ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုဝင်ဘာ ၈ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - Y8 အပါအဝင် စစ်ဘက်သုံး လေယာဥ်နဲ့ ရဟတ်ယာဥ်သစ် ၅ စင်း စစ်တပ်ထုတ်ပြ
လေယာဉ်/ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားပြုလုပ်ပြီး မြန်မာစစ်တပ်က စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးလေယာဥ် Y8 ၂ စီး အပါအဝင် လေယာဥ်နဲ့ ရဟတ်ယာဥ်သစ် ၅ စင်း ကို ထုတ်ပြလာပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်တဲ့ အဲဒီအခမ်းအနားကို နိုဝင်ဘာ ၇ ရက်က နေပြည်တော်လေတပ်စခန်းမှာ ပြုလုပ်ခဲ့တာပါ။
အခု စစ်တပ်ထုတ်ပြပြီး တပ်တော်ဝင်တဲ့ Y8-F200W နှစ်စင်း ဟာ ဒီနှစ် မေလနဲ့ ဇွန်လတွေမှာ တရုတ်ကနေ ဝယ်ယူခဲ့တာဖြစ်ပါတယ်။
အမြီးနံပါတ် ၅၉၂၃ နဲ့ ၅၉၂၄ နံပါတ်နဲ့ Y 8 နှစ်စင်း ကို တရုတ်နိုင်ငံ၊ ကူမင်းလေဆိပ်မှာ ဆိုက်ကပ်ထားတာကို ပြီးခဲ့တဲ့ ဇွန်လက Myanmar Witness က ရှာဖွေဖော်ထုတ်ခဲ့ပြီး ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ခဲ့ဖူးပါတယ်။
Myanmar Witness က မြန်မာက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဂြိုလ်တုပုံရိပ်တွေက တဆင့်မှတ်တမ်းတွေကို ဆန်းစစ်ဖော်ထုတ်တဲ့ အရပ်ဖက်အဖွဲ့အစည်းဖြစ်ပါတယ်။
သယ်ယူပို့ဆောင်ရေးလေယာဥ်ဖြစ်ပေမဲ့ မြန်မာစစ်တပ်ဟာ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာပါ ဒီလေယာဥ်အမျိုးအစားတွေကို သုံးနေတယ်လို့ CDM လေတပ်အရာရှိအသိုင်းအဝိုင်းက ပြောထားသလို တိုင်းရင်းသားနဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်တချို့ကလည်း ထုတ်ပြောထားပါတယ်။
Y8 လေယာဥ်အသစ်တစ်စီးရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၅ သန်းကနေ သန်း ၄၀ အထိ ရှိနိုင် ပြီး အဟောင်းဆိုရင် ဒေါ်လာ ၁၀ သန်းအောက်ရှိတယ်လို့ လေတပ်အသိုင်းအဝိုင်းက ၂၀၂၁ မတိုင်ခင်ဝယ်ယူခဲ့တဲ့လေယာဥ်တန်ဖိုးအပေါ်အခြေခံပြီး ဘီဘီစီကို ဇွန်လထဲမှာ ဖြေထားပါတယ်။
စစ်တပ်ဟာ Y8 အပြင် ရုရှားထုတ် Mi 38 သုံးစီးကိုလည်း ထုတ်ပြခဲ့ပါတယ်။
Mi 38 ဟာ အလတ်စားဘက်စုံသုံးရဟတ်ယာဥ်ဖြစ်ပြီး မြန်မာကို ဒီနှစ်စက်တင်ဘာထဲမှာ ရောက်လာတာလို့ CDM စစ်သားအသိုင်းအဝိုင်းဆီက သိရှိရပါတယ်။
ဒီ ၃ စီးရဲ့ တန်ဖိုးဟာ ယူရိုသန်း ၆၀ ဝန်းကျင်ရှိတယ်လို့ဆိုပါတယ်။
Mi38 ၃ စင်းမှာ ၂ စင်းက ယူရို ၁၈ သန်းကျော်ဖြစ်ပြီး VIP အသုံးပြုဖို့အတွက် ပြုပြင်ထားတဲ့ ၁ စင်းက ယူရို ၂၁ သန်းကျော်ရှိတာကို CDM လေတပ်အသိုင်းအဝိုင်းက သူတို့ရရှိထားတဲ့အချက်အလက်ကိုပြောပါတယ်။
"Mi 38 ကအရင်က စစ်တပ်မှာမရှိဖူးဘူး။ အခုမှစပိုင်ဆိုင်တာပေါ့။ ဘက်စုံသုံးလေယာဥ်ဖြစ်လို့ ပွိုင့် 5 နဲ့ စက်သေနတ်တပ်လို့ရမယ်။ Mi17 ထက် ၂ ဆပိုသယ်ယူနိုင်တယ်" လို့ CDM ဗိုလ်ကြီးဇင်ယော်က ဘီဘီစီကိုပြောပါတယ်။
စစ်တပ်ဟာ ၁၉၈၈ ခုနှစ်ကစလို့ တရုတ်ဆီကနေ Y8 ၁၀ စီးဝယ်ယူခဲ့ပြီးဖြစ်တယ်လို့ လေတပ်CDM အသိုင်းအဝိုင်းကနေသိရပါတယ်။
၂၀၁၁ခုနှစ်ကနေ ၂၀၂၅ခုနှစ်အထိ ၁၅နှစ်တာကာလအတွင်း စစ်တပ်ပိုင်လေယာဉ်/ ရဟတ်ယာဉ်တွေ တပ်တော်ဝင်တဲ့အခမ်းအနားကို ၁၅ကြိမ် ကျင်းပခဲ့ပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောပါတယ်။
ချင်းပြည်နယ် ဝင်ပေါက်အဖြစ် အရေးပါတဲ့ သိုင်းငင်း ကို စစ်တပ်ထိုးစစ်ဝင်ရောက်နေ
စစ်ကိုင်းတိုင်းထဲကနေ ချင်းပြည်နယ်ကိုဝင်ဖို့ အရေးပါတဲ့ ဝင်ပေါက်ဖြစ်နေတဲ့ သိုင်းငင်းရွာကို စစ်တပ်ရဲ့ တီးတိန်မြို့ပေါ် က ထိုးလာတဲ့ စစ်ကြောင်းက နိုဝင်ဘာ ၇ ရက်ညပိုင်းမှာ သိုင်းငင်းရွာကို ဝင်လာတယ်လို့ PDF Zoland တာဝန်ရှိသူနဲ့ CDF CDM SIYIN တာဝန်ရှိသူတို့က ဘီဘီစီကိုပြောပါတယ်။
သိုင်းငင်းကို စစ်ကိုင်းတိုင်း၊ ကလေးဘက်က စစ်ကြောင်းတစ်ကြောင်းနဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ဘက်က စစ်ကြောင်းတစ်ကြောင်း တပြိုင်နက် ထိုးလာတာဖြစ်ပါတယ်။
ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ရဲ့ ဗျူဟာကုန်းရှိတဲ့ သိုင်းငင်းဟာ ချင်းတောင်ပိုင်းနဲ့ မြောက်ပိုင်းလမ်းဆုံဖြစ်ပြီး ချင်းပြည်ထဲကို ဝင်နိုင်ဖို့ ဗျူဟာအကျဆုံးနေရာတစ်ခု ဖြစ်ပါတယ်။
အင်အား ၄၀၀ လောက်နဲ့ စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၂၉ ရက်ကစပြီး ဒေသခံတချို့ကို ဓားစာခံလုပ်ကာ တီးတိန်ကနေ သိုင်းငင်းဖက် ဦးတည်စစ်ကြောင်းထိုးလာတာလို့ ချင်းညီနောင်ကလည်း မနေ့က ထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ Mi17 နဲ့ တီးတိန်မြို့ အခြေစိုက် ခလရ ၂၆၉ ကို ၂၆ ကြိမ်ဆင်းသက်ကာ တပ်အင်အား ၅၀၀ လောက်ဖြည့်ပြီး ဒီလမ်းကြောင်းကို စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
"မနေ့ည ၈ နာရီလောက် ရှေ့ဆုံးကအဖွဲ့တချို့ သိုင်းငင်းရောက်တယ်။ တချို့တီးတိန်ဘက်ကို နောက် ဆုတ်သွားတယ်" လို့ PDF Zoland တာဝန်ရှိသူက ပြောပါတယ်။
နိုဝင်ဘာ ၆ ရက်အထိ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၄၀ သေဆုံးပြီး စစ်သုံ့ပန်းတချို့ဖမ်းမိကာ ထွက်ပြေးနေသူတချို့လည်းရှိတယ်လို့ CB က ထုတ်ပြန်ပါတယ်။
စစ်တပ်ဘက် အဓမ္မပြုကျင့်ခဲ့တဲ့အမျိုးသမီး ၁ ဦးအပါအဝင် အရပ်သား ၁၄ ဦးကိုလည်း CB က ကယ်တင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
"ကလေးဘက်ကလာတဲ့ စစ်ကြောင်းကတော့ မွာလ်ပီးရွာမှာပဲရှိသေးတယ်" လို့ CDF CDM SIYIN တာဝန်ရှိသူက ပြောပါတယ်။
ဒီနှစ်မေလတုန်းကလည်း ကလေး-သိုင်းငင်းလမ်းအတိုင်း အင်အား ၈၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်း တက်လာခဲ့ပေမဲ့ မွာလ်ပီးနဲ့ ထင်းဇန်ရွာအကြားကနေ မကျော်နိုင်ဘဲ ပြန်ဆုတ်သွားခဲ့ရပါတယ်။
သိုင်းငင်းကို CNF/CNA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ဇန်နဝါရီ ၁၆ ရက်မှာ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
သိုင်းငင်းဘက်တက်လာတဲ့စစ်ကြောင်းကို ချင်းညီနောင်ရော ချင်းပြည်ကောင်စီတပ်တွေကော ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သိရရှိရပြီး သိုင်းငင်းက အခြေအနေနဲ့ပတ်သက်လို့ CBနဲ့ CC ပြောရေးဆိုခွင့်ရှိသူတွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
Non-State Actor တွေက လေကြောင်းဆိုင်ရာအရင်းအမြစ်တွေ သုံးနိုင်အောင် ကြိုးစားနေတယ်လို့ စစ်ခေါင်းဆောင်ပြော
Non-State Actor တွေဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဝိသမစီးပွားရှာလိုတဲ့ အဖွဲ့အစည်းတွေက လေကြောင်းဆိုင်ရာ အရင်းအမြစ်တွေကို ပိုင်ဆိုင်အသုံးပြုလာနိုင်အောင် ကြိုးပမ်းနေကြတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
နိုဝင်ဘာ ၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ လေယာဥ်နဲ့ ရဟတ်ယာဥ်တပ်တော်ဝင် အခမ်းအနားမှာ သူကအဲဒီလို ထည့်ပြောခဲ့တာပါ။
သူက လေကြောင်းဆိုင်ရာ အရင်းအမြစ်လို့ ပြောပြီး ဘယ်လိုအမျိုးအစားဖြစ်တယ်ဆိုတာကို မပြောပေမဲ့ လေယာဥ်ပစ်လက်နက်တွေနဲ့ Jammer လို လေကြောင်းရန်ကာကွယ်ရေးလက်နက်ကိရိယာတွေကို ဆိုလိုတယ်လို့ နားလည်ရကြောင်း စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
နိုင်ငံတကာမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများသာမက ပြည်တွင်းမှာ ဖြစ်ပေါ်ကြုံတွေ့ရတဲ့ အခြေအနေအရပ်ရပ်များမှာ လေယာဉ်/ ရဟတ်ယာဉ်၊ ဒရုန်းနဲ့ ယူအေဗွီများအပါအဝင် လေကြောင်းစွမ်းအားအရင်းအမြစ်က မရှိမဖြစ်လိုအပ်တာကို တွေ့ရတယ်လို့လည်း စစ်ခေါင်းဆောင်က သူ့တပ်ဖွဲ့ဝင်တွေကို ထည့်ပြောပါတယ်။
အဲဒီတပ်တော်ဝင်အခမ်းအနားမှာ စစ်ခေါင်းဆောင်အပြောအရ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ၁၅ နှစ်တာကာလအတွင်း လေယာဉ်/ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားတွေကို ၁၅ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီး တပ်မတော် (လေ) ကို အင်အားဖြည့်တင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း စစ်အာဏာသိမ်း ၄ နှစ်ခွဲကျော် ကာလအတွင်းမှာ မြန်မာစစ်တပ်ရဲ့ တိုက်လေယာဥ်နဲ့ စစ်ရဟတ်ယာဥ်တွေ မကြုံဖူးလောက်အောင်ကို ဆုံးရှုံးမှုများခဲ့တဲ့ဖြစ်စဥ်တွေရှိခဲ့ပါတယ်။ ပျက်ကျခဲ့တာနဲ့ ပစ်ချခံရတဲ့ဖြစ်စဥ်တွေမှာ စက်ချို့ယွင်းတာကြောင့် လေယာဥ်ပျက်စီးမှုပေါင်း ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပါတယ်။
စစ်တပ်ဘက်ကလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အားသာချက်ဖြစ်တဲ့ ဒရုန်းတိုက်ခိုက်ရေးကို အမီလိုက် လေ့ကျင့်ပြင်ဆင်တာတွေလုပ်ခဲ့ပြီး တစ်ဖက်မှာလည်း တရုတ်ထုတ်နည်းပညာမြင့် ဒရုန်းကာကွယ်ရေးစနစ်တွေ ပိုသုံးလာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSIက ဆိုပါတယ်။
ဒါပေမဲ့ ၂၀၂၃ နဲ့ ၂၀၂၄ မှာ ထိန်းချုပ်နယ်မြေဆယ်နဲ့ချီကို လက်လွှတ်ခဲ့ရတဲ့ မြန်မာစစ်တပ်ဟာ ၂၀၂၅ နယ်မြေတွေ ပြန်ရဖို့အတွက် လေကြောင်းသုံးတိုက်ခိုက်မှုတွေကို အားပြုလုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြထားပြီး မြန်မာစစ်တပ်ကို အရေးယူပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကိုတောင်းဆိုနေကြပါတယ်။
ထိုင်းမှာ တားမြစ်ချိန်အတွင်း အရက်သောက်ရင် ဘတ် ၁ သောင်းနဲ့ အထက် ငွေဒဏ်ပေးရမယ်
ဒီနေ့ကစပြီး စတင်အသက်ဝင်တဲ့ ထိုင်းယစ်မျိုးထိန်းချုပ်ရေးဥပဒေအရ တားမြစ်ချိန်အတွင်း ဒါမှမဟုတ် တားမြစ်ထားတဲ့ နေရာတွေမှာ အရက်သောက်ရင် ဒါမှမဟုတ် ရောင်းချရင် ဘတ်ငွေ ၁၀,၀၀၀ ဒါမှမဟုတ် ဒီထက်ပိုတဲ့ ဒဏ်ငွေပေးဆောင်ရမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းမှာ ၁၉၇၂ ခုနှစ်ကနေ ၂၀၂၅ နိုဝင်ဘာ ၇ ရက် အထိ လက်လီဆိုင်တွေနဲ့ စူပါမားကတ်တွေမှာ မွန်းလွဲ ၂ နာရီကနေ ညနေ ၅ နာရီအထိ အရက်ရောင်းချခွင့် ပိတ်ပင်ထားပြီး အခုထပ်တင်းကျပ်လိုက်တဲ့ ဥပဒေမှာတော့ သောက်သုံးသူတွေအပေါ်မှာပါ သက်ရောက်လာတာ ဖြစ်ပါတယ်။
လိုင်စင်ရ ဖျော်ဖြေရေးနေရာတွေ၊ ဟိုတယ်တွေ၊ နိုင်ငံခြားခရီးသွားနေရာတွေနဲ့ နိုင်ငံတကာလေကြောင်းလိုင်းတွေဆိုက်ကပ်တဲ့ လေဆိပ်တွေမှာတော့ ဒီအချက်ကို ကင်းလွတ်ခွင့် ပေးထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဆိုပါတယ်။
အရက်ယမကာကြော်ငြာတဲ့အပိုင်းမှာလည်း အချက်အလက်ဖော်ပြပုံလောက်သာ ကြော်ငြာဖို့နဲ့ အနုပညာရှင်တွေ၊ အင်ဖလူရန်ဇာတွေ ဒါမှမဟုတ် နာမည်ကြီးသူတွေကို အရက်ယမကာ ကြော်ငြာခွင့် ပိတ်ပင်လိုက်ပါတယ်။
သောက်သုံးသူတွေအထိ စည်းကြပ်လိုက်တဲ့ ဒီဥပဒေကြောင့် စားသောက်ဆိုင်တွေအပေါ် သက်ရောက်မှု ရှိလာနိုင်တာနဲ့ အစိုးရအရာရှိတွေက ပုဂ္ဂိုလ်ရေးအကျိုးမြတ်အတွက် ဒဏ်ရိုက်တာတွေ ရှိလာနိုင်တာကို စိုးရိမ်မှုတွေရှိနေတယ်လို့ ထိုင်းသတင်းက ဖော်ပြပါတယ်။
အေအေထိန်းချုပ်ထားတဲ့ မင်းပြား မြို့သစ်ရပ်ကွက် လေကြောင်းဗုံးကြဲခံရလို့ ၅ ဦးသေဆုံး
စစ်တပ်က မနေ့ နိုဝင်ဘာ ၇ ရက် ညပိုင်းမှာ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရဲ့ မြို့သစ်ရပ်ကွက်ထဲကို တိုက်လေယာဥ်နဲ့ လေကြောင်းဗုံးကြဲတာကြောင့် စစ်ရှောင်တွေအပါအဝင် အရပ်သား ၅ ဦးသေဆုံးတယ်လို့ ဒေသခံ၂ ဦး က ဘီဘီစီ ကို ပြောပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူက ၁၀ ဦးထက်မနည်းရှိတယ်လို့ မင်းပြားမြို့န ယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
မြို့သစ်ရပ်ကွက်ထဲက အမျိုးသား ၂ ဦးဟာ လေကြောင်းဗုံးကြောင့် ပွဲချင်းပြီးသေဆုံးကာ နောက်ထပ် ၃ ဦးက ပြင်းထန်ဒဏ်ရာတွေနဲ့ရရှိပြီးမှ ဆေးကုသမှုခံယူချိန် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။
စစ်တပ်ဟာ အခုရက်ပိုင်းမှာ ရန်ကုန်- စစ်တွေ ကားလမ်းမကြီးပေါ်က စစ်တွေမြို့နဲ့ ကပ်လျက်မြို့နယ်တွေကို လေကြောင်းဖိအားပေးတိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးရင်းမြစ်က ပြောပါတယ်။
မနေ့ကလည်း အဲဒီလမ်းမကြီးပေါ်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်စံပြကျေးရွာကို လေကြောင်းဗုံးကြဲတာကြောင့် ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့တယ်လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးရဲ့ အချက် အလက်အရ သိရပါတယ်။
နိုဝင်ဘာ ၇ ရက်ဟာ အာရက္ခတပ်တော် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မွေးနေ့ဖြစ်တာကြောင့် ရခိုင်ပြည်နယ်ထဲကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ပိုလုပ်ပြတာလို့ စစ်ရေးရင်းမြစ်က သူ့အမြင်ကို ကောက်ချက်ချပါတယ်။
အာရက္ခတပ်တော် အေအေဟာ MNDAA၊ TNLAနဲ့ AA တို့ပါဝင်တဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့မှာ စစ်တပ်နဲ့ အပစ်မရပ်ဘဲ ကျန်ရှိတဲ့ တစ်ဖွဲ့တည်းသော တပ်ဖွဲ့ဖြစ်ပါတယ်။
MDY PDF ထိန်းချုပ် မတ္တရာ၊ဆည်တော်ကြီးတဝိုက်ကို ပြန်သိမ်းလိုက်ပြီလို့ စစ်တပ်ထုတ်ပြန်
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက MDY PDF ထိန်းချုပ်ထားတဲ့ ဆည်တော်ကြီးရေလှောင်တမံ၊ နယ်မြေခံတပ်ဌာနချုပ်နဲ့ အဲဒီတဝိုက်က ပတ်ဝန်းကျင်နေရာတွေကို နိုဝင်ဘာ ၇ ရက် မှာ ပြန်သိမ်းခဲ့တယ်လို့ စစ်ကော်မရှင်က ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီနယ်တကြောမှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ) ရဲ့ တာဝန်ရှိသူနဲ့ နယ်မြေအခြေအနေသိရှိသူကလည်း စစ်တပ်က နေရာပြန်ယူသွားတယ်ဆိုတာကို အတည်ပြုပါတယ်။
"အခုက ဆည်တော်ကြီးတကြော မန္တလေး-မြစ်ကြီးနားလမ်းမကြီးပေါ်က တံငါမြောက်ရွာဘက်မှာ တပ်ချင်းဆိုင်ထားတဲ့ အနေအထားရှိတယ်" လို့ မြေပြင်အခြေအနေသိရှိသူက ဘီဘီစီကိုပြောပါတယ်။
ဆည်တော်ကြီးကို ထိန်းချုပ်ထားတဲ့ MDY PDF ကတော့ သတင်းထုတ်ပြန်တာမရှိသေးသလို ပြန်ကြားရေး ကိုအော်စမွန်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။
ဆည်တော်ကြီးရေလှောင်တမံဟာ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်း အစပ်မှာရှိပြီး မတ္တရာမြို့ပေါ်နဲ့ ၂၃ မိုင်ကျော်အကွာမှာရှိတာပါ။
အောက်တိုဘာ ၂၀ ရက်ကစပြီး ဒီနေရာတဝိုက်ကို စစ်ကြောင်း ၅ ကြောင်းနဲ့ ဝင်တိုက်ခဲ့တာလို့ စစ်ကော်မရှင်ကဆိုပါတယ်။
"အင်ကြင်းမြိုင် လေကြောင်းရန် ၁၀၁၄ တပ်ကို ပြန်သိမ်းလိုက်တယ်။ ဒါကိုသိမ်းပြီးရင် စစ်ရေးအရ စိန်ခေါ်ချက်သိပ်မရှိပေမဲ့ မတ္တရာက ရွေးကောက်ပွဲ ဒုတိယပိုင်းလုပ်မှာဖြစ်လို့ ဖိအားပေးလာတာပေါ့" လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
အဲဒီလေကြောင်းရန်တပ်စခန်းကို မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ နှစ်လယ်ပိုင်းကတည်းက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲ ၁၉ ရက်အတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ စစ်တပ်ကထုတ်ပြန်ပါတယ်။
ဆည်တော်ကြီးရှိတဲ့ မတ္တရာ အရှေ့မြောက်ဘက်ကို စစ်တပ်က စစ်ကြောင်းထိုးနေတာက လေကြောင်းရန်တပ်နဲ့ စဉ့်ကူးဘက်ကို ထိုးစစ်ဆက်ဖောက်ဖို့အတွက် ဗျူဟာဖြစ်တယ်လို့ မတ္တရာပကဖအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကိုဒေါင်းက ဘီဘီစီကို အစောပိုင်းက ပြောထားပါတယ်။
တစ်ရက်အတွင်း စဥ့်ကူးက ရွာ ၃ ရွာ လေကြောင်းဗုံးကြဲခံရ
နိုဝင်ဘာ ၇ ရက် တစ်ရက်တည်းအတွင်းမှာပဲ စစ်တပ်ဟာ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက ရွှေပြည်ရွာ၊ ညောင်ကုန်းရွာနဲ့ ရွှေပန်းတောရွာတွေကို လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ စဥ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ကိုသံမဏိ က ပြောပါတယ်။
ဒီရွာ ၃ ရွာမှာ တိုက်လေယာဥ်နဲ့ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
"ဒီရက်ပိုင်းကတော့ စဥ့်ကူးကော သပိတ်ကျင်းကော လေကြောင်းတိုက်တာတော့ ဆက်တိုက်ပဲ" လို့ ပြင်ဦးလွင်ခရိုင် ပကဖတာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မနေ့က နေ့လယ်ပိုင်းမှာ ရွှေပြည်ရွာက စာသင်ကျောင်းအတွင်းကို လေကြောင်းဗုံးကြဲတာကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ စဥ့်ကူး ပကဖရဲ့ အချက်အလက်အရသိရပါတယ်။
အဲဒီနေ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ ရွှေပြည်ရွာရဲ့ ကျောင်းအရှေ့ ဘက်ကိုထပ်ကြဲသလို ညောင်ကုန်းရွာနဲ့ ရွှေပန်းတောရွာကိုပါ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ဟာ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းဘက်ကို လေကြောင်းဖိအားပေးတာ တွေ စစ်ကူနဲ့ ရိက္ခာလမ်းကြောင်း ပိတ်ဆို့ဖြတ်တောက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး မြေပြင် စစ်ကြောင်းထိုးတာလည်းရှိနေတယ်လို့ တော်လှန်ရေးတပ်တွေကပြောထားပါတယ်။