ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းမူကြိုတိုက်ခိုက်မှုမှာ သေဆုံးခဲ့ရသူတွေ ကို နောက်ဆုံးနှုတ်ဆက်ကြ
လော်ရာ ဘစ်ကာ၊ ဆူချာဒါ ပွိုင်ဆက်
ဘီဘီစီ၊ နွန်ဘူရာလမ်ဖူ၊ ထိုင်း
အူထိုင်ဆာဝမ်မြို့မှာ ထိုင်းနိုင်ငံရဲ့ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် မူကြိုကျောင်း သတ်ဖြတ်ခံရမှုမှာ ပါသွားတဲ့ သူတွေအတွက် နောက်ဆုံး နှုတ်ဆက်ပွဲ စျာပန လုပ်ဖို့ ပြင်ဆင်နေတဲ့ အချိန် မစ်ခ်လို့ နာမည်ပြောင်ပေးထားတဲ့ အသက်သုံးနှစ်အရွယ် ကရီ ဆာခွန်ရီအန်ချာအိုရန်တစ်ယောက် ဆေးရုံမှာ ပြန်သတိရလာပါပြီ။
သူ အသက်ပြန်ရှင်နိုင်ပါ့မလားလို့ ဆရာဝန်တွေက စိုးရိမ်ခဲ့ကြတာပါ။ သူဟာ လူ ၃၆ ဦး သေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း နွန်ဘူရာလမ်ဖူ မူကြိုကျောင်းတိုက်ခိုက်ခံရမှုမှာ ဓားနဲ့ အခုတ်ခံရပြီး ခေါင်းမှာ အကြီးအကျယ်ဒဏ်ရာရလို့ ဆေးရုံမှာ အသက်လုနေရတဲ့ ကလေးတစ်ယောက်ပါ။
ရဲအရာရှိဟောင်း ပန်ညာကမ်ရပ်က ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက မြို့တွင်းမှာ သေနတ်နှင့် ဓားကိုင်ပြီး တွေ့တဲ့လူတွေကို ခုတ်ထစ်သတ်ဖြတ်တာတွေ လုပ်ခဲ့ပါတယ်။ သူသွားတိုက်ခိုက်မယ့် ကလေး၂၃ ဦးသေဆုံးခဲ့တဲ့ မူကြိုကျောင်းကို မရောက်ခင်လမ်းမှာ တွေ့တဲ့ လူတွေကိုလည်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။
မစ်ခ်၊ မစ်ခ်အမေ၊ မစ်ခ်အဖွားတွေ စီးလာတဲ့ သုံးဘီးဆိုင်ကယ်ကို သူ့ကားနဲ့နောက်ကဝင်တိုက်ပြီး၊ ကားပေါ်ကဆင်း ဓားနဲ့ ခုတ်ခဲ့ပါတယ်။
မစ်ခ်ရဲ့ အဖိုးဆီမှာတွေ့ရတဲ့ ဗီဒီယိုတွေထဲမှာတော့ အနီးနားကမြို့ အူဒုံထာနီမြို့ ဆေးရုံက အထူးကြပ်မတ်ကုသဆောင်မှာ ပတ်တီးအပြည့်နဲ့ ကုသမှုခံယူနေတဲ့ မစ်ခ်ကို တွေ့ရပါတယ်။
အခုတော့ မစ်ခ် အသက်ရှင်နေပါပြီ။ သူစကားစပြန်ပြောတဲ့အချိန်မှာ သူအရင်ဆုံးမေးတာက သူ့အမေအကြောင်းပါ။
ဒါပေမယ့် အသက် ၃၁ နှစ်အရွယ် မစ်ခ်ရဲ့ အမေ ဗာနီဒါရူအန်ချာရွန်တစ်ယောက်ကတော့ ဆေးရုံမှာ သူ့သားလေးကို လာမကြည့်နိုင်တော့ပါဘူး။
အခုဆို သူ့အမေရဲ့ ဓာတ်ပုံလေးဟာ သူ့အကြိုက်ဆုံးပစ္စည်းတွေဝန်းရံထားတဲ့ ခေါင်းတလားတစ်ခုပေါ်ကို ရောက်နေပါပြီ။ ရုပ်အလောင်းကို ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ပြင်ဆင်ထားတာပါ။ အဲဒီမှာလည်း လူအပြည့်နဲ့ပါ။
အဲဒီမြို့က ဘုန်းကြီးကျောင်း သုံးကျောင်းမှာ မူကြိုကျောင်းပစ်ခတ်ခံရမှုအတွင်း သေဆုံးသွားတဲ့ သူတွေရဲ့ ခေါင်းတလားတွေကို ခွဲပြီးထားထားပါတယ်။
အဲဒီမှာ သေသူတွေရဲ့ ဆွေမျိုးတွေက အနက်ရောင်ဝတ်စုံတွေဝတ်လို့ ရှေ့ဆုံးတန်းက ကုလားထိုင်တွေမှာ နေရာယူ ထိုင်နေကြပြီး သေသွားတဲ့ သူတို့ချစ်ခင်ရတဲ့သူတွေရဲ့ ဓာတ်ပုံတွေကို ရွှေပေါင်ကွပ်ထားတဲ့ မှန်တွေနဲ့ထည့်ပြီး ကိုင်ထားကြပါတယ်။
ကြွေလွင့်သွားခဲ့ရသူကလေးတို့ရဲ့ ဓာတ်ပုံ
ဓာတ်ပုံတွေထဲမှာ ကျောင်းဆုပေးတဲ့နေ့ကျရင် စကပ်ဝတ်လာခဲ့လို့ ပြောခံရလို့ မျက်မှောင်ကြုပ်နေတဲ့ ပုံနဲ့တွေ့ရတဲ့ ယောက်ျားလေးတစ်ယောက်လို ဝတ်ဆင်ထားတဲ့ အသက်သုံး နှစ်အရွယ် မော်ဒယ်လေးရဲ့ပုံ၊ ဒိုင်နိုဆောတွေကို ချစ်တဲ့ အသက်သုံးနှစ် ပါတရာဝတ်ရဲ့ပုံ၊ ပြီးတော့ ခရုတွေကို သဘောကျတယ်ဆိုတဲ့ နှစ်နှစ်သားလေး ကပ္ပတိန်တို့ရဲ့ပုံတွေကို တွေ့ရပါတယ်။
လူသတ်သမားရဲ့လက်ချက်နဲ့ မူကြိုက ကလေး၂၃ ဦး အသတ်ခံရပြီး တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။
ဒီနေ့ဟာ လေးရက်ကြာ ဈာပန အခမ်းအနားရဲ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။ လူဦးရေ ၆၀၀၀ လောက်ရှိ တဲ့ ဒီမြို့လေးက အိမ်ထောင်စုတိုင်းနီးပါးကလူတွေကို အသက်ပေးသွားတဲ့ လူတွေအတွက် နောက်ဆုံးလာနှုတ်ဆက်နိုင်ဖို့ အချိန်ပေးထားတာဖြစ်ပါတယ်။
ရာတန်မာလာပင်ဟာ နေထွက်ကတည်းက အဲဒီနေရာကိုရောက်နေတာပါ။ လေးနှစ်အရွယ် သူ့ သား လေး သာနာကွန်ရဲ့ ပုံတူရှေ့မှာ အရုပ်ထရပ်ကားနှင့် ဘောလုံးကို နေရာချပြင်ဆင်နေပါတယ်။
မိခင်သောက
သူ့သားနေ့လယ်စာအတွက် ဒိုးနတ်မုန့်တွေကို ယူလာပြီး "သားလေး အိပ်ပြီးပြီလား၊ ထမင်းကောစားပြီးပြီလား" လို့ မေးနေပါတယ်။
ဒါဟာ ကြေကွဲစရာ မြင်ကွင်းတစ်ခုဖြစ်ပေမဲ့ အဲဒီလို သားလေးအတွက် စားစရာယူလာပြီးပေးလိုက်ရတာဟာ သူ့စိတ်ကို တစ်စုံတစ်ရာ နှစ်သိမ့်မှုတော့ ပေးနိုင်ပါလိမ့်မယ်။
ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့နိုင်ငံဖြစ်ပြီး သေသွားတဲ့ သူတွေရဲ့ ဝိညာဉ်ကို ပျော်အောင်ထားဖို့က ကျန်ရစ်တဲ့ ဆွေမျိုးတွေအတွက် အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။
သူတို့ကိုရည်စူးပြီး ဆွမ်းကပ်တာ ၊ ကုသိုလ် ကောင်းမှုပြုပေးတာတွေက သေလွန်သူတို့ နောက်ဘဝမှာ ကောင်းကောင်းမွန်နေထိုင်နိုင်ရေးအတွက် မလုပ်မဖြစ် ကိစ္စတစ်ခုပါ။
ဝမ်းနည်းပူဆွေးနေရတဲ့သူက တစ်ယောက်တည်းမဟုတ်သလို ပတ်ဝန်းကျင်ကလည်း မတိတ်ဆိတ်နေပါဘူး။ အသံချဲ့စက်တွေကလည်း သေသူတွေရဲ့ နာမည်တွေကို ရွတ်ပီး ဆုတောင်းပေးနေပါတယ်။
အပြင်ဘက်မှာလည်း ယာဉ်ထိန်းရဲတွေက ဝီစီတွေ တဝီဝီနဲ့ သေသွားတဲ့လူတွေကို နောက်ဆုံးလာနှုတ်ဆက်ကြတဲ့ အနက်ရောင်ဝတ်စုံတွေနဲ့ လူအုပ်ကြီးအတွက် လမ်းရှင်း ပေးနေတာ တွေ့ရပါတယ်။
လာရောက်နှုတ်ဆက်အားပေးကြသူ လူအုပ်ကြီးအတွက် စားစရာတွေကို ပြင်ဆင်ပေးနေကြတဲ့ အမျိုးသမီးတွေကိုလည်း တွေ့ရပါတယ်။
လူတိုင်းက သူတို့တတ်နိုင်တဲ့ပုံစံနဲ့ သေသွားတဲ့သူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို စိတ်ပိုင်းနဲ့ရုပ်ပိုင်း ကူဖို့ ကြိုးစားနေကြတာပါ၊
ဒီလူ့အဖွဲ့အစည်းကလူတွေက သူတို့ ဝမ်းအနည်းဆုံးအချိန်မှာ၊ သူတို့ရဲ့ အားကောင်းသန်မာမှုကို ပြဖို့ကြိုး စားနေကြတာလို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မစ်ခ်ရဲ့ အဖိုးက သမီးဖြစ်သူကို နှုတ်ဆက်ဖို့ ဘုန်းကြီးကျောင်းသို့ သွားရောက်ခဲ့ပြီး သူ့သားလေး အသက်ရှင်နေသေးကြောင်း သူ့သမီးကို ပြောပြခဲ့ပါတယ်။
“သူတို့သားအမိတွေကြားက သံယောဇဉ်က အရမ်းကြီးတယ်” လို့ အသက် ၅၈ နှစ် အရွယ် ပူအန်ချိုင် ကန်က ပြောပါတယ်။ "သူတို့နှစ်ယောက်ကို အတူတွေ့ရတဲ့အချိန် တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ သံယောဇဥ်ကို တွေ့ရတော့ ဝမ်းသာကျေနပ်မိတယ်။ အခုလို ဆုံးရှုံးလိုက်ရတဲ့အတွက် အရမ်းတုန်လှုပ်မိတယ်။ ဘာတွေဖြစ်ခဲ့လဲဆိုတာ အခုထိ သေချာပြန်တွေးကြည်လို့ မရသေးဘူးဗျာ"
သူ့အမျိုးသမီး မစ်ခ်ရဲ့အဖွား ကလည်း အခုအချိန်ထိ ဆေးရုံတက်နေရတုန်းပါ။ ဒါပေမယ့် တဖြည်းဖြည်းချင်း ပြန်သက်သာလာပြီလို့ သူက ပြောပါတယ်။
အဖွားက မစ်ခ်ကို ဂရုတစိုက်နဲ့ စောင့်ရှောက်တတ်တဲ့သူဖြစ်ပြီး၊ မစ်ခ် ထမင်းသေချာချာ စားမစားကိုတောင် စောင့်ကြည့်ပြီး ကျွေးတာတွေ လုပ်ပေးတတ်တယ်လို့ အိမ်နီးချင်းတွေ အပြောအရ သိရပါတယ်။
သူ့သမီးကို နောက်ဆုံးနှုတ်ဆက်ဖို့သွားရမယ့် ပူအန်မှာ ကျေးဇူးတင်ရမယ့် အိမ်နီးချင်း တစ်ယောက်ရှိပါတယ်။ အဲဒီသူက မစ်ခ်ကို အသက်ပေးကယ်ခဲ့တဲ့ သူပါ။
မစ်ခ်၊ သူ့အမေနဲ့ သူ့အဖွားတို့ ဓားနဲ့ ခုတ်ခံခဲ့ရတဲ့အချိန်မှာ ဝင်တားခဲ့တဲ့ ဗာရန်ချီ ပရပါဆပွန်လည်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ကျွန်မအကိုက လူသတ်သမားကို “ရပ်လိုက်၊ တော်လောက်ပီ၊ လုပ်နေတာရပ်လိုက်တော့ “ လို့အော်ခဲ့တာလို့ သူ့ညီမ သီဝါပွန်ဂျန်ဒါဟတ်က ပြန်ပြောပြပါတယ်။
“ကျွန်မအကိုကသာ လူသတ်သမားကို ဝင်မတားဘူးဆိုရင် လူတွေပိုသေကြမှာလို့ အိမ်နီး ချင်းတွေက ပြန်ပြောကြတယ်။ လူတွေက အကို့ကို ဂါဝရပြုပြီးလာကြပြီး သူ့ကို ကျေးဇူးတင် စကားသွား ပြောကြတယ်”
အူထိုင်ဆာဝန်က လူတွေ ဘယ်လိုရှေ့ဆက်ကြမှာလဲ
တိုက်ခိုက်မှုကို မျက်စိနဲ့ကိုယ်တိုင်မြင်ခဲ့ရတဲ့ နာမည်မဖော်လိုတဲ့ ဒေသခံတာဝန်ရှိတဲ့ သူတစ်ဦးက ဆိုးရွားရက်စက်လွန်းတဲ့ ပုံတွေ ခေါင်းထဲမှာရှိနေသေးတဲ့ အတွက် အိပ်လို့ မရဘူးလို့ ပြောပါတယ်။
ချစ်ရတဲ့သူတွေ ဆုံးရှုံးသွားတဲ့ မိသားစုဝင်တွေကို ဘယ်လို အကူအညီပေးလို့ရမလဲ။ ပြီးတော့ အရင်လိုပုံမှန်အတိုင်းအခြေအနေ ပြန်မဖြစ်လာမှာကိုလည်း သူ စိုးရိမ်တဲ့ အကြောင်း ပြော ပြပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ ဒီစျာပအခမ်းအနားကနေ ကျန်ရစ်သူမိသားစုတွေအတွက် စိတ်သက်သာစရာ အနည်းဆုံးတစ်ခုခုတော့ လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်။
“ကလေးတွေရဲ့ ဝိညာဉ်တွေကို စိတ်မပူကြဖို့ မစိုးရိမ်ကြဖို့ ပြောပေးကြပါ။ ကလေးတွေရဲ့ စိတ်ဝိဉာဉ်တွေ ကောင်းကင်ဘုံကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားနိုင်ကြပါစေ” လို့ သူက ပြောခဲ့ပါတယ်။