အိန္ဒိယက ဘီဘီစီရုံးတွေကို အခွန်အရာရှိတွေ ဝင်စစ်

ရေးသားခဲ့သည်။

ဂျော့ချ်ရိုက်

ဘီဘီစီသတင်း

အိန္ဒိယနိုင်ငံမှာ ရှိတဲ့ ဘီဘီစီရုံးတွေကို ဝင်ငွေခွန် စစ်ဆေးတဲ့ အာဏာပိုင်တွေရဲ့ စစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် ရှာဖွေ စစ်ဆေးခံရပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီကို ဝေဖန်ဆန်းစစ်ထားတဲ့ မှတ်တမ်းရုပ်ရှင်ကားတစ်ခုကို ယူကေမှာ ဘီဘီစီက ပြသပြီး သီတင်းပတ်တွေအကြာမှာ နယူးဒေလီနဲ့ မွန်ဘိုင်းမှာ ရှိတဲ့ ရုံးတွေ ရှာဖွေခံရတာပါ။

ဒီမှတ်တမ်းတင်ဗီဒီယိုမှာ ၂၀၀၂ ခုနှစ် ဂူဂျာရတ်မှာ ဖြစ်ခဲ့တဲ့ မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုမှာ အဲဒီအချိန်တုန်းက ပြည်နယ် ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ နာရင်ဒြာမိုဒီရဲ့ အခန်းကဏ္ဍကို အဓိက ဖော်ပြထားပါတယ်။

အခု ရှာဖွေခံရမှုမှာ အာဏာပိုင်တွေနဲ့ "အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေတယ်" လို့ ဘီဘီစီက ဆိုပါတယ်။

"ဒီအခြေအနေကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း" ဘီဘီစီရဲ့ ထုတ်ပြန်ချက်အကျဉ်းမှာ ပါရှိပါတယ်။

ဒီမှတ်တမ်းကားကို ယူကေ ရုပ်သံတွေမှာပဲ ထုတ်လွှင့်ပေမဲ့ အိန္ဒိယ အစိုးရကတော့ အိန္ဒိယမှာ လူတွေ ဒီဇာတ်လမ်းကို အချင်းချင်း လက်ဆင့်ကမ်းဝေမျှကြည့်တာကို တားမြစ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

India: The Modi Question ဆိုတဲ့ မှတ်တမ်းဗီဒီယိုကို "ကိုလိုနီစိတ်ဓာတ်နဲ့" "ရန်မီးမွှေး ဝါဒဖြန့်မှု၊ အိန္ဒိယဆန့်ကျင်ရေး မဟုတ်မမှန် ဗီဒီယို" လို့ လည်း အိန္ဒိယအစိုးရက ပြောပါတယ်။

ပြီးခဲ့တဲ့လက ဒီရုပ်ရှင်ကြည့်ဖို့ စုဝေးနေကြတဲ့ ဒေလီမြို့က ကျောင်းသားတွေကိုလည်း ရဲက ထိန်းသိမ်းခဲ့ပါတယ်။

အင်္ဂါနေ့က ရှာဖွေမှုဟာ ရွံရှာစရာ ဖြစ်ပြီး မိုဒီအစိုးရက ဝေဖန်မှုတွေကို ကြောက်ရွံ့တယ်ဆိုတာကို ပြနေတာပဲလို့ အတိုက်အခံ ကွန်ဂရက်စ်ပါတီ အတွင်းရေးမှူး ကေစီ ဗီနုဂိုပါးက ပြောပါတယ်။

ဒါပေမဲ့ မစ္စတာမိုဒီရဲ့ ဘီဂျေပီပါတီက ပြောခွင့်ရ ဂေါရက်ဗ် ဘာတီယာကတော့ “ဘီဘီစီဟာ ကမ္ဘာမှာ အကျင့်အပျက်ဆုံး အဖွဲ့အစည်းပဲ” လို့ ပြောပါတယ်။

"ခင်ဗျားတို့ အဆိပ်တွေ လျှောက်မဖြန့်သရွေ့ အိန္ဒိယဟာ အဖွဲ့အစည်းတိုင်းအတွက် အခွင့်အရေးပေးထားတယ်"လို့ လည်း သူက ဆိုပါတယ်။

ဒါ့အပြင် ဘီဘီစီရုံးတွေကို ရှာဖွေမှုတွေဟာ ဥပဒေအတိုင်းဖြစ်ပြီး အခုအချိန်မှာ ဝင်ရှာတာကလည်း အစိုးရနဲ့ ဘာမှ မဆိုင်ဘူးလို့ ဆိုပါတယ်။

အိန္ဒိယက လွတ်လပ်တဲ့ သတင်းမီဒီယာသမားများ အဖွဲ့အစည်း The Editors Guild of India ကတော့ ဒီလုပ်ရပ်အတွက် "များစွာ စိုးရိမ်တယ်" လို့ ဆိုပါတယ်။

ဒီမှတ်တမ်းဇာတ်လမ်းမှာ မစ္စတာ မိုဒီရဲ့ ပထမဆုံး နိုင်ငံရေး ဘဝ အကြောင်းတွေကို ခြေရာခံထားပါတယ်။ ဒါတွေထဲမှာ ဘီဂျေပီပါတီထဲမှာ အဆင့်မြင့်ပိုင်းကို ရောက်လာပြီး အနောက်ပိုင်း ဂူဂျာရက်ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ခန့်အပ်ခံရပုံတွေ ပါဝင်ပါတယ်။

အဲဒီ ပြသမှုတွေထဲမှာ အရင်တုန်းက မပြသဖူးတဲ့၊ ဘီဘီစီက ယူကေနိုင်ငံခြားရေး ဝန်ကြီးဌာနက ရခဲ့တဲ့ မှတ်တမ်းတစ်ခုလည်း ပါပါတယ်။ ဒါက ဘာသာရေး အဓိကရုဏ်းတွေအတွင်းမှာ မစ္စတာမိုဒီရဲ့ လုပ်ဆောင်ချက်တွေကို မေးခွန်းထုတ်ထားပါတယ်။

ဒီအဓိကရုဏ်းဟာ ဟိန္ဒူဘုရားဖူးတွေ စီးလာတဲ့ ရထား မီးရှို့ခံရလို့ လူတွေ ဒါဇင်ချီသေဆုံးပြီး နောက်တစ်ရက်အကြာမှာ ဖြစ်ခဲ့တာပါ။ အဲဒီနောက် နောက်ဆက်တွဲ အကြမ်းဖက်မှုတွေမှာ မွတ်ဆလင်တွေအများစု ဖြစ်ကြတဲ့ လူ ၁၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ယူကေနိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ မှတ်တမ်းထဲမှာ မစ္စတာ မိုဒီကို "တိုက်ရိုက် တာဝန်ရှိသူ"၊ ဒီ အကြမ်းဖက်မှုကို ဖန်တီးသူလို့ ဆိုထားပါတယ်။

မစ္စတာမိုဒီကတော့ သူ့ကို စွပ်စွဲမှုတွေကို ငြင်းဆန်ထားပြီး ဒီအဓိကရုဏ်းတွေအတွက် တောင်းပန်ထားတာ မရှိပါဘူး။ သူ့ကို အပြစ်ပေးဖို့ လုံလောက်တဲ့ သက်သေမရှိဘူးလို့ တရားရုံးချုပ် ခုံရုံးတစ်ခုကလည်း ၂၀၁၃ ခုနှစ်မှာ ပြောထားပါတယ်။

ဘီဘီစီကတော့ ပြီးခဲ့တဲ့လမှာ အိန္ဒိယ အစိုးရကို ဒီမှတ်တမ်းဇာတ်လမ်းနဲ့ ပတ်သက်ပြီး တုံ့ပြန်ဖို့ မေးမြန်းခဲ့ပေမဲ့ အစိုးရက ဖြေဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒီမှတ်တမ်း ဇာတ်လမ်းဟာ သေသေချာချာ မှတ်တမ်းတင်စစ်ဆေးထားတာ ဖြစ်ပြီး ဘက်ပေါင်းများစွာက သဘောထား အမြင်တွေ၊ မျက်မြင်သက်သေတွေ၊ ကျွမ်းကျင်သူတွေကို ချဥ်းကပ်မေးမြန်းထားတဲ့ သဘောထားမျိုးစုံ ပါဝင်ရာမှာ မစ္စတာမိုဒီရဲ့ ဘီဂျေပီပါတီက လူတွေရဲ့ တုံ့ပြန်ချက်တွေလည်း ပါဝင်တယ်လို့ ဘီဘီစီက ပြောပါတယ်။

ယူကေဝန်ကြီးချုပ် ရီရှီဆူးနက်ကို ပြီးခဲ့တဲ့လက ဒီမှတ်တမ်းရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး ပါလီမန်မှာ မေးမြန်းခံခဲ့ရပါတယ်။ လူမျိုးရေး ဘာသာရေးကြောင့် ဖိနှိပ်ညှဥ်းပန်းမှုတွေကို ဘယ်နေရာမှာမှ သည်းမခံဘူးလို့ သူက ပြောပါတယ်။ ဒါပေမဲ့ မစ္စတာမိုဒီကို ပုံဖော်ထားတာကိုတော့ သဘောမတူဘူးလို့ ပြောပါတယ်။

အစိုးရကို ဝေဖန်တဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားတာဟာ အိန္ဒိယမှာ မဆန်းတော့ပါဘူး။

လူ့အခွင့်အရေးအဖွဲ့တွေကို အိန္ဒိယအစိုးရက မလိုလား ရှင်းလင်းဖယ်ရှားနေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အေအိုင်က စွပ်စွဲခဲ့တဲ့အတွက် ၂၀၂၀ မှာ အေအိုင် ကို အိန္ဒိယနိုင်ငံထဲက အလုပ်တွေ အတင်းအကျပ် ရပ်နားစေခဲ့ပါတယ်။

Oxfam အဖွဲ့ကိုလည်း ပြီးခဲ့တဲ့နှစ်က တခြား အစိုးရမဟုတ်သော အဖွဲ့အစည်းတွေနဲ့အတူ ရှာဖွေခဲ့ပါသေးတယ်။