းပဲ ထိုင်းဝန်ကြီးချုပ်ရဲ့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။

ပြန်လွတ်သူတွေရဲ့ မိသားစုတွေအတွက်တော့ ဒီနေ့ကို မျှော်ခဲ့ရတာ ကြာပါပြီ။

သူ့သား ပွန်ဆပ် ကြာသပတေးနေ့က ပြန်လွတ်ပြီဆိုတဲ့ ဖုန်းဝင်လာတော့ ဝီလပ်စ် သန္နာ ငိုပါတယ်။

ဘာသတင်းမှ မကြားဘဲ ငြိမ်နေတဲ့အတွက် ဒီလိုနေ့ကို မြင်ရလိမ့်မယ်လို့ မျှော်လင့်မထားကြောင်း ၆၅ နှစ်အရွယ် ဝီလပ်စ်က ဘီဘီစီကို ပြောပါတယ်။

သူ့သား ပြန်လွတ်လာတော့မှာကို သိလို့ ညက မအိပ်နိုင်ကြောင်းလည်း ပြောပါတယ်။

သား အဖမ်းခံရချိန်မှာ ဇနီး ဆုံးသွားလို့ မနည်း အားတင်းထားရတယ်လို့လည်း ဆိုပါတယ်။

ပထမ ငါးလ ခြောက်လအတွင်း ကိုယ်အလေးချိန် အများကြီး ကျသွားပြီး စိတ်ဆင်းရဲလွန်းလို့ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်လည်း မရှိ၊ ဘယ်မှလည်း မသွားချင် ဖြစ်ရကြောင်း၊ အမြဲ ပူပန်နေရကြောင်း သူက ပြောပါတယ်။

သားနဲ့ တွေ့ရင် ဖက်ပြီး အိမ်ပြန်လာဖို့ ပြောမယ်လို့ ဆိုပါတယ်။

သားဖြစ်သူ ဝတ်ချရာ ပြန်လွတ်လာပြီလို့ အတည်ပြုနိုင်လို့ ဝီဝေး ဆီရူဝမ်းလည်း ငိုပါတယ်။

သားနဲ့ ပြန်တွေ့ရင် ဖက်ပြီး ဘယ်လောက်လွမ်းတယ်ဆိုတာ ပြောချင်တယ်လို့ သူက ဆိုပါတယ်။ ဝတ်ချရာရဲ့ သမီး နူဒီးကလည်း အဖေပြန်လာအောင် နေ့တိုင်း ဆုတောင်းနေတာမို့ ပျော်နေပါတယ်။

ဝတ်ချရာရဲ့ ဆွေမျိုးအားလုံး ဥဒွန်ဌာနီက အိမ်မှာ လာစုဝေးပြီး သတင်းစောင့်ကြည့်နေကြတယ်လို့ သူက ဆိုပါတယ်။

မျှော်လင့်ချက်တွေ ရှိခဲ့ပေမယ့် အကြိမ်ကြိမ် အားလျှော့ခဲ့ရကြောင်းလည်း ဝီဝေးက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ညက ဖုန်းရချိန်မှာလည်း သူ့သား အသက်ရှင်လျက် ရှိမရှိက မသေချာသေးပါဘူး။

ဒါနဲ့ ညကြီး အိပ်မရ ဖြစ်ပြီး သူ့ခင်ပွန်းနဲ့အတူ မနက်အစောကြီး ထပြီး တောထဲက ရာဘာပင်တွေ သွားခြစ်ခဲ့ပါတယ်။

ပြန်လွတ်လာတဲ့ ဓားစာခံ ဆတ်သီယန်ရဲ့ နှမငယ် ဆီရင်နာ ဆုဝဏ္ဏခမ်ကတော့ သူ့အကို အသတ်ခံရတဲ့ သက်သေ မရှိလို့ အသက်ရှင်နေတယ်လို့ပဲ မျှော်လင့်ခဲ့ရကြောင်း ပြောပါတယ်။

သူသေတယ်ဆိုရင် သင်္ဂြိုဟ်ဖို့ အလောင်းပြန်ရခဲ့မှာလို့ သူက ဆိုပါတယ်။ အလောင်း ပြန်မရလို့ မျှော်လင့်ချက်ကို မစွန့်လွှတ်ခဲ့ဘူးလို့လည်း ပြောပါတယ်။ အကို မသေသေးလို့ အိမ်ပြန်လာမှာဆိုပြီး အမြဲ မျှော်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပြန်လွတ်လာတဲ့ ဓားစာခံတွေကို ထိုင်းအစိုးရအရာရှိတွေနဲ့ တွေ့ပြီးနောက် အစ္စရေး ဆေးရုံကို ပို့ထားပါတယ်။

၂၀၂၃ အောက်တိုဘာ တိုက်ခိုက်မှုတွေအတွင်း ထိုင်းအလုပ်သမား ၃၁ ယောက်ကို ဖမ်းသွားကြောင်း ထိုင်းအစိုးရက ပြောခဲ့ဖူးပြီး အဲဒီနေ့မှာပဲ တခြား လူ ၃၉ ယောက် အသတ်ခံခဲ့ရပါတယ်။

ဖမ်းသွားတဲ့သူ အများစုကို ၂၀၂၃ နို၀င်ဘာလမှာ ပြန်လွှတ်ပေးခဲ့ပြီး ရှစ်ယောက်ပဲ ဂါဇာမှာ ကျန်ခဲ့ပါတယ်။ ဖမ်းသွားတဲ့အထဲက နှစ်ယောက် သေဆုံးခဲ့ပုံ ရပါတယ်။ နောက်ဆုံးကျန်နေတဲ့ ထိုင်းဓားစာခံ နာတာပွန် ပင်တာရဲ့ အကြောင်းကိုလည်း မသိရသေးပါဘူး။

ဒီတိုက်ခိုက်မှုအတွင်း အဖမ်းခံရတဲ့ နိုင်ငံခြား အလုပ်သမားအားလုံးလိုလိုက ထိုင်းတွေ ဖြစ်ပါတယ်။ အစ္စရေးမှာ ထိုင်း သုံးသောင်းလောက် လာပြီး စိုက်ခင်းတွေမှာ လုပ်ကြလို့ အစ္စရေးမှာ အကြီးဆုံး ရွှေ့ပြောင်း အလုပ်သမားအုပ်စု တစု ဖြစ်ပါတယ်။

ဟားမတ်စ်နဲ့ ထိုင်းအစိုးရကြား သီးခြား သဘောတူညီမှုနဲ့ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်က ရခဲ့တဲ့ အစ္စရေး-ဟားမတ်စ် အပစ်ရပ်စဲရေး သဘောတူညီမှုနဲ့ မသက်ဆိုင်ပါဘူး။