ဝန်ထမ်းအနိုင်ကျင့်မှု တိုင်ကြားချက် စုံစမ်းမှုအပြီး ဗြိတိန် ဒုဝန်ကြီးချုပ် နုတ်ထွက်

ရေးသားခဲ့သည်။

ဝန်ထမ်းတွေကို အနိုင်ကျင့်မှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ထိပ်တန်းရှေ့နေတစ်ဦး ဦးဆောင် စုံစမ်းစစ်ဆေးနေမှုကနေ အစီရင်ခံစာ ထွက်လာအပြီး ဒုဝန်ကြီးချုပ် ဒေါမနစ် ရာ့ဘ် ရာထူးကနေ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဘောရစ် ဂျွန်ဆင် လက်ထက် တရားရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ ဝန်ကြီးချုပ်ဟောင်း ထရီစာ မေ လက်ထက် အီးယူ ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နုတ်ထွက်ရေးဆိုင်ရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းက ဒေါမနစ် ရာ့ဘ်ဟာ သူ့လက်အောက်က ဝန်ထမ်းတွေအပေါ် အနိုင်ကျင့်မှုတွေ ရှိခဲ့တယ်လို့ ဝန်ထမ်း အနည်းဆုံး ၂၄ ဦးက တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီဝန်ထမ်းတွေရဲ့ တရားဝင် တိုင်ကြားစာ ၈ စောင်ကို ထိပ်တန်း ရှေ့နေ တော်လီ ကေစီ က ဦးဆောင်စုံစမ်းစစ်ဆေးခဲ့တာပါ။ စုံစမ်းမှုပြီးဆုံးတဲ့နောက် အစီရင်ခံစာကို ဝန်ကြီးချုပ် ရီရှီ ဆူးနက်ကို ပေးအပ်ခဲ့အပြီး တစ်ရက်အကြာမှာ ဒေါမနစ် ရာ့ဘ် ရာထူးကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

ဒေါမနစ် ရာ့ဘ်ကတော့ ဒီစွပ်စွဲချက်တွေကို စဉ်ဆက်မပြတ် ငြင်းဆိုခဲ့ပြီး အစီရင်ခံစာ တွေ့ရှိချက်ထဲမှာ သူ့အပေါ်စွပ်စွဲချက် တွေထဲမှာ နှစ်ခုကလွဲလို့ ကျန်တာအားလုံးကို ပယ်ချခဲ့တယ်လို့ ဖော်ပြထားကြောင်း ဒေါမနစ် ရာ့ဘ်က သူ့ရဲ့ နုတ်ထွက်စာထဲမှာ ရေးထားပါတယ်။

စုံစမ်းစစ်ဆေးမှုက အနိုင်ကျင့်မှုတွေရှိတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ့ရှိခဲ့ရင် ရာထူးက နုတ်ထွက်မယ်လို့ သူက ကတိပေးထားခဲ့ပါတယ်။

ဒါ့အပြင် စုံစမ်းတွေ့ရှိမှုတွေက အားနည်းချွတ်ယွင်းချက်တွေ ရှိတယ်လို့လည်း တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ရီရှီဆူးနက်ကတော့ မှတ်ချက် မပေးသေးပါဘူး။

မစ္စတာ ရာ့ဘ်ဟာ သူများတွေကို သေးသိမ်အောင် အတော်အသင့် လုပ်ခဲ့နိုင်ပြီး အဲဒါက ဝန်ထမ်းတချို့ ငိုယိုတာတွေ ဖြစ်စေခဲ့တယ်လို့ ဒီစုံစမ်းမှုထဲမှာ မပါတဲ့ မစ္စတာရပ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။

ဒီစုံစမ်းမှုထဲမှာ မစ္စတာရာ့ဘ်အပါအဝင် ဒါဇင်နဲ့ချီတဲ့လူတွေ သက်သေထွက်ဆိုခဲ့ကြပါတယ်။