ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားသိမ်းထားတဲ့ ယူကရိန်း ခါဆန်ဒေသကို ပူတင် သွားရောက်လည်ပတ်
ကက်သရင်း အန်းစထရောင်း၊ ဘီဘီစီသတင်း
ရုရှားတပ်တွေ သိမ်းပိုက်ထားတဲ့ ယူကရိန်းနိုင်ငံထဲက ခါဆန်ဒေသကို ရုရှားသမ္မတ ဗလာဒီမီယာပူတင် သွားရောက်လည်ပတ်ခဲ့ပါတယ်။
အဲ့ဒီခရီးစဥ်အတွင်းမှာ ရုရှားတပ်မှူးတွေရဲ့ သတင်းပေးပို့တင်ပြချက်ကို နားထောင်ဖို့ စစ်ဘက်ဆိုင်ရာ အစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့ကြောင်း ရုရှားအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မစ္စတာပူတင်ဟာ လူဟန့်စ်ဒေသကိုလည်း သွားရောက်လည်ပတ်ခဲ့တယ်လို့ ယူဆရပါတယ်။ ခါဆန်နဲ့ လူဟန့်စ်ဒေသတွေကို မနှစ်တုန်းက ရုရှားက သိမ်းပိုက်ထားခဲ့တာပါ။
မတ်လတုန်းကလည်း ယူကရိန်းထဲက မာရီယိုပိုးလ်မြို့ကို ရုတ်တရက် သွားရောက်လည်ပတ်ခဲ့သေး ပေမဲ့ ရုရှားခေါင်းဆောင် ပူတင်အတွက် ဒီလိုခရီးစဥ်မျိုးက ရှားရှားပါးပါး ခရီးစဥ်လို့ ပြောရမှာပါ။
ခါဆန်ဒေသကို ပူတင် ဘယ်အချိန်က သွားရောက်ခဲ့လဲဆိုတာ အတိအကျမသိရပေမဲ့ သူ့ ခရီးစဉ်ကနေ ထွက်လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ အီစတာအားလပ်ရက် “လာတော့မယ်”လို့ ပြောထား တဲ့အတွက် လွန်ခဲ့တဲ့ ရက်အနည်းငယ်က သွားခဲ့တယ်လို့ ယူဆရပါတယ်။အော်သိုဒေါ့ အီစတာကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တာပါ။
ပူတင်ရဲ့ အဲဒီခရီးစဥ်ဟာ ကြိုတင်ပြင်ဆင်ထားတဲ့ ခရီးစဥ်တစ်ခုမဟုတ်ဘူးလို့ ရုရှားအစိုးရက ပြောပါတယ်။
သူတို့ နိုင်ငံရဲ့ အစိတ်အပိုင်းနယ်မြေတစ်ခုလို့ ရုရှားအစိုးရကပြောနေတဲ့ ဇာပိုရီရှားဒေသ အခြေ အနေကို သမ္မတပူတင်က မေးမြန်းခဲ့တယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြကြပါတယ်။
စစ်ရေးတွေ့ဆုံပွဲမှာလည်း ပူတင်က တပ်မှူးတွေရဲ့တာဝန်တွေကနေ အာရုံထွေပြားအောင် သူမလုပ်ချင်ဘူးလို့ ပြောခဲ့ပြီး “အဲ့ဒီက အခြေအနေတွေ ဘယ်လိုတိုးတက်မှုတွေရှိနေလဲ၊ သတင်းဖလှယ်ဖို့၊ သတင်းတွေ နား ထောင်ဖို့က အရေးကြီးတယ်” လို့ ပြောကြားခဲ့ပါတယ်။
ခါဆန်မြို့ ဟာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ရုရှားတပ်တွေသိမ်းပိုက်နိုင်ခဲ့တဲ့ ဒေသတွင်းမြို့တော်တစ်ခုဖြစ်ပေပေမဲ့ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ခါဆန်မြို့ကနေ ရုရှားတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီဒေသတချို့ကိုတော့ ရုရှားက ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
ရုရှားအစိုးရအဖွဲ့ရုံးစိုက်ရာ ကရင်မလင်နန်းတော်က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ ရဟတ်ယာဉ်ပေါ်က ပူတင် ဆင်းလာတာ၊ ပြီးတော့ စစ်ရေးဆွေးနွေးပွဲလုပ်ပြီး ရဟတ်ယာဥ်နဲ့ လူဟန့်စ်ကို ရောက်သွား တဲ့ပုံတွေ တွေ့ရပါတယ်။ အဲ့ဒီမှာ ပူတင်ကို ဗိုလ်ချုပ်ကြီး မာကာရီဗစ်ချ် လို့ ယူဆရတဲ့ စစ်ဝတ်စုံဝတ် အမျိုးသားတစ်ဦးက ကြိုဆိုတာတွေ့ရပါတယ်။
ဗိုလ်ချုပ်ကြီး မာကာရီဗစ်ခ်ျနဲ့ ရုရှားလေကြောင်းချီတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးမစ်ခေးလ် တက်ပ် လင်စကီတို့ကြား အလယ်မှာထိုင်ပြီး စစ်ရေးဆွေးနွေးပွဲမှာ ပူတင်စကားပြောတာကို ဗီဒီယိုထဲမှာ ရိုက်ကူး ထားပါတယ်။
ဗိုလ်ချုပ်ကြီး တက်ပ်လင်းစကီးဟာ ဇန်နဝါရီလတုန်းက ရာထူးကဖယ်ရှားခံရတယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက် ရှေ့တန်းကို ပြန်လည်ရောက်ရှိလာတာဖြစ်တယ်လို့ အမေရိကန်စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ယူကေ ထောက်လှမ်းရေးတွေက သတင်းထုတ်ပြန်ထားပါတယ်။
"တပ်ပ်လင်းစကီးဟာ ရုရှားစစ်တပ်ထဲမှာ လေးစားမှုခံရတဲ့ ရုရှားအကြီးတန်း စစ်ဗိုလ်ချုပ် အနည်း ငယ်ထဲက တစ်ယောက်ဖြစ်နိုင်တယ်"လို့ ယူကေကာကွယ်ရေးဝန်ကြီးဌာနကလည်း တနင်္ဂနွေနေ့ တုန်းက လူမှုကွန်ရက်မီဒီယာမှာ ရေးထားတာတွေ့ရပါတယ်။
“သူ့ရဲ့ မတည်ငြိမ်တဲ့ လတ်တလော ရာထူးတာဝန်ထမ်းဆောင်မှုအခြေအနေက ယူကရိန်းမှာ ရုရှားရဲ့ စစ်ရေးချဉ်းကပ်မှုနဲ့ ပတ်သက်ပြီး ရုရှားဗိုလ်ချုပ်ကြီးအတွင်းမှာ အဖွဲ့တွေကွဲနေတာ၊ တင်းမာမှုတွေ ပြင်းထန်နေတာကို ပြသနေပါတယ်။”
အဲ့ဒီဗီဒီယိုရဲ့ အနောက်ပိုင်းမှာလည်း မစ္စတာပူတင်က ရုရှားစစ်တပ်ရဲ့ ၁၉ ရာစု အအောင်မြင်ဆုံး ကာကွယ်ရေးဝန်ကြီးတွေထဲက တစ်ဦးပိုင်ခဲ့ဖူးတယ်ဆိုတဲ့ ရုပ်တုငယ်တစ်ခု ပုံတူကို တပ်ဖွဲ့တွေကို အမှတ်တရပေးခဲ့ပါတယ်။
ပူတင် ခါဆန်ဒေသကို သွားခဲ့တယ်ဆိုတဲ့ ဗီဒီယိုထဲမှာ ဘီဘီစီက အတည်ပြုနိုင်တဲ့အချက်တစ်ခုက ဟိုတယ် ဘေးက "ခါဆန်ဒေသမှာ နောက်မှတွေ့မယ်" ဆိုတဲ့ ဆိုင်းဘုတ်က ခါဆန်ဒေသက ဖြစ်တယ်ဆိုတာ ဖြစ်ပါတယ်။ အဲဒီနောက် အဲဒီဒေသထဲက ကမ်းခြေရွာတစ်ခုကို ဝေဟင်က ရိုက်ထားတဲ့ မြင်ကွင်းတချို့ တွေ့ရပါတယ်။
ဒါပေမယ့် ရုရှားသမ္မတခရီးစဥ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုရိုက်ချက်တွေကိုတော့ ဘီဘီစီက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဗီဒီယိုထဲမှာ စစ်ရေးဆွေးနွေးပွဲအပြီး မစ္စတာပူတင် ရဟတ်ယာဉ်ပေါ်ကနေ နောက်ထပ် အဝတ်အစားတစ်စုံနဲ့ နောက်တစ်ခေါက် ပြန်ဆင်းလာတာကိုတွေ့ရပြီး၊ သူ့ကို ဦးခေါ်ဆောင် သွားတဲ့သူက ရုရှားမြေပြင်တပ်ဖွဲ့မှူး ဗိုလ်ချုပ်ကြီး အလက်ဇန်ဒါးလက်ပလင် ဖြစ်ပါတယ်။
ရုရှားက သိမ်းပိုက်ထားတဲ့ လူဟန့်စ်ဒေသက ရုရှားအမျိုးသားအစောင့်တပ်ဖွဲ့ရဲ့ ဗော့စတော့ ဌာနချုပ်ကိုလည်း မစ္စတာပူတင် သွားရောက်ခဲ့ကြောင်း ကရင်မလင်နန်းတော်က ထုတ် ပြန်ထားပါတယ်။
ယူကရိန်း အာဏာပိုင်တွေဘက်ကတော့ ပူတင်ရဲ့ ခရီးစဥ် ဒီဗီဒီယိုနဲ့ ပတ်သက်ပြီး အခုထိ မှတ်ချက်ပေးတာ မရှိသေးပါဘူး။