မြောက်ဥက္ကလာမှာ ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ-အောက်တိုဘာ ၂၆ ရက် ထိပ်တန်းသတင်းများ

ရေးသားခဲ့သည်။

စစ်ကောင်စီရဲ့ ကွီလုံတိုင်စခန်း ကို KNLAတပ်ဖွဲ့ဝင်တွေ သိမ်းပိုက်နိုင်တယ်လို့ ထုတ်ပြန်လာ

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးရမိထားလို့ ဓာတ်ပုံတွေနဲ့တကွထုတ်ပြန်လာ စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာမရှိသေး

KNU တပ်မဟာ၆ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နယ်ခွဲ အဇင်းကျေးရွာအုပ်စုအတွင်းက စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ ခမရ (၃၃၉) အခြေချ ကွီလုံတိုင်စခန်းကို KNLA တပ်ဖွဲ့ဝင်တွေက မနေ့ အောက်တိုဘာလ ၂၅ ရက် ညပိုင်းက သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်လာပါတယ်။

"ကွီလုံတိုင် စခန်းသိမ်းတာက ညပိုင်းတည်းကပါ။ လက်နက်ခဲယမ်းတွေ နဲ့ စစ်သား ၁၇ ယောက် အရှင် မိတယ်။ ဒီမနက်ပိုင်းမှာ တော့ ပုစဉ်း ၊ ရဟန်ယာဉ်တွေ နဲ့ ဗုံးကြဲတယ်။ စစ်သားတွေ အဇင်း စစ်ကောင်စီ စခန်းဘက် လူလာချတယ်။ မော်လမြိုင် ရတခ တပ်တွေ စစ်အင်ဖြည့် လာပို့ သွားတယ်။ BGF တပ်တွေ လည်း ရှိ နေတယ်၊ တိုက်ပွဲ ကတော့ ဆက်ဖြစ်မယ့် အခြေအနေ ရှိ နေတယ်။ မြေပြင် စစ်စခန်းသိမ်း တဲ့ အခြေ အနေ ကို စိစစ်နေတုန်းပါပဲ။ ကျွန်တော်တို့ KNLA ပူးပေါင်းတပ်တွေ ဘက်ကတော့ အထိအခိုက်မရှိပါဘူး" လို့ KNLA ပူးပေါင်း တပ်ဖွဲ့ တာ၀န်ရှိသူ တစ်ဦး က ပြောပါတယ်။

ကွီလုံတိုင် စစ်ကောင်စီ စခန်းမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေကြား မကြာခဏ တိုက်ပွဲဖြစ်ပွားမှုရှိပြီး နှစ်ဖက် စစ်ရေး တင်းမာနေတဲ့ စစ်စခန်းလည်းဖြစ်ပါတယ်။

ဒီစခန်းကို KNLAပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့နောက် စစ်ကောင်စီဘက်က ကရင်နယ်ခြားစောင့်တပ် BGF တပ်နဲ့ပူးပေါင်းပြီး စခန်းကိုပြန်လည် တိုက်ခိုက်ရယူဖို့ ပြင်ဆင်နေတယ်လို့လည်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အခုလို ကွီလုံတိုင်စခန်းသိမ်းပိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၇ ဦးဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

နယ်စပ်ကဒုက္ခသည်တွေအရေး နယူးဇီလန်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ ပါလီမန်မှာ တင်ပြမယ်

နယူးဇီလန်ရောက် မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့ Democracy For Myanmar New Zealand က မြန်မာ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ မနက်ဖြန် အောက်တိုဘာလ ၂၇ ရက်နေ့မှာ နယူးဇီလန် ပါလီမန်မှာ သွားရောက် တင်ပြဖို့ ရှိပါတယ်။

မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ နယူးဇီလန်အစိုးရအနေနဲ့ အကူအညီပေးဖို့ တရားဝင်ပန်ကြားလွှာကို နယူးဇီလန်နိုင်ငံတွင်းက မြန်မာ့အရေး လှုပ်ရှားသူတွေက ဝိုင်းဝန်း လက်မှတ်ရေးထိုး တင်ပြခဲ့ကြပြီးနောက် အခုလို ပါလီမန်မှာ လူကိုယ်တိုင် လာရောက် တင်ပြဆွေးနွေးဖို့ ဖိတ်ခေါ်ခံခဲ့ရတာဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အခုတကြိမ်ဟာ ပါလီမန်ထဲကို ပထမဆုံး သွားရောက်တင်ပြခွင့်ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကြောင့် နေရပ်စွန့်ခွာပြီး နယ်စပ်တွေမှာ ထွက်ပြေးခိုလှုံနေကြရသူ မြန်မာပြည်သူတွေကို ဒုက္ခသည်တွေအဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြုလာစေရေး၊ ဒုက္ခသည်တွေ လိုအပ်နေတဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးရေးစတာတွေကို နယူးဇီလန်အစိုးရကနေ တဆင့် ချဉ်းကပ်ပြီး တိုက်တွန်းပြောသွားမှာ ဖြစ်တယ်လို့ Democracy For Myanmar အဖွဲ့ တည်ထောင်သူ မတင်မမဦးက ဘီဘီစီကို ပြောပါတယ်။

အခုအခါ နယူးဇီလန် နိုင်ငံသားတွေ ဖြစ်နေကြပြီ ဖြစ်တဲ့ မြန်မာလူမျိုး ဒုက္ခသည်ဟောင်းတွေရဲ့ မိသားစုဝင် တစ်ထောင်ကျော်လောက်ဟာလည်း နယ်စပ်တွေမှာ ရောက်ရှိခိုလှုံနေကြကြောင်းနဲ့ မိသားစုဝင် မိဘညီအစ်ကို မောင်နှစ်မတွေ ပြန်လည် ဆုံစည်းနိုင်ရေးမှာ အရေးတကြီး အကူအညီပေးဖို့ကိုလည်း နယူးဇီလန်အစိုးရထံ တိုက်တွန်းတင်ပြသွားမယ်လို့ သူက ပြောပါတယ်။

NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရေး ကမ္ဘာတဝန်း လက်မှတ်ပေါင်း ၅ သိန်း ၄ သောင်းကျော် ကောက်ခံပြီး တောင်းဆိုတဲ့ ပန်ကြားလွှာနဲ့ ပတ်သက်လို့လည်း နယူးဇီလန် အစိုးရဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စာရေးသား အကြောင်းပြန်ခဲ့ပါတယ်။ နယူးဇီလန်အစိုးရရဲ့ ပေါ်လစီအရ အစိုးရအချင်းချင်း ထောက်ခံ အသိအမှတ်ပြုတာမျိုး မလုပ်ပေမဲ့ ဒီမိုကရေစီလမ်းစဉ်အတွက် ကြိုးစားအားထုတ်သူတိုင်းကို ပူးပေါင်း လက်တွဲပြီး သင့်တော်တဲ့နေရာတွေမှာ ကူညီပံ့ပိုးပေးနေပါတယ်လို့ နယူးဇီလန်အစိုးရက အကြောင်းပြန်ခဲ့ပါတယ်။

NUG ဟာ မြန်မာ့ဒီမိုကရေစီ အစိုးရတစ်ရပ် ပြန်ဖြစ်လာရေးမှာ အရေးကြီးတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်ဆိုတာကို နယူးဇီလန်အစိုးရက တရားဝင် ဖော်ထုတ်ခဲ့တဲ့ သဘော ဖြစ်တယ်လို့ မတင်မမဦးက ပြောပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးတို့ အွန်လိုင်းပေါ်ကနေ တွေ့ဆုံဆွေးနွေးတာမျိုးလည်း ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့အဖွဲ့ဝင် ဦးမြင့်နိုင်တို့ ရမည်းသင်းထောင်ကနေ ပြန်လည်လွတ်မြောက်

အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရပြီး ထောင် ၃ နှစ်ချမှတ်ခံထားရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင် ဦးမြင့်နိုင်တို့ဟာ ဒီနေ့ အောက်တိုဘာ ၂၆ ရက်မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ တရားရုံးအသိုင်းအဝိုင်းနဲ့နီးစပ်သူတွေက ဘီဘီစီကိုအတည်ပြုပါတယ်။

စစ်ကောင်စီက ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင် နှစ်ဦးဖြစ်တဲ့ ဦးမြင့်နိုင်နဲ့ ဦးသန်းဌေးတို့ကို ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က)နဲ့ တရားစွဲဆိုခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ထောင် ၃ နှစ်စီချမှတ်ခဲ့တာပါ။NLD ပါတီ အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းပြုစုခြင်း၊ ကြိုတင်မဲပေးခြင်း စတဲ့ကိစ္စရပ်တွေမှာ တရားမဲ့ပြုကျင့်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုပြီးဦးလှသိန်းအပါအဝင် သူတို့နှစ်ဦးကို တရားစွဲအရေးယူခဲ့ကြောင်း စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်က ၂၀၂၁ ခုနှစ် နိုဝင်ဘာမှာ ကြေညာခဲ့ပါတယ်။

အဲဒီနောက် ၄င်းတို့ကို နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်ခဲ့ပြီးနောက် အမိန့်ချမှတ်အပြီးမှာ ရမည်းသင်းထောင်ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၁၃၀ (က) ဟာ တည်ဆဲဥပဒေများကိုပြဋ္ဌာန်းချက်တားမြစ်ချက်တွေကို တမင်ပြုလုပ်တာ၊ ပြဋ္ဌာန်းချက်အရ ပြုလုပ်ရန်လိုအပ်တဲ့ ပြုလုပ်မှုတွေကို တမင်ချန်လှပ်တာ၊ ဆန့်ကျင်တာတွေ ပြုလုပ်ရင် အမြင့်ဆုံးထောင် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကို ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုပြီး ဒီပုဒ်မ နဲ့ တရားစွဲဆိုခဲ့ပြီး ပြီးခဲ့တဲ့လပိုင်းအတွင်း ထောင် ၃ နှစ်ချမှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတဲ့အပေါ် အလွန်အမင်း စိုးရိမ်ကြောင်းနဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယား သတိပေး

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပြင်းထန်လာတဲ့အပေါ်အလွန်အမင်းစိုးရိမ်ကြောင်း အာဆီယံ ဥက္ကဋ္ဌ ကမ္ဘောဒီးယားက မြန်မာ့အကျပ်အတည်းကို ဆွေးနွေးဖို့ မနက်ဖြန်မှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းအဝေး မတိုင်ခင်မှာ ပြောကြားလိုက်ပါတယ်။

"မြန်မာနိုင်ငံမှာ သာမာန်ပြည်သူတွေ ကြုံတွေ့ခဲ့ရတဲ့ ကြီးမားတဲ့ဒုက္ခတွေ အသေအပျောက်တွေ တိုးပွားလာတဲ့အတွက် ကျွန်တော်တို့ လေးနက်စွာ စိတ်မကောင်းဖြစ်မိပါတယ်" လို့လည်း အာဆီယံဥက္ကဋ္ဌ ထုတ်ပြန်ချက်က ဆိုကြောင်း ရိုက်တာသတင်းကရေးပါတယ်။

ဒီအခြေအနေကိုထိန်းချုပ်ဟန့်တားဖို့၊ တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့နဲ့ အင်အားစုအားလုံး တွေ့ဆုံဆွေးနွေးပါလို့လည်း တောင်းဆိုထားပါတယ်။

မကြာသေးခင်က တိုးပွားလာတဲ့အကြမ်းဖက်မှုဖြစ်စဥ်တွေအဖြစ် အာဆီယံဥက္ကဋ္ဌက မြန်မာနိုင်ငံက အကြီးဆုံးထောင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာ၊ ကရင်ပြည်နယ်အတွင်းက တိုက်ပွဲတွေနဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ လူ ၆၀ ကျော်သေဆုံးခဲ့ရတဲ့ ကချင်ပြည်နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေကို ရည်ညွှန်းပြီး အာဆီယံဥက္ကဋ္ဌက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။မနက်ဖြန် အောက်တိုဘာ ၂၇ ရက်မှာ ကျင်းပဖို့ရှိတဲ့ မြန်မာ့အရေးအာဆီယံဝန်ကြီးတွေ အရေးပေါ်အစည်းအဝေးကိုတော့ မြန်မာဘက်က တက်ရောက်မှာမဟုတ်ဘူးလို့ ကမ္ဘာဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူက ရိုက်တာကိုပြောကြားထားပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ဆက်စပ်အစည်းအဝေးတွေမှာ စစ်ခေါင်းဆောင်ကို မဖိတ်ကြားဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားသဘောတူထားပြီး နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုသာ ဖိတ်ကြားခဲ့ပေမဲ့ စစ်ကောင်စီကတော့ အဲဒီကိုယ်စားလှယ်ကို တက်ရောက်စေလွှတ်ဖို့ ငြင်းဆန်ထားပါတယ်။

ငမိုးရိပ်တံတားကနေ ခုန်ချသွားသူ အမျိုးသမီးရုပ်အလောင်း ပြန်လည်ဆယ်ယူရရှိ

ရန်ကုန်၊ သုဝဏ္ဏနဲ့ တောင်ဒဂုံမြို့နယ်တို့ကိုဆက်သွယ်ထားတဲ့ အမှတ် ၂ ကမာကြည်တံတး (ငမိုးရိပ်တံတား-၂) ကနေ ခုန်ချသွားတဲ့ အမျိုးသမီးရဲ့ရုပ်အလောင်းကို ဒီကနေ့ အောက်တိုဘာ ၂၆ ရက်မွန်းလွဲပိုင်းမှာ ပြန်လည်ဆယ်ယူရရှိခဲ့တယ်လို့ ရုပ်အလောင်းသယ်ယူပို့ဆောင်ပေးခဲ့တဲ့ ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

 

“အလောင်းဆယ်ယူရရှိပါပြီ။ ခန့်မှန်းခြေ မွန်းလွဲ ၁ နာရီ ၁၅ ဝန်းကျင်လောက်မှာပါ။ အလောင်းအခြေအနေကတော့ ပုံမှန်ရေနစ်ပြီး ပြန်ပေါ်လာတဲ့အနေအထားပေ့ါ။ အခုတော့ ဘော်ဒီကို ဆေးရုံပို့ဖို့ သယ်ဆောင်သွားပါပြီ။ စံပြဆေးရုံလား မြောက်ဥက္ကလာဆေးရုံလားတော့ မသိရသေးဘူး။ စံပြဆေးရုံပဲ​ဖြစ်ဖို့တော့များပါတယ်” လို့ သူကပြောပါတယ်။

 

အောက်တိုဘာ ၂၄ ရက်နေ့က ငမိုးရိပ်တံတားမှာ သူပိုင် လက်ကိုင်အိတ်တစ်လုံးနဲ့ အိတ်အတွင်းက ငွေ၊ လက်ကိုင်ဖုန်းနဲ့လိပ်စာကတ်အပါအဝင် ပစ္စည်းတချို့ကို တံတားပေါ်မှာ ချန်ရစ်ခဲ့ပြီး အမျိုးသမီးတစ်ဦး ခုန်ချသွားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့နောက် ရန်ကုန်အခြေစိုက် ပရဟိတအသင်းတွေ စုပေါင်းပြီး ရုပ်အလောင်းရှာဖွေရေးကို နေ့ရောညပါ ပြုလုပ်ခဲ့ကြတာပါ။

 

အောက်တိုဘာ ၂၄ ရက်ကနေ ၂၆ ရက်အထိ သုံးရက်နီးပါးရှာခဲ့အပြီးမှာတော့ ခုမွန်းလွဲပိုင်းမှာ ရုပ်အလောင်းကိုပြန်လည်ဆယ်ယူရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ငမိုးရိပ်တံတားကနေ ခုလို ခုန်ချအဆုံးစီရင်မှုတချို့ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်းရှိထားခဲ့ပါတယ်။

ဖားကန့်အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရမှုဟာ စစ်ရာဇဝတ်မှုလို့ NLD နဲ့ NUG ထုတ်ပြန်

အနန့်ပါဒေသ စစ်ဆင်ရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ယူအန်အပါအဝင်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကို စစ်ကောင်စီနိုင်ငံခြားရေး ကန့်ကွက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါဒေသမှာ KIO တည်ထောင်ခြင်း ၆၂ နှစ်ပြည့်အထိမ်းအမှတ်ကျင်းပနေစဥ် လေကြောင်းတိုက်ခိုက်မှုဟာ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကချင်တိုင်းရင်းသားအနုပညာရှင်တွေအပါအဝင် ပြည်သူ ၆၀ ဦးထက်မနည်းသေဆုံးခဲ့ရတဲ့အပေါ် ထပ်တူဝမ်းနည်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အောက်တိုဘာ ၂၅ ရက်စွဲနဲ့ထုတ်ပြန်လာပါတယ်။  

 

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာရှိ စာသင်ကျောင်း ကိုလေကြောင်းက တိုက်ခိုက်မှုမှာလည်း ပညာသင်ယူနေတဲ့ ကျောင်းသား၊လူငယ်လေးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာထင်ရှားပြီး   စစ်ရာဇဝတ်မှုကိုအကြိမ်ကြိမ်ကျူးလွန်နေတာလို့လည်း NLD က ဆိုပါတယ်။  

 

လက်ယက်ကုန်းကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်အပြီး တစ်လကျော်ကာလအတွင်း ပြည်သူအများအပြားရှိနေတဲ့ ဂီတဖျော်ဖြေပွဲ ကို ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းမှ ဗုံးကြဲကာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ထပ်မံကျူးလွန် လိုက်တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း အောက်တိုဘာ ၂၄ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

 

စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသား နယ်မြေတွေ အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၂၄၀) နီးပါးပြုလုပ်ခဲ့ပြီး  တိုက်ခိုက်မှုတွေအတွင်း အရပ်သားပြည်သူ(၂၀၀)ကျော် သေဆုံးခဲ့ရသလို ပြည်သူလူထုရဲ့နေအိမ်တွေနဲ့  ဘာသာရေးအဆောက်အအုံများလည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

 

ဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေ အမြန်ဆုံးရပ်တံ့နိုင်ရေး ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ အမြန်ဆုံးဆောင်ရွက်ကြဖို့နဲ့ လူထုလူတန်းစားအဖွဲ့အစည်း အသီးသီး အနေဖြင့်လည်း နည်းလမ်းပေါင်စုံဆန့်ကျင်ကြဖို့လည်း NUG ကတိုက်တွန်းထားပါတယ်။

တစ်ဖက်မှာလည်း ဒီ အနန့်ပါဒေသဖြစ်စဥ်နဲ့ပတ်သက်လို့ အမေရိကန်ယူကေအပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက သံရုံးအကြီးအကဲတွေက စုပေါင်းလက်မှတ်ထိုးကန့်ကွက်တဲ့ ကြေညာချက်တွေ၊  ကုလသမဂ္ဂအဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချမှုတွေနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အောက်တိုဘာ ၂၅ ရက် နေ့စွဲနဲ့တုံ့ပြန်ထုတ်ပြန်လာတာတွေ့ရပါတယ်။

 

ဖြစ်စဥ်ကို တစ်ဖက်သတ်သတင်းများထုတ်ပြန်ခဲ့တာသာဖြစ်ပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်လို့ သက်ဆိုင်ရာ သံရုံးတွေနဲ့ ကုလသမဂ္ဂထံ ကန့်ကွက်သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်မှုအတွင်း ကချင်အနုပညာရှင်တွေ၊ အရပ်သားတွေနဲ့ KIO အမှုထမ်း ၆၂ ဦး သေဆုံးခဲ့တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောကြားထားပါတယ်။

စစ်ကောင်စီကတော့အနန့်ပါဒေသ စစ်ဆင်ရေးအတွင်း KIO. အရာရှိတချို့နဲ့ PDF တွေသေဆုံးတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲချုပ် အင်တာပိုလ် ညီလာခံတက်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား ရဲချုပ်တွေနဲ့ သီးသန့်တွေ့ဆုံပြီး နယ်စပ်ရောက် မြန်မာတွေအရေးဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်  

စစ်ကောင်စီရဲချုပ်အင်တာပိုလ်ခရီးစဥ်နဲ့ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေ ဘာပြောလဲ

 အိန္ဒိယမှာ အောက်တိုဘာ ၁၈ ရက်နေ ၂၁ ရက်နေ့အထိ ကျင်းပတဲ့ အကြိမ် (၉၀)မြောက် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)အထွေထွေညီလာခံကို စစ်ကောင်စီ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် တက်ရောက်ခဲ့ပါတယ်။

စစ်ကောင်စီ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်ဟာ အဲဒီအစည်းအဝေးကာလအတွင်း တရုတ် အင်တာပိုလ်အမှုဆောင် ကော်မတီဝင်နဲ့ရော ဘင်္ဂလားဒေ့ရှ် ရဲချုပ်နဲ့ပါ တွေ့ဆုံပြီး နယ်စပ်ဒေသလုံခြုံရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနဲ့ Online လောင်းကစားတိုက်ဖျက်ရေးတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။

 မလေးရှား CID ညွှန်ကြားရေးမှူးချုပ်၊ အင်ဒိုနီးရှားနိုင်ငံရဲအဖွဲ့ အင်တာပိုလ်အတွင်းရေးမှူး တို့နဲ့ပါတွေ့ဆုံပြီး အဲဒီနိုင်ငံတွေမှာ ပြစ်မှုကျူးလွန်ထားတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးလွှဲပြောင်းပေးရေး တို့ကိုဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းရဲချုပ်နဲ့လည်း အစည်းအဝေးကာလအတွင်းမှာရော အစည်းအဝေးအပြီး ထိုင်းနိုင်ငံအတွင်းမှာပါ နှစ်ကြိမ်တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်မှာ တတိယနိုင်ငံသားတွေ တရားမဝင် ဝင်ရောက်နေမှုနဲ့ ထိုင်းနိုင်ငံနယ်စပ်က မြန်မာတွေရဲ့ အရေးကိစ္စတွေဟာ နယ်စပ်ဒေသလုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်နိုင်လို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ်လို့ ဆွေးနွေးခဲ့ပါတယ်။

ထိုင်းနယ်စပ်မှာအထောက်အထားမဲ့ မြန်မာတွေကို ပုံမှန်ဖမ်းဆီးမှုတွေ ရှိနေပေမဲ့ ထိုင်းနဲ့ မြန်မာရဲချုပ်နှစ်ဦးတွေ့ဆုံမှုကြောင့် နယ်စပ်က မြန်မာတွေ အရင်ကထက် ပိုသတိထားရမယ်လို့ ထိုင်းနိုင်ငံမှာ အနှစ် ၂၀ ကျော်နေထိုင်လာတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက သတိပေးပါတယ်။

ပြည်တွင်းမှာ CRPH ,NUG နဲ့ PDF ထောက်ခံသူတွေကို ဆက်တိုက်ဖမ်းဆီးနေတဲ့ စစ်ကောင်စီဟာ ပြည်ပက အားပေးထောက်ခံသူတွေကို ဖမ်းဆီးရာမှာကူညီဖို့ အိမ်နီးချင်းနိုင်ငံတွေက ရဲချုပ်တွေကို ဆွေးနွေးညှိနှိုင်းနေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ရဲချုပ်ဟာ အင်တာပိုလ် အထွေထွေအတွင်းရေးမှူးချုပ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက ရဲချုပ်တွေနဲ့ပါ တွေ့ဆုံခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း က ဘီဘီစီကို အခုလိုပြောပါတယ်။

 “အင်တာပိုလ်က ရဲချုပ် ဇင်မင်းထက်ကို အစည်းအဝေးဖိတ်လိုက်တာကိုက မှားတယ်လို့ပြောချင်ပါတယ်။ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေကြတဲ့သူတွေက အကြမ်းဖက်သမားမဟုတ်ဘူး။ သူတို့ကိုအကြမ်းဖက်သမားတွေပါလို့စွပ်စွဲလို့လည်းမရဘူး။ မိမိတို့ ဒီမိုကရေစီအရေးအတွက်တိုက်ပွဲဝင်နေကြသူတွေဖြစ်တယ်။ အဲဒီတော့ ဒီလူတွေကို အကြမ်းဖက်သမားတွေပါလို့ နိုင်ငံတကာကိုလှည့်ပြီးတော့ ဖမ်းခိုင်းနေလို့ အားလုံးသော နိုင်ငံတကာရဲတပ်ဖွဲ့တွေကြားမှာ လူရယ်စရာကြီးဖြစ်နေမယ်”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းကလည်း မလေးရှားရောက် အထောက်အထားမဲ့ မြန်မာ ၁၅၀ ကျော်ကို မလေးရှားအစိုးရက ပြန်လွှဲခဲ့ပါသေးတယ်။ အဲဒီအထဲ မလေးရှားမှာနိုင်ငံရေးခိုလှုံခွင့်တောင်းတဲ့ ရေတပ်စစ်ဗိုလ်ခြောက်ဦးလည်းပါဝင်ပြီး သူတို့ကို မြန်မာနိုင်ငံမှာ ဖမ်းချုပ်ထားတယ်လို့ သိရတဲ့အကြောင်း မိသားစုဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့ လက ထိုင်းလေဆိပ်မှာ ထိန်းသိမ်းတားမြစ် ခံခဲ့ရတဲ့ အလှမယ်ဟန်လေး ကိစ္စကြောင့် အင်တာပိုလ်နဲ့ စစ်ကောင်စီရဲ့ချိတ်ဆက်မှုအပေါ် အလေးထားအာရုံစိုက်လာကြပါတယ်။ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အင်တာပိုလ် အနေနဲ့ နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေးဆိုင်ရာ စွက်ဖက်မှု တွေနဲ့ ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး အင်တာပိုလ်ရဲ့ လုပ်ထုံးလုပ်နည်းအရ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး အလိုရှိသူစာရင်းထုတ်ခွင့်မရှိဘူးလို့ ဥပဒေပညာရှင် တစ်ယောက်ဖြစ်တဲ့ ဦးအောင်ထူးကပြောကြားထားပါတယ်။

မြောက်ဥက္ကလာမှာ ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ

မြောက်ဥက္ကလာမှာ ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ (ဌ) ရပ်ကွက်မှာ ရာအိမ်မှူးတစ်ဦး ဒီနေ့ အောက်တိုဘာ ၂၆ ရက် မနက်ပိုင်းက ပစ်ခတ်ခံရပြီး ပစ်ခတ်မှုဖြစ်ပွားတဲ့အနီးတဝိုက်ကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့စစ်ဆေးနေကြောင်း ဒေသခံတွေကပြောပါတယ်။

“သေလားမသေလားတော့ သေချာမသိဘူး။ အဲဒီနားလည်း သွားလို့မရဘူး။ သူက စစ်ကောင်စီက ပေးတဲ့ ဂုဏ်ပြုဆုလားဘာလား အဲဒါမျိုးရဖူးတယ်လို့တော့သိတယ်။ ရပ်ကွက်ရုံးကိုအသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်” လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ရာအိမ်မှူး ဦးစိုးစိုး ဆိုသူဟာ ဆိုင်ကယ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုသွားရောက်စဥ်မှာ ဌ ရပ်ကွက်၊ စကားဝါလမ်းနဲ့ သဇင်လမ်းထောင့်အရောက်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး လည်ပင်း၊ ရင်ဘတ်နဲ့ ဗိုက်တို့မှာ ဒဏ်ရာရခဲ့ပြီး စိုးရိမ်စရာအခြေအနေမှာရှိနေကာ ဆေးရုံကိုပို့ဆောင်ထားတယ်လို့ စစ်ကောင်စီသတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရမ်ချန်နယ်တွေက ရေးသားထားပါတယ်။

အမြန်လမ်းမိုင်တိုင် ၂၂၈ မှာ ခရီးသည်တင်ယာဥ်တစ်စီး တိမ်းမှောက်၊ ခရီးသည်အမျိုးသား ၃ ဦးသေဆုံး

ရန်ကုန်မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၂၈ မှာ ဒီနေ့ အောက်တိုဘာ ၂၆ ရက် မနက် ၆ နာရီခွဲခန့်က ခရီးသည်တင်ယာဥ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့လို့ ခရီးသည်အမျိုးသား ၃ ဦး သေဆုံးပြီး ၁၄ ဦးဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ခရီးသည်တင်အိတ်ပရက်စ်ယာဥ်ဟာ နေပြည်တော်တပ်ကုန်းမြို့နယ်အနီး ရန်ကုန်မန္တလေးအမြန်လမ်းမကြီးရဲ့ မိုင်တိုင် ၂၂၈ မှာ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

ယာဥ်ပေါ်ပါ ခရီးသည် ၁၇ ဦးအနက် ၃ ဦးသေဆုံးသူ ဒဏ်ရာရသူ ၁၄ ဦးကိုတော့နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကိုပို့ဆောင်ထားပါတယ်။

ရွှေဘိုမြို့နယ်၊​ မြင်းစီးကျေးရွာက ဘုန်းကြီးကျောင်းမှာ သံဃာတစ်ပါး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက မြင်းစီးကျေးရွာ၊ အုတ်ကျောင်းလို့ခေါ်တဲ့ ဘုန်းတော်ကြီးကျောင်းက သံဃာ တစ်ပါးကို ဓါးတွေကိုင်ဆောင်ထားတဲ့ မျက်နှာဖုံးစွပ်လူတစ်စုက အောက်တိုဘာလ ၂၄ ရက်နေ့၊ ည ၉နာရီ လောက်မှာ လာရောက်သတ်ဖြတ်ခဲ့တယ်လို့ အဲဒီဘုန်းကြီးကျောင်းအတွင်းဖြစ်စဥ်ကို မျက်မြင်သိရှိခဲ့ရသူ သံဃာတစ်ပါးက ဘီဘီစီကိုမိန့်ပါတယ်။

 

အောက်တိုဘာ ၂၅ ရက်မနက်အစောပိုင်းကတည်းက မျက်မြင်သိရှိသူ အဲဒီသံဃာက ဘုန်းကြီးကျောင်းက နေနီးစပ်ရာ ရွာကိုထွက်ပြေးတိမ်းရှောင်လာပြီး ဘီဘီစီကိုဆက်သွယ်ပြောဆိုလာပါတယ်။

 

အခုလိုဘုန်းတော်ကြီးကျောင်းက ဖြစ်စဥ်မဖြစ်ခင်ကလည်း၊ မြင်းစီးကျေးရွာထဲကပဲ အသက် ၇၀ ကျော် အဘွားအိုတစ်ဦးလည်း အလားတူသတ်ဖြတ်ခံခဲ့ရတယ်လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ မြင်းစီးဒေသခံ တွေထံကသိရပါတယ်။

 

အဘွားအိုရဲ့ မြေးဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဘွားအိုကို အဲဒီလူအုပ်စုက သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက မြင်းစီးကျေးရွာဟာ လူဦးရေ ၆၀၀၀ လောက်ရှိတဲ့ ရွာကြီးဖြစ်ပြီး အခုတော့ စစ်တပ်ကိုထောက်ခံကြသူတွေလို့ ပြောဆိုခံရသူအရပ် အခေါ် ပျူစောထီး ၆၀ ကျော်သာကျန်ရှိ နေထိုင်တော့တာလို့ ရွာအတွင်းကနေ ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းကတည်းက ထွက်ပြေးလာသူ မြင်းစီး ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

 

ခင်ဦးမြို့နယ်နဲ့ ရွှေဘိုမြို့နယ် အနောက်ဘက်ခြမ်း၊ ဒီပဲယင်းမြို့နယ်နဲ့ ရေဦးမြို့နယ်တို့ရဲ့ အရှေ့ဘက်ခြမ်း အတွင်းမှာရှိတဲ့ ကျေးရွာတွေကိုပဲ မြင်းစီးကျေးရွာက ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ တချို့ကလည်း ကူညီရေးစခန်းတွေမှာနေထိုင်ရသူတွေရှိသလို၊ အချို့ကတော့ နီးစပ်ရာဆွေမျိုး တွေထံမှာ နေထိုင်တိမ်း‌ရှောင်နေကြရတယ်လို့ ဆိုကြပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ သတ်ဖြတ်ခံရတဲ့ ဆရာတော်က အာဏာမသိမ်းခင်ကာလမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီကို ထောက်ခံအားပေးခဲ့သူတစ်ဦးလို့ ပြောပြကြပါတယ်။ ကျေးရွာထဲကတိမ်းရှောင်နေရသူတွေ ကလည်း ဒေသအခေါ်ပျူစောထီးတွေဘက်က လစဥ်ငွေ‌ကြေးကောက်ခံမှု၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာမပါဝင်ဖို့ ဖိအားပေးမှုတွေနဲ့ လုံခြုံရေးကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ဆိုကြ ပါတယ်။

အရပ်အခေါ် ပျူစောထီးတွေရဲ့ လုပ်ဆောင်ချက် တွေနဲ့ ပတ်သတ်ပြီး ဘီဘီစီကတော့ သီးခြားအတည်ပြုနိုင်တာမရှိသေးသလို သံဃာတစ်ပါးသတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့လည်း စစ်ကောင်စီထံ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။