ဒီဇင်ဘာ ၃၀ ရက် ထိပ်တန်းသတင်းများ - ရခိုင်၊ မြောက်ဦးက မြောင်းဘွေရဲစခန်းကို အေအေသိမ်းပိုက်

ရေးသားခဲ့သည်။

ကျောက်တော်မှာလည်း စစ်တပ်နဲ့အေအေ တိုက်ပွဲပြင်းထန်

ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ မြောင်းဘွေတိုက်နယ်က စစ်တပ်နဲ့ ရဲပူးပေါင်းထားတဲ့စခန်းကို ရက္ခိုင့်တပ်တော် (အေအေ) က ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ မြေပြင်အခြေအနေသိရှိတဲ့ ဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

အဲဒီစခန်းကို အေအေက နှစ်ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးမှ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ရခိုင်အခြေစိုက် ဒေသတွင်းမီဒီယာတွေမှာတော့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ မြောက်ဦးမြို့နဲ့ မင်းပြားမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကိုင်းတော၊ ဘူးတစ်လုံးနဲ့ ပေါင်းတုတ်ကျေးရွာတို့က ကလေးငယ်တွေအပါအဝင် ဒေသခံ ၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဖော်ပြထားကြပါတယ်။

စစ်ကောင်စီတပ်ဘက်က ဒီဇင်ဘာ ၂၄ ရက်ကနေ ၂၈ ရက်အတွင်း လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပေါက်တောနဲ့ မြောက်ဦးမြို့တို့က ဒေသခံ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အေအေက ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကျောက်တော်မြို့ဘက်မှာလည်း တင်းမကျေးရွာအနီးက တောင်ရှည်တောင်မှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို အေအေက ဒီဇင်ဘာ ၂၅ ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ရွာခံတွေက ဘီဘီစီကိုပြောပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် ကျောက်တော်မြို့အပါအဝင် တင်းမရွာနဲ့ အနီးနားရွာက ဒေသခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျောက်တော်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

“တင်းမဘက်ကလူတွေ ကျောက်တော်မြို့ထဲ ရှောင်လာတာတွေရှိတယ်။ ဟိုးအရင်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေထက် အခုက အဆပေါင်းများစွာ ပစ်သံတွေပိုကျယ်တယ်။ လေယာဉ်တွေလည်း တစ်နေ့ကို ၅ ကြိမ်ကနေ ၁၀ ကြိမ်အထိ ဖြတ်သွားတာတွေ့ရတယ်” လို့ ဒေသခံရဲ့အပြောအရ သိရပါတယ်။

တင်းမရွာအနီးက တောင်ရှည်တောင်တိုက်ပွဲနဲ့ ပတ်သက်လို့ အေအေဘက်ကရော စစ်ကောင်စီဘက်ကပါ တစ်စုံတစ်ရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

ခရစ္စမတ်နေ့က လောက်ကိုင်မှာ တရုတ်တွေ သေဆုံးခဲ့တဲ့အပေါ် တရုတ်အစိုးရ ဘာပြောလဲ

ဒီဇင်ဘာ ၂၅ ရက်က လောက်ကိုင်မြို့ထဲ လက်နက်ကြီးကျလို့ သေဆုံးသူတွေထဲ တရုတ်နိုင်ငံသား တချို့ပါဝင်တဲ့ အပေါ် တရုတ်နိုင်ငံရဲ့ သဘောထားကို မနေ့က သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။

‘’တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခတွေကို အနီးကပ်စောင့်ကြည့်နေပြီး လက်နက်ကိုင်ပဋိပက္ခကြောင့် တရုတ်လူမျိုးတွေ သေဆုံးရတာနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်ရပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အလေးအနက်ကန့်ကွက်ကြောင်း အကြောင်းကြားခဲ့ပြီးပါပြီ။’’ လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရ မစ္စ မော်နင်းက ပြောပါတယ်။

ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့၊ တုံချိန် ရပ်ကွက်က ခရောင်းဟိုတယ်ရှေ့က ဒီဇင်ဘာ ၂၅ ရက် ဖြစ်စဉ်မှာ လူ ၁၀ ဦး ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ အယောက် ၂၀ နီးပါးရှိတယ်လို့ ဘီဘီစီ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒဏ်ရာရသူတွေကို တရုတ်နိုင်ငံဘက်ခြမ်းက နန်ဆန်မြို့ကို ပို့ဆောင်ပြီးဆေးကုသမှုပေးခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

‘’မြန်မာနိုင်ငံမြောက်ပိုင်းက အဖွဲ့အစည်းတွေအနေနဲ့ တိုက်ခိုက်တာကို ချက်ချင်းရပ်ပြီး မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေနဲ့ တရုတ်လူမျိုးတွေရဲ့ လုံခြုံရေး၊ အန္တရာယ်ကင်းရေးအတွက် တိတိကျကျဆောင်ရွက်ဖို့နဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်နဲ့ အိုးအိမ်စည်းစိမ်တွေ လုံခြုံရေးကို ထိခိုက်စေမယ့် ကိစ္စတွေ ထပ်မဖြစ်ရေးကို တာဝန်ယူလုပ်ဆောင်ပေးဖို့ ထပ်မံတိုက်တွန်းတယ်။’’ လို့ မော်နင်းက မနေ့က ပြောပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လက်ရှိလုံခြုံရေးအခြေအနေက အတော်လေးကိုပြင်းထန်ရှုပ်ထွေးနေတယ်လို့မော်နင်းကပြောပြီး မြန်မာနိုင်ငံမြောက်ပိုင်းကို တရုတ်နိုင်ငံသားတွေ မသွားဖို့ နဲ့ အဲဒီနေရာမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေကို ထွက်ခွာဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

‘’မြန်မာနိုင်ငံမြောက်ပိုင်းက လက်နက်ကိုင်ပဋိပက္ခနဲ့ပတ်သက်လို့ တရုတ်ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရုတ်က ခိုင်ခိုင်မာမာကြီးကို ထောက်ခံပြီး ပြဿနာဖြစ်အောင် လှုံ့ဆော်မယ့် ဘယ်အဖွဲ့အစည်းကိုမှ မလိုလားပါဘူး။’’ လို့ မော်နင်းက ပြောပါတယ်။

တရုတ်က ကမကထပြုပေးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကလည်း မြေပြင်မှာ တင်းမာမှုတွေ လျော့ကျသွားရေးကို ဦးတည်လုပ်ဆောင်ဖို့ဖြစ်ပြီး သက်ဆိုင်ရာလုပ်ငန်းတွေ လည်ပတ်လို့ရအောင်အထိ ပူးပေါင်းဆောင်ရွက်ကြဖို့ မျှော်လင့်နေတယ် လို့ သူက ဆက်ပြောပါတယ်။

တရုတ်နိုင်ငံဟာ ကူမင်းမြို့မှာ စစ်ကောင်စီ နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို နှစ်ကြိမ် တိုင် တွေ့ဆုံပေးခဲ့ပေမဲ့ မြေပြင်မှာတော့ တိုက်ပွဲတွေ ဆက်ရှိနေသေးတာ ဖြစ်ပါတယ်။

ရဲတွေကို စစ်နည်းဗျူဟာ လေ့လာဖို့ ရဲချုပ်ပြော

စစ်ကောင်စီ ရဲချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်က ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်နည်းဗျူဟာတွေနဲ့ စစ်အတတ်ပညာတွေကို စဉ်ဆက်မပြတ် လေ့လာနေဖို့လိုတယ်လို့ ဒုတိယရဲအုပ်လောင်း သင်တန်းဆင်းပွဲမှာ ပြောကြားပါတယ်။

‘’ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်တွင်းလုံခြုံရေးကို နောင်တော်တပ်မတော်နဲ့အတူ ဆောင်ရွက်နေကြတာဖြစ်လို့ လုံခြုံရေးအသိ၊ လုံခြုံရေးသတိ နဲ့ လုံခြုံရေးကျိုးပေါက်မှု မရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရမှာ ဖြစ်တယ်’’ လို့ ရဲချုပ် က ပြောပါတယ်။

ပြည်ထဲရေးဒုဝန်ကြီးလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ယုံကြည်စိတ်ချရသူတစ်ဦးလည်း ဖြစ်ပါတယ်။

ပြင်ဦးလွင်မှာ လုပ်တဲ့ သင်တန်း အမှတ်စဉ် (၁၁၅) ဆင်းပွဲမှာ တပ်တွင်းဘွဲ့ရ အမျိုးသား ၁၉၉ ဦးနဲ့ အမျိုးသမီး ၁၄၂ ဦး၊ စုစုပေါင်း ၃၄၁ ဦးတို့ကို သင်တန်းဆင်းပေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပါအဝင် နိုင်ငံတဝန်းက တိုက်ပွဲတွေမှာ ရဲတွေလည်း သေဆုံးမှုများပြားခဲ့ပြီး စစ်ကောင်စီက ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။

မန္တလေးမြို့မှာလည်း ဒီဇင်ဘာ ၂၉ ရက်က အမျိုးသမီးရဲမေ ဒုရဲအုပ် တစ်ဦး သေနတ်ပစ်ခံရပြီး အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရပါတယ်။

ဒေသတွင်း သတင်းတချို့ကတော့ အဲဒီရဲမေ သေဆုံးသွားပြီလို့ ဖော်ပြနေကြပေမဲ့ စစ်ကောင်စီသတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်တွေကတော့ ဆေးကုသမှုခံယူနေဆဲ လို့ ဆိုပါတယ်။