ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရေလက်ကြား ဖြတ်ပြီး အင်္ဂလန်နိုင်ငံထဲ၀င်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၆ ဦး ရေနစ်သေဆုံး-သြဂုတ်လ ၁၂ ရက် ညပိုင်း နိုင်ငံတကာသတင်းများ
ကမ္ဘာပေါ်မှာ သင်္ဘောအသွားအလာ အများဆုံး ရေလမ်းကြောင်းဖြစ်တဲ့ အင်္ဂလိပ် ရေလက်ကြားကို ဖြတ်ပြီး အင်္ဂလန်နိုင်ငံထဲ ခိုးဝင်ဖို့ ကြိုးစားရင်း ရွှေ့ပြောင်းဒုက္ခသည် ၆ ဦး ရေနစ်သေဆုံးခဲ့ရအပြီးမှာ ပျောက်ဆုံးနေတယ်လို့ ယူဆရသူ နောက်ထပ် လူ ၁၀ ဦးလောက်ကို ရေလက်ကြားထဲမှာ ဗြိတိသျှနဲ့ ပြင်သစ် သင်္ဘောတွေနဲ့ လိုက်လံ ရှာဖွေနေပါတယ်။
လူတွေမတန်တဆ တင်ဆောင်လာတဲ့ သူတို့ရဲ့လှေငယ်တွေ ဒီကနေ့မနက် လင်းအားကြီးအချိန်မှာ ပြင်သစ်ကမ်းရိုးတန်းနားမှာ စနစ်မြုပ်သွားခဲ့တာပါ။
လှေတွေပေါ်ပါလာသူတွေက လှေတွေထဲကရေတွေကို သူတို့ရဲ့ ဖိနပ်တွေနဲ့တောင် အသည်းအသန် ခပ်ထုတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။
အသက်ရှင်လွတ်မြောက်လာသူ ၅၀ ကျော်လောက်ကို အင်္ဂလိပ် ရေလက်ကြားရဲ့ ကမ်းနှစ်ဖက်စလုံးဆီ ခေါ်ဆောင် ကယ်တင်ခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ပြင်သစ်နိုင်ငံကနေ အင်္ဂလိပ် ရေလက်ကြားကို လှေငယ်လေးတွေနဲ့ ဖြတ်ပြီး ဗြိတိန်နိုင်ငံထဲ ခိုးဝင်ဖို့ ကြိုးစားခဲ့ကြသူ ရွှေ့ပြောင်း ဒုက္ခသည်ပေါင်း တစ်သိန်းကျော်လောက် ရှိခဲ့ပါတယ်။
ဖူကူရှီးမား နျူကလီးယား ညစ်ညမ်းရေ သမုဒ္ဒရာထဲ စွန့်ပစ်ဖို့ အစီအစဉ် တောင်ကိုရီးယားတွေ ကန့်ကွက်ဆန္ဒပြ
ဖူကူရှီးမား နျူကလီးယားစက်ရုံက ညစ်ညမ်းရေတွေကို သမုဒ္ဒရာထဲ စွန့်ပစ်ဖို့ ဂျပန်အစိုးရက စီစဉ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ တောင်ကိုရီးယား လူမျိုး ထောင်နဲ့ချီ ဆိုးလ်မြို့တော်မှာ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီအစီအစဉ်ကို ပယ်ဖျက်ပေးဖို့ ဂျပန်အစိုးရကို ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြသလို ဒီအစီအစဉ်ကို ခွင့်ပြုခဲ့တဲ့ တောင်ကိုရီးယားအစိုးရအပေါ် ဒေါသအမျက်ထွက်နေကြတယ်ဆိုတာကိုလည်း ထုတ်ဖော်ပြခဲ့ကြပါတယ်။
ဒီအစီအစဉ်ကို IAEA နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီအဖွဲ့ကလည်း ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်ကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးတွေ ဖြစ်လာစေမှာကို တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံက ပြည်သူအတော်များများက စိုးရိမ်နေကြပါတယ်။
၂၀၁၁ ခုနှစ်တုန်းက ဆူနာမီ လှိုင်းကြောင့် ငလျင် လှုပ်ခတ်မှု ဖြစ်ပွားခဲ့ရာကနေ ဖူကူရှီးမား စက်ရုံမှာ ရှိတဲ့ ဓာတ်ပေါင်းဖို ၃ ခု ရေလွှမ်းမိုးခဲ့တာ ဖြစ်ပါတယ်။
ပါကစ္စတန်မှာ ယာယီဝန်ကြီးချုပ် ခန့်အပ်ဖို့ သဘောတူ
ပါကစ္စတန်နိုင်ငံမှာ ယာယီ ဝန်ကြီးချုပ်တစ်ဦး ခန့်ထားရေးနဲ့ ပတ်သက်လို့ ရာထူးကနေ နုတ်ထွက်တော့မယ့် ရှေဘက်ဇ် ရှာရစ်ဖ်နဲ့ အတိုက်အခံခေါင်းဆောင် ရာဂျာ ရီယက်ဇ် တို့အကြား သဘောတူချက် ရသွားကြပြီ ဖြစ်ပါတယ်။
ယာယီဝန်ကြီးချုပ် အဖြစ် ခန့်ထားမယ့်သူဟာ ဘာလိုခစ္စတန် ပြည်နယ်က လူသိနည်းတဲ့ အထက်လွှတ်တော်အမတ် အန်နဝါ အူလ် ဟက်က် ကကာ ဆိုသူ ဖြစ်ပါတယ်။
သူဟာ ရွေးကောက်ပွဲကို ကြီးကြပ်ဖို့ ယာယီအစိုးရအဖွဲ့ကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။
ပါကစ္စတန် လွှတ်တော်ကို ဖျက်သိမ်းလိုက်အပြီး ၃ ရက်အကြာမှာပဲ အခုလို သဘောတူချက် ရခဲ့ကြတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကို ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးရ သန်းခေါင်စာရင်း အချက်အလက်တွေအရ မဲဆန္ဒနယ်မြေတချို့ကို ပြန်လည် ပြင်ဆင်ရေးဆွဲဖို့ ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောတဲ့အတွက် ရွေးကောက်ပွဲ ကျင်းပဖို့ နှောင့်နှေးမယ့်ပုံ ရှိနေပါတယ်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရာသီဥတု ဆိုးရွားပြင်းထန်နေ
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ အခုလောလောဆယ် ကြုံတွေ့နေရတဲ့ ရာသီဥတု ဆိုးရွားပြင်းထန်မှုတွေအတွင်း ပျောက်ဆုံးနေသူ ၁၆ ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံရှာဖွေနေပါတယ်။
ရှီယန်းမြို့နားမှာ ရုတ်တရက် ရေကြီးပြီး ရွှံမြေပြိုကျခဲ့ရာမှာ လူ နှစ်ဦး သေဆုံးခဲ့တယ်လို့ တရုတ်အစိုးရ သတင်းမီဒီယာက ထုတ်ဖော် ကြေညာခဲ့ပါတယ်။
ဘေဂျင်းမြို့မှာလည်း မိုးသည်းထန်ပြီး လေပြင်းတွေ တိုက်ခတ်နေတဲ့အတွက် မီးရထား ခရီးစဉ်တချို့ ဆိုင်းငံ့ထားရပါတယ်။
တရုတ်နိုင်ငံရဲ့ နေရာဒေသတချို့မှာ ဒေါ့ခ်ဆူရီ တိုင်ဖွန်းမုန်တိုင်း စတိုက်ခတ်ခဲ့တဲ့ ပြီးခဲ့တဲ့လ ကုန်ပိုင်းလောက်ကတည်းကစလို့ စံချိန်တင်ရလောက်အောင် မိုးရွာသွန်းမှုတွေ ဖြစ်ခဲ့ပါတယ်။
သောကြာနေ့တုန်းက ခေါ်ဘေး ပြည်နယ်မှာ ရေကြီးမှုတွေကြောင့် လူ ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။