အမေရိကန်လွှတ်တော်အမတ် ထုတ်ပယ်ခံရမှု ဘာတွေထူးခြားလဲ

    • ရေးသားသူ, အန်တိုနီ ဇာခါ
    • ရာထူးတာဝန်, ဘီဘီစီသတင်း၊မြောက်အမေရိက
  • ရေးသားခဲ့သည်။

ကိုယ်ကျင့်တရားပိုင်ဆိုင်ရာ ရှုတ်ချတဲ့ အစီရင်ခံစာနဲ့ ရာဇဝတ်မှုစွဲချက် ဒါဇင်ပေါင်းများစွာရှိခဲ့ပြီးတဲ့နောက် အမေရိကန်အောက်လွှတ်တော်ဟာ လွှတ်တော်အမတ် ဂျော့ ဆန်းတို့စ်ကို ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။

နယူးယောက်က ရီပတ်ဘလီကန်လွှတ်တော်အမတ် ဆန်းတို့စ်ဟာ သမိုင်းတစ်လျှောက် အောက်လွှတ်တော်ကနေ ထုတ်ပယ်ခံရတဲ့ ဆဌမမြောက်အမတ်လည်းဖြစ်ပြီး ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးထုတ်ပယ်ခံရသူလည်း ဖြစ်ပါတယ်။

သူ အမတ်အဖြစ် တာဝန်ထမ်းဆောင်ချိန်အတွင်း သူ့အတိတ်နဲ့ပတ်သက်လို့ လိမ်လည်မှုအပါအဝင် အခြားလိမ်ညာမှုများစွာ ပေါ်ထွက်လာခဲ့ပါတယ်။

လိမ်ညာမှုတွေဟာ ရွေးကောက်ပွဲပြီးနောက်မှသာ ဖော်ထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

မစ္စတာဆန်းတို့စ်ကို ထုတ်ပယ်ဖို့ ယခင်က နှစ်ကြိမ်တိုင်တိုင် မဲပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဒီဇင်ဘာ ၁ ရက် မဲပေးမှုကျမှသာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

မစ္စတာဆန်းတို့စ်ဟာ ကွင်းစ်က အသက် ၃၅ နှစ်အရွယ် အမတ်ဖြစ်ပြီး လွှတ်တော်တွင်း မဲပေးဆုံးဖြတ်မှုရလဒ်အရ ထုတ်ပယ်ခံရတော့မယ်ဆိုတာ ရှင်းလင်းနေပြီဖြစ်တဲ့အတွက် မဲရေတွက်မှုကိုတောင် ပြီးစီးအောင် မစောင့်တော့ဘဲ လွှတ်တော်အဆောက်အအုံထဲက ထွက်လာခဲ့ပါတယ်။

အပြင်မှာတော့ သူ့ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်သူများစွာရှိနေပြီး သူဟာ စောင့်ဆိုင်းနေတဲ့ ကားထဲကို ဝင်သွားခဲ့ပါတယ်။

“လွှတ်တော်အမတ် တရားဝင်မဟုတ်တော့တဲ့အတွက် ခင်ဗျားတို့မေးတဲ့ မေးခွန်းတစ်ခုတလေကိုတောင် ဖြေစရာမလိုတော့ဘူး” လို့ သူက ပြောပါတယ်။

လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲ ၃၁၁ မဲနဲ့ ကန့်ကွက်မဲ ၁၁၄ မဲရရှိခဲ့ပါတယ်။

ဒီမိုကရက်တစ်အမတ် ၂၀၆ ဦးနဲ့ ရီပတ်ဘလီကန်အမတ် ၁၀၅ ဦးတို့က သူ့ကို ထုတ်ပယ်ဖို့ အဆိုကို မဲပေးခဲ့ကြပါတယ်။

သူ့ကိုထုတ်ပယ်ကြောင်း အဆိုကို အတည်ပြုပြီးတဲ့အခါ အောက်လွှတ်တော်တွင်း နေရာတချို့မှာ လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။

အမတ်အဖြစ် ၁၁ လ တာဝန်ထမ်းဆောင်ပြီးနောက်မှာ မစ္စတာဆန်းတို့စ်ဟာ အငြင်းပွားစရာတစ်ခုပြီးတစ်ခုကြုံခဲ့ရပြီး သူ့ကို ရာထူးက ထုတ်ပယ်ပေးဖို့ ပါတီနှစ်ခုစလုံးက အမတ်တွေက တောင်းဆိုခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာမှာ နယူးယောက်တိုင်းမ်သတင်းစာက မစ္စတာဆန်းတို့စ်ဟာ ဝေါစထရိမှာ ရာထူးကြီးကြီးထမ်းဆောင်ခဲ့တာ၊ ကောလိပ်ဘွဲ့ရတာနဲ့ ဂျူးသွေးပါတာတွေနဲ့ပတ်သက်လို့ လိမ်လည်ခဲ့တယ်လို့ ဖော်ပြခဲ့ရာကနေ သူနဲ့ပတ်သက်တဲ့ ပြဿနာတွေစတင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအချိန်ကစလို့ စွပ်စွဲချက်တွေ တစ်ခုပြီးတစ်ခု တိုးလာခဲ့ပါတယ်။

သူဟာ ပင်ဆီဗေးနီးယားမှာနေတဲ့ အမစ်ရှ်မျိုးနွယ်က ခွေးမွေးသူတစ်ဦးကို လိမ်လည်ခဲ့မှုကနေ သူ့မိခင်ဟာ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုမှာ သေဆုံးခဲ့တယ်ဆိုတဲ့အထိ လိမ်လည်ပြောဆိုမှုများစွာကို ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

မေလမှာတော့ သူဟာ ငွေကြေးလွှဲပြောင်းလိမ်လည်မှု၊ ငွေမည်းခဝါချမှုနဲ့ ပြည်သူပိုင်ငွေအလွဲသုံးစားလုပ်မှုတွေအပါအဝင် ပြည်ထောင်စုအဆင့်ရှိ ပြစ်မှု ၃၂ မှုတို့နဲ့ စွပ်စွဲခံခဲ့ရပါတယ်။

သူက စွပ်စွဲချက်တွေကို ငြင်းပယ်ထားပြီး ရုံးတင်ခံရဖို့ စောင့်ဆိုင်းနေရပါတယ်။

သူဟာ အောက်လွှတ်တော်အမတ်ဖြစ်မှုကို အလုံးစုံအသုံးချပြီး ပုဂ္ဂလိကဘဏ္ဍာရေးအကျိုးစီးပွားရှာဖွေခဲ့တယ်လို့ အောက်လွှတ်တော်ကိုယ်ကျင့်တရားရေးရာကော်မတီက လွန်ခဲ့တဲ့လမှာ စစ်ဆေးတွေ့ရှိပြီးနောက်မှာတော့ သူ့အတွက် ရှေ့ဆက်ရမယ့် လမ်းပိတ်သွားပြီဖြစ်ပါတယ်။

သူဟာ မဲဆွယ်စည်းရုံးရေးရန်ပုံငွေတွေကို အသားအရေထိန်းသိမ်းပြုပြင်ရာမှာ အသုံးပြုမှု၊ အကြွေးဝယ်ကတ်ကို ခွင့်ပြုတာထက် ပိုမိုသုံးစွဲကာအကြွေးပိမှု၊ အပြာဗီဒီယိုအပါအဝင် ကြည့်ရှုရတဲ့ အကြောင်းအရာအတွက် ငွေပေးချေရတဲ့ OnlyFans မီဒီယာအသုံးပြုမှု၊ နယူးယောက်က ဟမ်တန်စ်ပင်လယ်ကမ်းခြေအပန်းဖြေစခန်းသို့ အကြိမ်ကြိမ်သွားရောက်မှုတို့အပါအဝင် အလွဲသုံးစားမှုတွေကို ကျူးလွန်ခဲ့တယ်လို့ ကော်မတီက စွပ်စွဲခဲ့ပါတယ်။

အမေရိကန်ကွန်ဂရက်စ်မှာ ထုတ်ပယ်ဖို့ မဲပေးတာဟာ ရှားတောင့်ရှားခဲဖြစ်ပြီး အောက်လွှတ်တော်အမတ် သုံးပုံနှစ်ပုံက ထောက်ခံဖို့လိုအပ်ပါတယ်။

မစ္စတာဆန်တို့စ်ကို ထုတ်ပယ်ဖို့ ယခင်က နှစ်ကြိမ်မဲပေးခဲ့ပေမယ့် ရာဇဝတ်မှုကျူးလွန်ကြောင်း တရားစွဲဆိုမခံရသေးတာနဲ့ တရားရုံးမှာ စစ်ဆေးမခံရသေးတာတို့ရှိနေတာကြောင့် မကောင်းတဲ့ဥပမာတစ်ခု ဖြစ်လာနိုင်တယ်ဆိုပြီး လွှတ်တော်အမတ်တွေက ဆုံးဖြတ်ခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။

“နောက်ဘယ်သူထုတ်ပယ်ခံရမယ်မသိဘူး” လို့ ထုတ်ပယ်ဖို့မဲပေးရာမှာ ကန့်ကွက်မဲပေးခဲ့တဲ့ ရီပတ်ဘလီကန်အမတ် ဂျင် ဂျော်ဒန်က ဘီဘီစီသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

“မဲဆန္ဒရှင်တွေက သူ့ကို ရွေးချယ်ခဲ့တာ၊ မဲဆန္ဒရှင်တွေက ကွန်ဂရက်စ်ကို စေလွှတ်လိုက်တဲ့သူကို ကွန်ဂရက်စ်ကနေ ထုတ်ပယ်ဖို့ မဲပေးရာမှာ သတိထားဖို့တော့ လိုပါတယ်” လို့ သူက ပြောဆိုခဲ့ပါတယ်။

မစ္စတာဆန်းတို့စ်နဲ့အတူ ရွေးကောက်ခံခဲ့ရတဲ့ နယူးယောက်က အခြားရီပတ်ဘလီကန်လေးဦးကလည်း ဆန်းတို့စ်ကို ထုတ်ပယ်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

လွှတ်တော်အမတ်တွေ ကိုယ်ကျင့်တရားမြင့်မားရမယ်ဆိုတာ သာဓကရှိပြီးသားပဲ လို့ အမတ်တစ်ဦးဖြစ်တဲ့ အန်ထော်နီ ဒအက်စ်ပိုစီးတိုက ပြောဆိုခဲ့ပါတယ်။

‘’ဒီအဆင့်လောက်ထိ ရောက်လာစရာမလိုဘူး၊ သူ့တာဝန်သူယူတတ်ရင် သူ့ဘာသူနုတ်ထွက်လိုက်သင့်တာ’’ လို့ သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ကိုယ်ကျင့်တရားရေးရာကော်မတီရဲ့ အစီရင်ခံစာထွက်ပေါ်လာပြီး ရက်ပိုင်းအတွင်း မစ္စတာဆန်းတို့စ်ဟာ နုတ်ထွက်မှာမဟုတ်ဘူးလို့ ပြောဆိုပြီး လုပ်ဖော်ကိုင်ဖက်တွေကို အွန်လိုင်းကနေ စော်ကားတာတွေ၊ ‘’ထုတ်ရဲထုတ်ကြည့်’’ ဆိုပြီး စိန်ခေါ်တာတွေလုပ်ခဲ့ပါတယ်။

‘’ဒီနေရာက ကြောင်သူတွေအပြည့်ရှိနေတာ၊ သူတို့က ကျွန်တော့်ကို ကွန်ဂရက်စ်ကနေ ထွက်ခွာဖို့ မဲပေးရဲပေးကြည့်စမ်းပါလေ’’ လို့ ယခုအပတ်အစောပိုင်းမှာ သူက သတင်းသမားတွေကို ပြောဆိုခဲ့ပါတယ်။

သူ့မဲဆန္ဒနယ်က ပြည်သူတွေကတော့ ထုတ်ပယ်ခံရတဲ့ သတင်းကို ကြိုဆိုခဲ့ကြပြီး တစ်ဦးကဆိုရင် “ဘုရားမတာပဲ” လို့တောင် ပြောခဲ့ပါတယ်။

“သူထုတ်ပယ်ခံရတာဟာ ဒီမိုကရေစီစနစ်အတွက် အောင်ပွဲဖြစ်ပါတယ်” လို့ မစ္စတာဆန်တို့စ် ထုတ်ပယ်ခံရရေး လှုပ်ရှားခဲ့တဲ့ ဂျိုဒီ ကက်စ်ဖင်ကယ်က ပြောဆိုခဲ့ပါတယ်။

“ဒီလူက အရှက်လည်းမရှိဘူး သူကိုယ်တိုင်လည်း နုတ်ထွက်မှာမဟုတ်တဲ့အတွက် ဒီနည်းတစ်ခုပဲရှိတော့တယ်ဆိုတာ သိပါတယ်” လို့ သူက ပြောဆိုခဲ့ပါတယ်။

မဲရလဒ်တွေကို အတည်ပြုပြီးတာနဲ့ မစ္စတာဆန်တို့စ်ဟာ လွှတ်တော်အမတ်ဟောင်းဖြစ်သွားပါပြီ။ သူ့တရားဝင်ဝက်ဘ်ဆိုက်ကို ဖြုတ်ချလိုက်ပြီး သူ့ဝန်ထမ်းရေးရာဖုန်းဟာလည်း ကြိုတင်သွင်းယူထားတဲ့ အသံဖိုင်နဲ့ တုံ့ပြန်မှုသာရှိတော့ကာ သူ့ရုံးခန်းရှေ့က နာမည်တံဆိပ်ပြားကိုလည်း ဖယ်ရှားလိုက်ပါပြီ။

ရုံးခန်းဝမှာတော့ ‘ဟုတ်ကဲ့ ရုံးဖွင့်ပါတယ်’ လို့ ရေးထားတဲ့ စာသားရှိနေပေမယ့် ရုံးခန်းထဲမှာ လှုပ်ရှားမှုမမြင်ရဘဲ ဝင်ပေါက်မှာ ချထားတဲ့ ပန်းစည်းတွေကို ဝန်ထမ်းတစ်ဦးက ခပ်သုတ်သုတ်လာကောက်သွားပါတယ်။

မစ္စတာဆန်းတို့စ်ဟာ ဥပဒေကြမ်းတွေနဲ့ပတ်သက်လို့ မဲပေးခွင့်မရှိတော့သလို အစိုးရရဲ့ ကျန်းမာရေးခံစားခွင့်တွေကိုလည်း ရရှိတော့မှာမဟုတ်ဘဲ လွှတ်တော်အမတ်တွေအတွက်ပေးတဲ့ ပင်စင်လစာလည်းရတော့မှာမဟုတ်ပါဘူး။

ဒါပေမဲ့ လွှတ်တော်အမတ်ဟောင်းတွေရရှိတဲ့ ခံစားခွင့်တွေဖြစ်တဲ့ အောက်လွှတ်တော်က သီးသန့်စားသောက်ဆိုင်မှာ စားသောက်ခွင့်၊ လွှတ်တော်အားကစားခန်းမမှာ လေ့ကျင့်ခန်းလုပ်ခွင့်၊ ကွန်ဂရက်စ်စာကြည့်တိုက်ကနေ စာအုပ်ငှားရမ်းခွင့်တို့တော့ ရရှိဦးမှာဖြစ်ပါတယ်။

နယူးယောက်အုပ်ချုပ်ရေးမှူး ကေသီ ဟိုချယ်ဟာ ရွေးကောက်ပွဲကျင်းပဖို့ ၁၀ ရက်အတွင်း ကြေညာရမှာဖြစ်ပြီး ရွေးကောက်ပွဲကိုလာမယ့် ဖေဖော်ဝါရီမှာ ပြုလုပ်ဖွယ်ရှိနေပါတယ်။

ဒီမိုကရက်လိုလားသူတွေများတဲ့ စီရင်စုမှာ အနိုင်ရရှိပြီး ကွန်ဂရက်စ်ကို ရွေးကောက်တင်မြှောက်ခံရတဲ့ ရီပတ်ဘလီကန်တွေအတွက် လိင်တူချစ်သူအဖြစ် ပထမဆုံးအကြိမ်လူသိရှင်ကြားထုတ်ဖော်သူဖြစ်တဲ့ မစ္စတာဆန်းတို့စ်အတွက် မြင့်မြင့်ပျံပြီး အနိမ့်ဆုံးကို ကျဆင်းသွားတာလည်းဖြစ်ပါတယ်။

လာမယ့်နှစ်မှာ ပြည်ထောင်စုအဆင့်လိမ်လည်မှုကို ရုံးတင်စစ်ဆေးမှာဖြစ်လို့ မစ္စတာဆန်းတို့စ်ဟာ အခုနှစ်အစောပိုင်းမှာ မွေးရပ်ဘရာဇီးမှာလုပ်ခဲ့သလို ထောင်မကျချင်ရင် ဥပဒေအရာရှိတွေနဲ့ အပြစ်ရှိကြောင်းဝန်ခံကာ သဘောတူညီမှုယူရတော့မှာဖြစ်ပါတယ်။

မဟုတ်ရင်တော့ သူဟာ အနည်းဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခံရတော့မှာဖြစ်ပါတယ်။