ဒီဇင်ဘာ ၂၉ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - တရုတ်စီမံကိန်းကြီးတွေရှိတဲ့ရခိုင်အရေး နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ အသင့်ရှိတယ်လို့ အေအေပြော

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၃

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်(အေအေ)ရဲ့ နယ်မြေထိန်းချုပ်မှုနဲ့အတူ တရုတ် ရင်းနှီးမြှုပ်နှံ စီမံကိန်းကြီးတွေကိုပါ ထိန်းချုပ်မှုရှိလာချိန်မှာပဲ စစ်ရေးနည်းထက် နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ အသင့်ရှိတဲ့အကြောင်း အေအေရဲ့ နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) က ထုတ်ပြောလာပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခင်းအကျင်းတွေ၊ အဖြစ်အပျက်တွေကို စစ်ရေးနဲ့ ဖြေရှင်းတာထက် နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ အမြဲအသင့်ရှိတယ်လို့လည်း ULA က ဒီဇင်ဘာ ၂၉ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ထည့်ပြောပါတယ်။

ဒါ့အပြင် ပြည်နယ် အကျိုးစီးပွားနဲ့ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုမယ့် ဘယ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမျိုးမဆို အသိအမှတ်ပြုကြိုဆိုပြီး ကာကွယ်သွားမယ်လို့လည်း ဆိုပါတယ်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊ စီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသူတွေရဲ့ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို အေအေက အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်မယ်လို့ ပြောပါတယ်။

ဒါတင်မက ရင်းနှီးမြှုပ်နှံမှုတွေ၊ စီမံကိန်းတွေကို ဆက်ပြီးလည်ပတ်နိုင်ဖို့အတွက် အေအေအဖွဲ့အနေနဲ့ အဲဒီကုမ္ပဏီတွေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း လိုလားတဲ့အကြောင်း ထုတ်ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ဦး‌ဆောင်မှုအောက်မှာ တရုတ်-မြန်မာ ချစ်ကြည်ရေး၊ အကြမ်းဖက်မှုတွေ ပပျောက်ရေး၊ အွန်လိုင်းလောင်းကစား တိုက်ဖျက်ရေး ကဏ္ဍတွေမှာလည်း မဟာမိတ်ညီနောင်အဖွဲ့တွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ့ (ISP-Myanmar)ရဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၁ ခုရှိပြီး ၁၀ ခုကို အေအေက ထိန်းချုပ်ထားပါတယ်။

အေအေက တစိတ်တပိုင်း ထိန်းချုပ်ထားတဲ့ တရုတ်စီမံကိန်းတွေထဲမှာ အမေရိကန်ဒေါ်လာ ၉.၆ ဘီလျံတန်ဖိုးရှိတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်း၊ ဒေါ်လာ ၁.၀၉ ဘီလျံ တန်ဖိုးရှိတဲ့ တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ဒေါ်လာ ၁.၅ ဘီလျံတန်ဖိုးရှိတဲ့ ရေနံပိုက်လိုင်းတွေပါဝင်တယ်လို့ ISP-Myanmar က ထုတ်ပြန်ထားပါတယ်။

ဂွမြို့မှာကျန်နေတဲ့စစ်ကောင်စီခြေမြန်တပ်ကို အေအေသိမ်း

ရခိုင်ပြည်နယ်၊ ဂွမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမှတ် ၅၆၂ ခြေမြန်တပ်ရင်း(ခမရ ၅၆၂) ကို အာရက္ခတပ်တော်(အေအေ)က သိမ်းလိုက်ပြီဖြစ်တဲ့ အတွက် ဂွမြို့ကို အေအေက ထိန်းချုပ်နိုင်ပြီလို့ စစ်ရေးအရင်းအမြစ်တွေက ဘီဘီစီ ကို အတည်ပြုပါတယ်။

အေအေဟာ ခမရ ၅၆၂ ကို ဒီဇင်ဘာ တတိယပတ်ကစလို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းမှာ ထိန်းချုပ်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။

"အပြီးသတ် ရလိုက်ပြီ၊ စစ်ကောင်စီ အယောက် ၆၀ လောက် အရှင်ဖမ်းမိတယ်၊ လက်နက်ချ အလံဖြူထောင်တာမဟုတ်ဘူး။ ကျန်တာတွေက ထွက်ပြေးသွားတယ်။ ရာထူးကြီးတွေထဲက ပါတယ်လို့တော့ သိထားပေမဲ့ ရာထူးအဆင့်တော့ မသိရသေးဘူး"လို့ စစ်ရေးအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။

ခမရ ၅၆၂ နဲ့ ဂွမြို့ထဲကနေ တင့်ကားတွေကိုလည်း ရရှိထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ထွက်ပြေးသွားကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ထွက်ပြေးရတဲ့အထဲမှာ ဧရာဝတီတိုင်းကနေ အင်အားဖြည့် စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ပါတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲအတွင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့ပြီး ခမရ ၅၆၂ ကို အေအေ သိမ်းပိုက်နိုင်ပြီးနောက်ပိုင်းအထိ ဆက်ရှိနေခဲ့တယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

ဂွ - ငသိုင်းချောင်းမှာရှိတဲ့ ဗောဓိတံတားလည်း ပျက်စီးသွားပါတယ်။

ဂွက စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး အေအေက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အခု ဂွမြို့ပါ အပါအဝင်ဆိုရင် ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ်ပေါင်း ၁၇ မြို့နယ်မှာ အေအေ သိမ်းပိုက်နိုင်တဲ့မြို့ပေါင်း ၁၄ မြို့ ဖြစ်လာပါတယ်။

အေအေက စခန်းအားလုံးသိမ်းထားတဲ့ဂွမြို့နယ်ထဲ ပြန်ဝင်ဖို့ စစ်တပ်အင်အားဖြည့်နေ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို အာရက္ခ တပ်တော်(အေအေ)က ဒီဇင်ဘာ ၂၉ ရက် နေ့လယ်မှာ အပြီးသတ် သိမ်းပိုက်နိုင်ပြီလို့ အေအေပြောခွင့်ရ ဦးခိုင်သုခက အတည်ပြုပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံချေမှုန်းနေသလို စစ်ကောင်စီတပ်ကလည်း ဂွမြို့နယ်ထဲကို စစ်ကူ အင်အားထည့်ဖြည့်ပြီး ပြန်ဝင် ရောက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် ဂွမြို့နယ်ဝန်းကျင်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို စစ်ကောင်စီ ကလည်း လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းထဲက ရေတပ်ကလည်း ကမ်းသာယာကမ်းခြေနားကနေ လက်နက်ကြီးတွေနဲ့ ကူညီပစ်ခတ်နေကြတယ်လို့ ခိုင်သုခက ပြောပါတယ်။

မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကတော့ အေအေဟာ ဂွမြို့ထဲက စစ်ကောင်စီတပ်ရဲ့ လက်ကျန်စခန်းဖြစ်တဲ့ အမှတ် ၅၆၂ ခြေမြန်တပ်ရင်း (ခမရ ၅၆၂) ကို မနေ့ညနေပိုင်းမှာ သိမ်းလိုက်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အေအေဟာ ခမရ ၅၆၂ ကို ဒီဇင်ဘာ တတိယပတ်ကတည်းက ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ နီးပါး ဖမ်းမိတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေ၊ စစ်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်လို့တော့ အေအေက ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီကလည်း ဂွက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်ရဲ့ စစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်မှာတော့ ဂွဘက်က အခြေအနေ မကောင်းဘူးလို့ ဆိုပြီး ဒီဇင်ဘာ ၂၈ ရက်မှာ ရေးသားဖော်ပြနေကြပါတယ်။

ကျောက်ထုအမြောက်တပ်ကို အင်အားဖြည့်ပြီး တပ်မိသားစုဝင်တွေကို နေရာပြောင်း

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့က အမြောက်တပ် (၃၆၈) ကို စစ်ကောင်စီက လေကြောင်းကနေတဆင့် အင်အားဖြည့်နေပြီး တပ်မိသားစုဝင်တွေကိုလည်း ရွှေ့ပြောင်းနေတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်း သတင်းစာမျက်နှာတွေဆီကနေ သိရပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့ကို ချင်းညီနောင်အဖွဲ့တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်မှာ သိမ်းပိုက်ရရှိခဲ့ပြီး မင်းတပ်မြို့နဲ့ မိုင် ၂၀ လောက်သာ ဝေးတဲ့ ကျောက်ထုမြို့မှာ အခုလို ပြင်ဆင်လာတာ ဖြစ်ပါတယ်။

"စစ်ကောင်စီက ကြိုပြင်ထားပြီလေ။ မင်းတပ်ကိုလည်း ချင်းညီနောင်တွေက သိမ်းလိုက်ပြီဆိုတော့ ဆောဘက်ကို ဦးတည်နိုင်လို့ ပြင်နေကြတာ"လို့ Save For Yaw အဖွဲ့က ကိုယောက ဘီဘီစီကို ပြောပါတယ်။

ကျောက်ထုမြို့ထဲက လေယာဉ်ကွင်းကို ထောက်ပို့ရဟတ်ယာဉ် နှစ်စီးနဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁) က စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်နဲ့အတူ လက်နက်ခဲယမ်းတွေကို ပို့ထားခဲ့သလို အမြောက်တပ်ထဲမှာရှိနေတဲ့ တပ်မိသားစုဝင်တွေကို ပြန်ခေါ်တင်သွားတယ်လို့ ဒေသတွင်း သတင်းစာမျက်နှာဖြစ်တဲ့ ယောအလင်းတန်းက ရေးသားထားပါတယ်။

ကျောက်ထုအမြောက်တပ်ကနေ ခေါ်သွားတဲ့ တပ်မိသားစုဝင်တွေကို ဆိပ်ဖြူမြို့က ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁) ဘက်ကို ပြောင်းရွှေ့ ထားပြီး အဲဒီကနေမှတဆင့် ပခုက္ကူမြို့က စစ်ကောင်စီတပ်ရင်းတွေဆီ ပြန်ပို့ပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်တုန်းက ကျောက်ထုမြို့နားမှာ တော်လှန်ရေးအဖွဲ့တွေ ဖမ်းမိပြီးတဲ့နောက်ပိုင်း တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့ပါတယ်။

စစ်ကောင်စီကတော့ ဆောမြို့နယ်ဘက်က အခြေအနေတွေနဲ့ပတ်သက်လို့ ထုတ်ပြန်တာ မရှိသေးပါဘူး။

ပုပ္ပါးတောင် ဆက်သွယ်ရေးစခန်းတိုက်ခိုက်ခံရပြီးနောက် တောင်တက်ခွင့် ရပ်ဆိုင်း

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်မြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်မှာရှိတဲ့ ဆက်သွယ်ရေးစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်မှုဖြစ်အပြီးမှာ တောင်တက်ခွင့်တွေ ရပ်ဆိုင်းလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

အရာခံဗိုလ်နဲ့ စစ်ကောင်စီတပ်သား နှစ်ယောက်ရှိတဲ့ ပုပ္ပါးတောင် ဆက်သွယ်ရေးစခန်းကို ဒီဇင်ဘာ ၂၇ ရက်မှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို အသေ ဖမ်းမိ ခဲ့တယ်လို့ ပုပ္ပါးပြောက်ကျားအဖွဲ့(PGF) နဲ့ မြင်းခြံ ကျားနက်အဖွဲ့(MBT) တို့က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုအပြီးမှာပဲ စစ်ကောင်စီတပ်က တောင်ပေါ်မှာ ရှင်းလင်းရေးအတွက် စစ်ကြောင်းထိုးပါတယ်။

''စစ်တပ်က စစ်ကြောင်းထိုးတယ်။ နယ်မြေရှင်းလင်းရေးတွေလည်းလုပ်တယ်။ စျေးသည်တွေလည်း ပြန်ဆင်းကြဆိုပြီး ပိတ်လိုက်တာ'' လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အခုတော့ အဲဒီတိုက်ခိုက်မှုဖြစ်ရပ်အပြီးမှာ ပုပ္ပါးတောင်တက်ခွင့်ကို စစ်ကောင်စီ အာဏာပိုင်တွေဘက်က ပိတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဆက်သွယ်ရေးစခန်း တိုက်ခိုက်ခံရတာကြောင့် ဒီဇင်ဘာ ၂၈ ရက်ကစပြီး ပုပ္ပါးတောင်မကြီးကို တောင်တက်ခွင့် ပိတ်ထားပြီး ဘယ်နေ့ပြန်ဖွင့်မလဲဆိုတာကိုလည်း အတိအကျ မသိကြရသေးဘူးလို့ ကျောက်ပန်းမြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။

ပုပ္ပါးတောင်ဟာ ခရီးသွားတွေ လာရောက်လည်ပတ်တာများတဲ့ ယဉ်ကျေးမှုနေရာတစ်ခုလည်း ဖြစ်သလို တောင်တက်လေ့ကျင့်သူတွေလည်း သွားလာကြတဲ့နေရာဖြစ်ပါတယ်။

လက်ရှိအခြေအနေကြောင့်လည်း တောင်တက်ခရီးစီစဉ်သူတွေနဲ့ ပုပ္ပါးတောင်မကြီးကို လည်ပတ်မယ့် ခရီးစဉ်တွေ ရပ်နားထားတယ်လို့လည်း တောင်တက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

မြဝတီရဲစခန်းနားကို ဒရုန်းနဲ့ ဗုံးနှစ်လုံးချခံရ

ထိုင်း- မြန်မာနယ်စပ် ၊ မြဝတီမြို့ ရဲစခန်းကို ဒီဇင်ဘာ ၂၈ ရက် ည ၇ နာရီခွဲလောက်မှာ ဒရုန်းနဲ့ ဗုံးနှစ်လုံး ချခံရတယ်လို့ မြဝတီမြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

ဗုံးတွေက ရဲစခန်း နားမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်နဲ့ ရဲစခန်း အရှေ့ မျက်စောင်းထိုးမှာရှိတဲ့ တရားရုံးနားကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

မြဝတီမြို့ခံ တစ်ယောက်က 'အသံတော်တော်ကျယ်တယ်၊ တမြို့လုံး သိမ့်ကနဲပဲ'လို့ ဘီဘီစီကို ပြောပါတယ်။

"ရဲစခန်းထဲတော့ မရောက်ဘူး။ တစ်ယောက်ထိတယ်လို့တော့ ကြားတယ်။ ဘယ်သူဘယ်ဝါ၊ အရပ်သားလားဆိုတာတော့ မသိရဘူး"လို့ နောက်ထပ်မြဝတီမြို့ခံတစ်ယောက်က ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ ပုံမှန်အတိုင်း သွားလာနေကြတယ်လို့လည်း သိရပါတယ်။

ရဲစခန်းဝန်းကျင်ကို ဒရုန်းနဲ့ဗုံးကြဲခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီကလည်း ထုတ်ပြန်ကြေညာတာမရှိသေးသလို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာလည်း မထုတ်ပြန်ကြသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်တုန်းကလည်း မြဝတီမြို့မရဲစခန်းနဲ့ ထိုင်း-မြန်မာ နယ်ခြားကော်မတီရုံး၊ စက်တင်ဘာ ၃ ရက်တုန်းက မြဝတီမြို့မရဲစခန်းနဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတို့ ဒရုန်းနဲ့ဗုံးကြဲခံရပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၃ ရက်က ဒရုန်းနဲ့ဗုံးကြဲတာကြောင့် စစ်ကောင်စီ ဒုတိယဗိုလ်မှူးကြီးနဲ့မြဝတီခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် ၅ ယောက်သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။