ဓားစာခံတွေ ပြန်လွှတ်မပေးမချင်း ဂါဇာကို အထောက်အပံ့ ခွင့်မပြုဘူးလို့ အစ္စရေးပြော-အောက်တိုဘာလ ၁၂ ရက် ညနေပိုင်း သတင်းများ

ရေးသားခဲ့သည်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်ပိုင်း တိုက်ခိုက်မှုအတွင်း ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ဓားစာခံ အများအပြားကို ပြန်လွှတ်မပေးမချင်း ဂါဇာဒေသကို အခြေခံလိုအပ်ချက် အရင်းအမြစ်တွေ ဒါမှမဟုတ် လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေးအထောက်အပံ့တွေ ပေးဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ အစ္စရေးအစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အစ္စရေးအစိုးရဟာ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေကို မျက်ကွယ်ပြုနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကို အစ္စရေးသမ္မတ အိုင်ဇက် ဟာဇော့ဂ်က အခိုင်အမာ ငြင်းဆိုခဲ့ပါတယ်။

ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အစ္စရေးကို လာတရားပြလို့ မရဘူးလို့ အစ္စရေး စွမ်းအင်ဝန်ကြီး အစ္စရေးလ် ကက်ဇ် က ပြောပါတယ်။

ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က တောင်းဆိုထားပြီး ဂါဇာဒေသကို အစ္စရေးက လုံးဝ ပိတ်ဆို့ထားခြင်းအားဖြင့် အဲဒီမှာရှိတဲ့ ဆေးရုံတွေဟာ လူသေအလောင်းတွေနဲ့ ပြည့်နေတဲ့ ရေခဲတိုက်တွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

ဂါဇာဒေသမှာ စားနပ်ရိက္ခာနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေတွေ ပြတ်တောက်လာနေပြီ ဖြစ်ပြီး မိလ္လာအညစ်အကြေးတွေလည်း လမ်းတချို့မှာ စုပုံလာနေပြီ ဖြစ်ပါတယ်။

အစ္စရေးရဲ့ မပြတ် ဗုံးကြဲတိုက်ခိုက်နေမှုတွေကြောင့် အခုအခါ လူပေါင်း ၁၃၅၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စရေးကို မယိမ်းမယိုင် ဆက်ထောက်ခံ အားပေးသွားမယ်လို့ အမေရိကန်ပြော

အစ္စရေးနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က အစ္စရေးနိုင်ငံကို အမေရိကန်အစိုးရက မယိမ်းမယိုင် ထောက်ခံအားပေးသွားမှာဖြစ်ကြောင်း အာမခံ ပြောကြားခဲ့ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို အခွင့်ကောင်းမယူကြဖို့ သူ့ရဲ့ ရန်ဘက်နိုင်ငံတွေကို သတိပေးလိုက်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ညာဟုနဲ့ တဲလ်ဗိဗ်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ် မစ္စတာ ဘလင်ကင်က အစ္စရေးကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးမှာ ဖြစ်ကြောင်းနဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ဖွဲ့ရေးကို ထောက်ခံကြောင်း ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

အစ္စရေးနိုင်ငံအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ရှိကြောင်းနဲ့ ပြီးခဲ့တဲ့ သီတင်းရက်ကုန်ပိုင်းက ဟားမတ်စ်လက်နက်ကိုင်တွေ လုပ်ခဲ့တဲ့ တိုက်ခိုက်မှုမျိုး နောက်ဘယ်တော့မှ မဖြစ်စေဖို့ အသေအချာ ကာကွယ်သင့်ကြောင်း သူက ပြောသွားပါတယ်။

ဒါပေမဲ့လည်း ဒီလက်နက်ကိုင်တွေဟာ ပါလက်စတိုင်းတွေ ဒါမှမဟုတ် သူတို့ရဲ့ တရားဝင် မျှော်မှန်းချက်တွေကိုတော့ ကိုယ်စားမပြုကြောင်း သူက ပြောသွားခဲ့ပြီး ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ အရပ်သားတွေကို ထိခိုက်အန္တရာယ်မပြုအောင် အတတ်နိုင်ဆုံး သတိထားလုပ်ဆောင်သင့်တယ်လို့ အလေးအနက် ပြောသွားခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်း ကျဆင်း

တရုတ်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်က ၁၀ ရာခိုင်နှုန်း ထိုးကျသွားခဲ့ပြီး စံချိန်သစ် တင်ရလောက်အောင် နိမ့်ကျသွားခဲ့ပါတယ်။

ကလေးမွေးဖွားမှုပေါင်း ၉ သန်းကျော်လောက်သာ မှတ်ပုံတင်ခဲ့တာလို့ သိရပါတယ်။

အခုအခါ ဖျက်သိမ်းလိုက်ပြီ ဖြစ်တဲ့ အရင် တစ်အိမ်ထောင် ကလေးတစ်ယောက်နှုန်း မူဝါဒကြောင့် လူဦးရေ ကျဆင်းသွားမှာကို စိုးရိမ်နေတဲ့ တရုတ်အစိုးရက ပြည်သူတွေကို ကလေးယူကြအောင် တိုက်တွန်းဖို့ ကြိုးစားနေတာပါ။

မနှစ်တုန်းက တရုတ် လူဦးရေဟာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၁ ဒဿမ ၄၁ ဘီလျံအထိ ကျဆင်းသွားခဲ့ပါတယ်။

ကလေး စောင့်ရှောက်ရေး စရိတ်တွေနဲ့ ငွေကြေးမက်လုံးတွေ တိုးမြှင့်ပေးခဲ့တဲ့ကြားက အခုနှစ်မှာ ကလေးမွေးဖွားနှုန်းဟာ ၉ သန်းအောက် ကျဆင်းသွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

Unification Church ခရစ်ယာန် အသင်းတော် ဖျက်သိမ်းခွင့် ဂျပန်အစိုးရ လျှောက်ထား

ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး လုပ်ကြံခံခဲ့ရပြီးကတည်းက လူတွေအာရုံစိုက်ခံခဲ့ရတဲ့ အချေအတင်အငြင်းပွားစရာ Unification Church ခရစ်ယာန် အသင်းတော်ကို ဖျက်သိမ်းပစ်ခွင့် အမိန့် လျှောက်ထားတယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။

တရားဝင် လျှောက်ထားချက်ကို မနက်ဖြန် သောကြာနေ့ကျရင် တရားရုံးမှာ တင်ပြမယ်လို့ ယူဆရပါတယ်။

အသင်းတော် ဖျက်သိမ်းလိုက်ခြင်းအားဖြင့် အဲဒီအသင်းတော်ကို ဘာသာရေးအသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ထားမှု ပယ်ဖျက်ခံရမှာ ဖြစ်ပြီး အခွန်ကင်းလွတ်မှု ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။

မစ္စတာ အာဘေးကို လုပ်ကြံခဲ့သူက သူ့မိခင်ကို အဲဒီ အသင်းတော်က အတင်း အလှူငွေတောင်းခဲ့တဲ့အတွက် ဒေဝါလီခံခဲ့ရအပြီးမှာ အသင်းတော်နဲ့ ဆက်နွှယ်နေတယ်ဆိုတဲ့ မစ္စတာ အာဘေးကို ပစ်မှတ်ထား လုပ်ကြံခဲ့တာလို့ ထွက်ဆိုခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ကနေ ဒီအသင်းတော်နဲ့ ဂျပန် နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ရန်ပုံငွေ ရှာဖွေမှုလုပ်ရပ်တွေမှာ နီးစပ်တဲ့ ဆက်နွှယ်မှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။