ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရွေးကောက်ပွဲအနိုင်ရ NLDပါတီကို မှတ်ပုံမတင်လို့ဆိုပြီး စစ်ကောင်စီကော်မရှင်က ဖျက်သိမ်း အပါအဝင် မတ်လ ၂၈ ရက်နေ့ ညနောက်ဆုံးရသတင်းများ
၂၀၂၀ ရွေးကောက်ပွဲမှာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို စစ်ကောင်စီ ကော်မရှင်က ဖျက်သိမ်းကြောင်း ဒီကနေ့ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့အပါအဝင် ပါတီ ၄၀ ကျော်ကို မှတ်ပုံမတင်ပယ်ဖျက်လိုက်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။
ဒီကနေ့ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ တည်ဆဲပါတီတွေ နောက်ဆုံးမှတ်ပုံပြန်တင်ရတဲ့ ရက်လည်း ဖြစ်ပါတယ်။
ရက်ပေါင်း ၆၀ အတွင်းမှာ နိုင်ငံရေးပါတီ ၅၀ ကျော် မှတ်ပုံတင်ခဲ့ကြပြီး ပါတီအသစ်တည်ထောင်တာက ၁၀ ပါတီဝန်းကျင် ရှိပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် တည်ဆဲ ၉၁ ပါတီအနက် ပါတီ ၄၀ ကျော် ပဲ မှတ်ပုံပြန်တင်ခဲ့ ကြတာပါ။
တည်ဆဲပါတီတွေထဲက တစ်ဝက်နီးပါးလောက် မှတ်ပုံပြန်မတင်ကြဘဲ အဲဒီထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့လည်း ပါဝင်ပါတယ်။
အမေရိကန်နယ်စပ် ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ နေတဲ့အဆောက်အအုံတစ်ခုမှာ မီးလောင်၊၃၇ ဦးသေဆုံး၊
အမေရိကန်နယ်စပ်မှာရှိတဲ့ မက္ကဆီကိုနိုင်ငံ၊ ဆီအူးဒက်ဝါရက်ဇ် မြို့ရှိ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ နေတဲ့အဆောက်အအုံတစ်ခုမှာ မီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ သုံးဆယ့်ခုနစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက ပြောပါတယ်။
တက္ကဆက်ပြည်နယ် အယ်လ်ပါဆိုမြို့နဲ့ ဒီ မက္ကဆီကန်မြို့ကို ဆက်သွယ်ထားတဲ့ စတန်တန် တံတားဘေးက ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့အဆောက်အအုံမှာ တနင်္လာနေ့ညက မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။မီးလောင်ပြီးနောက် အဆောက်အဦထဲက မီးလောင်ခံရသူတွေကို ဆွဲထုတ်လာကြပြီး မြေပြင်ပေါ်မှာ လှဲနေကြတာကိုအွန်လိုင်းမှာ ပြသထားတဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။ မီးလောင်ခံရသူအများစုဟာ ရွှေ့ပြောင်းအခြေချနေထိုင်သူများဟု ယူဆရပါတယ်။ သူတို့တွေက မီးမလောင်ခင်ကရက်တွေက ဒီမြို့မှာ ဖမ်းဆီးခံရပြီး အခန်းတွေထဲမှာ သော့ခတ်ထိမ်းသိမ်းခံထားရတယ်လို့ ဆိုပါတယ်။ အချို့ သတင်းတွေမှာတော့ ရွှေ့ပြောင်းနေထိုင်သူတွေက မွေ့ယာတွေကို မီးရှို့ ပြီးဆန္ဒပြခဲ့ကြတာကနေ မီးလောင်မှုစခဲ့တယ်လို့ဆိုပါတယ်။
နက်ရှ်ဗီးမြို့၊ ခရစ်ယာန် စာသင်ကျောင်းက ပစ်ခတ်မှု
အမေရိကန်ပြည်ထောင်စု၊ ထန်နက်ဆီပြည်နယ်၊ နက်ရှ်ဗီးမြို့က ခရစ်ယာန် မူလတန်းစာသင်ကျောင်းမှာ လူ ၆ ဦးသေဆုံးခဲ့တဲ့ ပစ်ခတ်မှု နဲ့ပတ်သက်ပြီး အမေရိကန်ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေလုပ်နေပါတယ်။
သေဆုံးသူတွေထဲက ၃ ဦးဟာ ကိုးနှစ် အရွယ် ကလေးငယ်တွေဖြစ်ပါတယ်။
ပစ်ခတ်မှုကို ကျူးလွန်ခဲ့သူ သေနတ်သမားကတော့ အသက် ၂၈ နှစ်အရွယ် အော်ဒရေး ဟေး ဆိုသူ ကျောင်းသူ ဟောင်းဖြစ်တယ်လို့ ရဲက အတည်ပြု လိုပြောကြားလိုက်ပါတယ်။
ရဲတပ်ဖွဲ့ ပြောဆိုခွင့်ရှိသူ ဒွန်အာရွန်က ဟေးဟာ အမျိုးသမီးကနေ အမျိုးသားအဖြစ်ပြောင်းထားသူဖြစ်ပြီး မကြာသေးမီကမှ သူ့ကိုယ်သူအမျိုးသားအဖြစ် ပြောဆိုသုံးနှုန်းခဲ့တယ် လို့ပြောပါတယ်။
ဟေးဟာတိုက်ခိုက်မှုကို အသေအချာအစီအစဥ်ချကာပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ သူ့ဆီကနေကျောင်းရဲ့ အသေးစိတ်နေရာတွေလုံခြုံရေးအစီအစဥ်တွေပါတဲ့မြေပုံလည်းရဲတွေက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဟေးဟာ အခင်းဖြစ်တဲ့နေရာမှာပဲ အသေပစ်ခတ်ခံခဲ့ရပါတယ်။
ပြင်သစ်နိုင်ငံမှာ ကန့်ကွက် ဆန္ဒပြမှုတွေ ထပ်မံဖြစ်ပွားနေချိန်မှာ အစိုးရရဲ့ ပင်စင်နဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲရေးဥပဒေကို ဆိုင်းငံ့ထားဖို့ နိုင်ငံရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်က တိုက်တွန်းလိုက်ပါတယ်။
ပြင်သစ်သမ္မတ မက်ကရွန်အနေနဲ့ စေ့စပ်ညှိနှိုင်းမှုပုံစံအချို့ကို သီတင်းပတ်ခြောက်ပတ်ခန့်ကြာတဲ့အထိ ဆိုင်းငံ့လက်ခံပေးဖို အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင် လော်ရန်းဘာဂါက တိုက်တွန်းထားပါတယ်။ ပြင်သစ်မှာ ပျမ်းမျှအငြိမ်းစားယူရမယ့် အသက်ကို ခြောက်ဆယ့်လေးနှစ်အဖြစ်သို့ တိုးမြှင့်ခဲ့တာကို သန်းနဲ့ချီတဲ့လူတွေက ကန့်ကွက်ဆန္ဒပြနေကြတာပါ။ ပြည်သူတွေရဲ့ လုံခြုံရေးကိုထိခိုက်စေတဲ့အခြေအနေလို့ပြောပြီး ဒီဆန္ဒပြမှုတွေကို ထိပ်တိုက် ရင်ဆိုင်ဖို့နိုင်ငံတစ်ဝန်းမှာ ရဲတပ်ဖွဲ့ဝင် အများအပြား ဖြန့်ကြက်ချထားမယ်လို့ ပြင်သစ်အစိုးရက ပြောပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆန္ဒပြမှုတွေမှာ ရဲတပ်ဖွဲ့ နဲ့ ဆန္ဒပြသူတွေကြား ပြင်းထန်စွာ ရုန်းရင်းဆန်ခတ်မှုတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။