နိုဝင်ဘာ ၃၀ ရက် ထိပ်တန်းသတင်းများ - ကျိုက်မရောမြို့ ချောင်းနှစ်ခွမှာ စစ်တပ်နဲ့ PDF တို့ တိုက်ပွဲပြင်းထန်နေဆဲ

ရေးသားခဲ့သည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာအပါအဝင် လှကဇိုင်း၊ ဖက်တေးကုန်းနဲ့ မယ်တရိုရွာတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊PDF ပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ကြား တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

စစ်ရေးအခြေအနေသိရှိသူတစ်ဦးကလည်း “ချောင်းနှစ်ခွနားမှာ တိုက်ပွဲက ဖြစ်နေတာ ၂ ပတ်ကျော်လောက်တော့ရှိပြီ။ ပစ်လိုက် ရပ်လိုက်ပဲ။ မနေ့ကအထိ စစ်တပ်ဘက်က လေယာဥ်တွေနဲ့လည်းပစ်တယ်” လို့ ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကနေ ချောင်းနှစ်ခွ၊ လှကဇိုင်း၊ ဖက်တေးကုန်းနဲ့ မယ်တရိုကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ‌ကြောင့် ဒေသခံတွေထိခိုက်သေဆုံးပြီး အရပ်သားအိမ်ခြေ ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ရက်ရှည်ကြာနေတဲ့ ဒီချောင်းနှစ်ခွတိုက်ပွဲအတွင်းမှာလည်း နှစ်ဖက်လုံးအထိအခိုက်အကျအဆုံးရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားကြပါတယ်။

ချောင်းနှစ်ခွရွာနဲ့ အနီးနားကရွာတွေမှာ စစ်တပ်နဲ့ PDF နှစ်ဖက်လုံးက လမ်းတွေပိတ်ဆို့ပြီး တပ်စွဲထားတာကြောင့် ရွာခံတော်တော်များများ ကျိုက်မရောမြို့နဲ့ မော်လမြိုင်-မုဒုံမြို့ပေါ်ဘက်ကို ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ကျိုက်မရောမြို့ပေါ်က စစ်ရှောင်စခန်းမှာလည်း ချောင်းနှစ်ခွဘက်က တိုက်ပွဲအခြေအနေတွေကြောင့် စစ်ရှောင်ဦးရေ ၂ သောင်းကျော်အထိရှိလာပြီး စားနပ်ရိက္ခာနဲ့ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ဘီဘီစီကိုပြောပါတယ်။

ချောင်းနှစ်ခွတံတားကို ပူးပေါင်းတပ်တွေဘက်ကနိုဝင်ဘာ ၁၇ ရက်က သိမ်းယူခဲ့သလို စစ်ကောင်စီဘက်က ပြန်လည် သိမ်းယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ ချောင်းနှစ်ခွတံတား ထက်ပိုင်းကျိုးပြီး ယာဥ်တွေ သွားလာလို့ မရတော့တာလည်းဖြစ်ပါတယ်။

ချောင်းနှစ်ခွတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေးသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကိုလည်း ဘီဘီစီကဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

မူဆယ် ၁၀၅ မိုင်ဂိတ်မှာ တိုက်ပွဲပြင်းထန်နေ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးထား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ နဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် တဝိုက်မှာ ဒီကနေ့ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ TNLA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ကတည်းက စစ်ကောင်စီရဲ့ ၁၀၅ မိုင် ဗျူဟာကုန်းနဲ့ နမ့်ပေါ်တံတားမှာရှိတဲ့ စစ်တပ်စခန်းကို ညီနောင် ၃ ဖွဲ့က တိုက်ခိုက်နေသလို စစ်တပ်ဘက်ကလည်း လေကြောင်းနဲ့ လက်နက်ကြီးတွေ အသုံးပြု ပြီး ပြန်လည် ပစ်ခတ်နေတယ်လို့ သိရပါတယ်။

စစ်တပ်ဘက်က မူဆယ် ၁၀၅ ကုန်သွယ်ရေးဇုန်တဝိုက်ကို ပြီးခဲ့တဲ့ ရက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မန့်မော်ရွာအတွင်းကျရောက်ပေါက်ကွဲလို့ ဒေသခံ နှစ်ဦး သေဆုံးခဲ့ပြီး လူနေအိမ်နဲ့ ဘုန်းကြီး‌ကျောင်းတွေ ပျက်စီးသွားတယ်လို့ ကယ်ဆယ်‌ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မနေ့ နိုဝင်ဘာ ၂၉ ရက်က မူဆယ်မြို့နဲ့ ၁၀၅ မိုင်ကြားမှာ သွားလာနေတဲ့ အရပ်သား ၃ ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရသလို နိုဝင်ဘာ ၂၈ ရက်က မူဆယ်မြို့နယ် ၁၀၅ မိုင် မန့်မော်ရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး အလောင်း သယ်ဆောင်ခွင့်ကို စစ်တပ်ကမပေးတဲ့အပြင် အရပ်သား ထိခိုက်ဒဏ်ရာရတာနဲ့ နေအိမ် ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းတွေကဖော်ပြပါတယ်။

မူဆယ် ၁၀၅ မိုင်ဂိတ်တဝိုက်ကို တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်ထားပြီး မန္တလေး-လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီး ကိုလည်း သွားလာခွင့်ပိတ်ထားတာဖြစ်ပါတယ်။

“ ၁၀၅ မိုင်ဘက်မှာလူတွေပိတ်မိနေကြတယ်။ ကျွန်တော်တို့ ပရဟိတအဖွဲ့တွေ ကယ်ဆယ်ရေးသမားတွေကိုတောင် ဖြတ်သန်းခွင့်မပေးဘူး။ ၁၀၅ မိုင်ဘက်က ဒေသခံတွေက ပိတ်မိသလိုဖြစ်နေတာ” လို့ သူကပြောပြခဲ့တာပါ။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မူဆယ် ၁၀၅ မိုင်မှာ နိုဝင်ဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီနဲ့မဟာမိတ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မဟာမိတ်တပ်ဘက်က လူတွေသေဆုံးပြီး လက်နက်တွေရရှိခဲ့တယ်လို့ ပြောထားပါတယ်။

တအာင်းတပ် (TNLA) ရဲ့ ပြန်ကြားရေးဘက်ကိုတော့ ဘီဘီစီအနေနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

MNDAA သိမ်းပိုက်ခဲ့တဲ့ ကုန်းကြမ်းက စစ်စခန်း ဘယ်လောက်အရေးကြီးလဲ

ကိုးကန့်တပ် MNDAA က ငါးရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက်မှာတော့ ကုန်းကြမ်းမြို့နယ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ အကြီးဆုံးစစ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီ လို့ နိုဝင်ဘာ ၂၉ ရက်က ကြေညာပါတယ်။

ရဟတ်ယာဉ်ကွင်းပါရှိပြီး လက်နက်ကြီးတွေပါ အထိုင်ချထားတဲ့ အမှတ် (၁၂၅) ခြေလျင်တပ်က တပ်ရင်းတစ်ရင်းလုံးအပါအဝင် ပြည်သူ့စစ်နဲ့ မိသားစုဝင် စုစုပေါင်း (၂၇၀) ကျော် လက်နက်ချအလင်းဝင်လာတယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ခလရ (၁၂၅) ဟာ ၁၉၉၂ ခုနှစ်ကတည်းက အခြေစိုက်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကုန်းကြမ်းဘက်မှာ တပ်မိသားစုဝင်တွေရဲ့ လုံခြုံရေး နဲ့ အသက် အန္တရာယ်အတွက် နေရာရွှေ့ပြောင်းပေးလိုက်ရတယ်လို့ ထုတ်ပြန်ပါတယ်။

MNDAA က ခလရ (၁၂၅) ကို သူတို့သိမ်းပိုက်နိုင်ခဲ့တဲ့ အခြေအနေကို ရုပ်သံနဲ့ထုတ်ပြန်ခဲ့ပြီး အရေးကြီးတဲ့သိမ်းပိုက်မှုတစ်ခုလို့ ထုတ်ပြန်ပါတယ်။

လက်နက်ချသူစာရင်းကို ခလရ (၁၂၅)တပ်ဖွဲ့ဝင် (၉၃)ဦး ၊ စကခ(၁၆) အဖွဲ့ဝင် (၃၆) ဦး ၊ စကခ(၁၂)အဖွဲ့ဝင်(၁၄)ဦး ၊ ပြည်သူ့စစ်အဖွဲ့ဝင်(၂၇)ဦး ၊ တပ်မိသားစုဝင်(၈၆)ဦး ၊ စစ်ဆင်ရေးအကြံပေး (၅)ဦး နဲ့ ရဲအဖွဲ့ဝင်(၁၁)ဦး စုစုပေါင်း (၂၇၂) ရှိတယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ကုန်းကြမ်းမြို့အဝင်မှာ ခလရ (၁၂၅)ကို တပ်စွဲထားပြီး အဲဒီဒေသကို ထိန်းချုပ်ထားတာ နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။

ကုန်းကြမ်းဒေသဟာ ဝေးလံခေါင်ဖျားပြီး လောက်ကိုင်မြို့မှာနေထိုင်သူတွေတောင် အရောက်အပေါက်နည်းတဲ့ နေရာဖြစ်ပါတယ်။ စစ်ရေးအရအရေးပါတဲ့ ကုန်းကြမ်းဒေသကို ဗမာပြည်ကွန်မြူနစ်ပါတီ လက်ထက်ကတည်း စစ်တပ်က တိုက်ပွဲတွေဆင်ပြီး စိုးမိုးနိုင်ဖို့ အားထုတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီမှာ တပ်မိသားစုဝင်အရေအတွက်က ကုန်းကြမ်းက မြို့ပေါ်ရပ်ကွက်နေထိုင်သူတွေထက်ပိုများပြီး မော်ထိုက်ဒေသအထိကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီထိန်းချုပ်မှုတွေကို နိုဝင်ဘာ ၂၈ ရက်မှာ MNDAA က ပြန်လည်ရရှိခဲ့ပြီ လို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။