ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မုန်တိုင်းနောက်ထပ် လာနိုင်ခြေ ရှိသလား
ဇွန်လ ၅ ရက်က နေ ၁၀ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ခြေရှိတာကြောင့် သတိပြုစောင့်ကြည့်ဖို့လိုအပ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
မိုခါမုန်တိုင်းအပြီးမှာ ဖြစ်ပေါ်နေတဲ့ ရာသီဥတုအခြေအနေတွေအရ မုန်တိုင်းနောက်ထပ် ဖြစ်ပေါ်နိုင်ခြေရှိတယ်ဆိုတဲ့ ခန့်မှန်းတွက်ချက်ပြောဆိုမှုတွေရှိနေလို့ ဒီအခြေအနေတွေကို မိုးလေဝသဌာနနဲ့ သီးခြားသုတေသီတချို့ကို မေးမြန်းပြီး သူတို့ရဲ့ ခန့်မှန်းတွက်ချက်မှုတွေကို ဖော်ပြလိုက်ပါတယ်။
မိုးဇလရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းထုတ်ပြန်ချက်မှာတော့ လေထုမငြိမ်မသက်မှုဖြစ်ပေါ်ရာက လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ခြေ ရှိတယ်လို့ ဖော်ပြခဲ့တာပါ။
လေထုမငြိမ်သက်မှုဟာ လေဖိအားနည်းရပ်ဝန်းအဆင့်နဲ့ပဲပြီးမလား၊ မုန်တိုင်းအဆင့်ရောက်လာမလားဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေပဲ ရှိသေးတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
ဒါကြောင့် အခုအခါ မိုးဇလအနေနဲ့ လေဖိအားနည်း ရပ်ဝန်း ဖြစ်နိုင်ခြေရှိတယ်၊ ဇွန်လ ၅ ရက်ကနေ ၁၀ ရက်အတွင်း မိုးရွာတာတွေများပြီး လေပြင်းတိုက်တာတွေ သတိပေးဖို့ ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် “လေဖိအားနည်းရပ်ဝန်းဖြစ်ပြီးမှသာ သူ့ရဲ့ လမ်းကြောင်းခန့်မှန်းတာတို့၊ ပြင်းအားခန့်မှန်းတာတို့က မှန်ကန်မှု ရာခိုင်နှုန်းပိုများတာပေါ့” လို့ သူက ပြောပါတယ်။
ဒါကြောင့် မုန်တိုင်းဖြစ်ခဲ့ရင် ဘယ်ကိုသွားမလဲဆိုတာ စောင့်ကြည့်ဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အရပ်ဘက် သုတေသီတချို့ကတော့ အဲဒီလေဖိနည်းရပ်ဝန်းဟာ အားကောင်းလာပြီး မုန်တိုင်းအဆင့်အထိ ဖြစ်ပေါ်ခဲ့ရင် ရခိုင်ပြည်နယ်ကိုလည်း ဝင်ရောက်နိုင်တာကြောင့် လက်ရှိမှာ ရခိုင်ပြည်နယ်ဟာ အန္တရာယ်ရှိအဆင့်မှာ ကျရောက်နေတယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။
မိုးလေဝသလေ့လာသုံးသပ်သူတွေရဲ့ ကြိုတင်ခန့်မှန်းချက်မှုတွေအရ မုန်တိုင်းလမ်းကြောင်းဟာ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကို ဦးတည်ရွေ့လျားနိုင်သလို ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဦးတည်ရွေ့လျားသွားနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီလေဖိအားနည်းရပ်ဝန်းနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်ဟာ အန္တရာယ်ရှိအဆင့်မှာ ကျရောက်နေပြီး လာမယ့် ဇွန်လ ၈ ရက်နေ့နဲ့ ၉ ရက်နေ့အတွင်း နာမည်တပ်နိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြစ်လာဖို့ ရာနှုန်းပြည့် သေချာတယ်လို့ အရပ်ဘက် မိုးလေဝလေ့လာစောင့်ကြည့်ရေး သုတေသီတစ်ဦးက ပြောပါတယ်။
ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းအဆင့်ဖြစ်ခဲ့ရင် မိုခါဆိုင်ကလုန်းမုန်တိုင်းလောက် ပြင်းထန်မှုမရှိဘဲ အဖျက်စွမ်းအားက မိုခါရဲ့ ၃ ပုံ ၁ပုံလောက်တော့ ပြင်းထန်နိုင်မယ်လို့ ခန့်မှန်တွက်ချက်ရကြောင်း အရပ်ဘက် မိုးလေဝသ လေ့လာစောင့်ကြည့်ရေးသုတေသီ ဦးဝင်းနိုင်က ပြောပါတယ်။
ဒါ့အပြင် အာရေဗျပင်လယ်မှာ မုန်တိုင်း ၂ လုံးနဲ့ ဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်း ၁ လုံး စုစုပေါင်းမုန်တိုင်း ၃ လုံးဖြစ်ပေါ်နေပြီး ဘယ်မုန်တိုင်းက ပထမဆုံး ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်ရှိမယ်လို့ အတိအကျ တွက်ချက်ခန့်မှန်းလို့ မရသေးဘူးလို့ ပြောပါတယ်။
ဒါကြောင့် မုန်တိုင်းကို အလှည့်ကျ ပေးထားတဲ့ နာမည်တပ်ရမှာဖြစ်လို့ အခုချိန်မှာ အမည်တပ် ပြောဆိုမှု မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။
လက်ရှိမှာလည်း ဖိလစ်ပိုင်ပင်လယ်က စတင်ခဲ့တဲ့ မုန်တိုင်း ပစိဖိတ်အနောက်မြောက်ပိုင်းမှာ “ မဝါ” အမည်ရှိ မုန်တိုင်းတစ်လုံးဖြစ်ပေါ်နေပြီး
အရှေ့-အရှေ့မြောက်ဘက်သို့ ရွေ့လျားနေကြောင်း၊ အိုကီနာဝါကျွန်းရဲ့ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၁၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုကာ အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်တယ်ကြောင်း မိုးဇလက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့အတွင်း ရခိုင်ပြည်နယ်ကို မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါး ပျက်စီးခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်စတဲ့ ဒေသတွေမှာလည်း ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။