ဇန်နဝါရီလ ၂၅ ရက် ထိပ်တန်းသတင်းများ - ခြံနံပါတ် ၅၄ ကို ကျပ်ငွေ ၃၁၅ ဘီလျံနဲ့ လေလံတင်မယ်

ရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်‌နေထိုင်တဲ့ ရန်ကုန်နေအိမ် ခြံနံပါတ် ၅၄ ကို ကျပ်ငွေ ၃၁၅ ဘီလျံနဲ့ လေလံကြမ်း‌ခင်းစျေးသတ်မှတ်ပြီး ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်မှာ နေအိမ်ရှေ့မှာ လေလံတင် ရောင်းချမယ်လို့ ရန်ကုန်မြို့၊ ကမာရွတ်ခရိုင်တရားရုံးက ဒီကနေ့ အမိန့်ချလိုက်ပါတယ်။

လေလံတင်ရောင်းချမှုကို နေအိမ်ရှေ့မှာပဲလုပ်ဖို့လည်း ဆုံးဖြတ်ကြောင်းတရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်တဲ့ ခြံနံပါတ် ၅၄ နေအိမ်နဲ့ ခြံကွက်အမွေအမှုမှာ သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦးရဲ့ ခြံနံပါတ် ၅၄ ခြံကြီးနဲ့ ခြံထဲက နေအိမ်တို့ကို အမွေခွဲဖို့ ၂၀၂၂ ခုနှစ်က အထူးအယူခံတက်တဲ့တောင်းဆိုခဲ့ပါတယ်။

အဲဒီအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခွင့်ပြုအနိုင်ပေးခဲ့ပြီးတဲ့နောက်မှာ အခုလိုနောက်ဆက်တွဲအမိန့် ထွက်ပေါ်လာတာပါ။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း‌က ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ခြံနံပါတ် ၅၄ သတင်းနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဘီဘီစီကဆက်လက်ဖော်ပြပေးပါမယ်။

ဆီဆိုင်မှာ စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲနေ

ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်မြို့မှာ PNLA၊ KNDF နဲ့ PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား ဒီနေ့ နေ့ခင်းပိုင်းအထိ တိုက်ပွဲဖြစ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေအပါအဝင် ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

‘‘၁၁ နာရီလောက်အထိ ချနေကြတယ်။ ပစ်တာ အခုအထိ ပစ်နေတုန်းပဲ။ လေယာဥ်နဲ့ (ဗုံး)လာချ ပစ်နေတယ်’’ လို့ ဒေသခံတွေ နေရာပြောင်းရွှေ့ရေး မြို့တွင်းကို ကူညီကယ်ဆယ်ရေးသွားခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဆီဆိုင်မြို့တွင်းက ရဲစခန်းနဲ့ မြို့ကနေ တောင်ကြီးဘက်ကိုအထွက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဆီဆိုင်မြို့က စစ်ကောင်စီတပ် ရဲစခန်းနဲ့ တပ်စခန်းတွေကို တိုက်ခိုက်မှုဟာ မနေ့ နေ့လည်ပိုင်းကတည်းက စတင်တာဖြစ်ပြီး တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲချတာကြောင့် မြကန်သာရပ်ကွက်မှာ အရပ်သား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

‘‘ဆီဆိုင်မြို့ထဲမှာတော့ တိုက်ပွဲတွေကြောင့် မနေ့ကတည်းကဆိုရင် မီးလောင်တဲ့နေရာ ၃ နေရာအထိရှိနေပြီ။ နေအိမ်တော်တော်များများလည်း မီးလောင်ထားပြီးပြီ။ အရေအတွက် ကိုတော့ တိတိကျကျ မသိနိုင်သေးဘူး။ စစ်ရှောင်တွေစုစုပေါင်း တစ်သိန်းလောက်ရှိပြီ’’ လို့ ဒေသခံတွေ ပြောင်းရွှေ့ရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

ဆီဆိုင်က တိုက်ပွဲတွေအတွင်း အပစ်ရပ်(NCA) မှာ လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA) တပ်ဖွဲ့ဝင်တွေ ပါဝင်တယ်ဆိုတဲ့ ဒေသခံတွေ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘီဘီစီက PNLA ကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာမှာ စစ်ကောင်စီအပြောအရ PNLA ဝတ်စုံဝတ်ထားသူတွေရဲ့ လက်နက်တင် ကားတန်းကို စစ်ကောင်စီအောက် ပအိုဝ်းပြည်သူ့စစ်အပါအဝင် စစ်ကောင်စီတပ်က ကြားဖြတ်ဟန့်တားရာကနေ ပစ်ခတ်မှုတွေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဖြစ်ခဲ့ပါတယ်။

အဲဒီ ပစ်ခတ်မှုအပြီးမှာ ဒေခံတွေအပြောအရ PNLA ပါဝင်တယ်ဆိုတဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ ဆီဆိုင်မြို့က တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

အခုတော့ ကယား(ကရင်နီ)ပြည်နယ်မြို့တော် လွိုင်ကော်က ၁၁၁၁ စစ်ဆင်ရေးကြောင့် ကပ်ရပ်ရှမ်းပြည်နယ်ထဲက ဆီဆိုင်မြို့နယ်ထဲကို ထွက်ပြေးလာတဲ့ ကရင်နီ စစ်ရှောင်အချို့လည်း ဆီဆိုင်မြို့ကနေ ဆက်ပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

‘‘လွိုင်ကော်ကနေ ဆီဆိုင် မြို့အဝင်ဘက်ခြမ်းမှာ တိုက်ပွဲမဖြစ်ပေမဲ့ မြို့ထဲက တိုက်ပွဲတွေကြောင့် ကျွန်တော်တို့လည်း စိုက်ခေါင်က ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာပြောင်းရွှေ့နေထိုင်ရတယ်’’ လို့ လွိုင်ကော်ကနေ စစ်ရှောင်လာသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မလေးရှားက မြန်မာဖျော်ဖြေပွဲမှာ ထိန်းသိမ်းခံရတဲ့ တေးသံရှင် အေမီစျာန်ပြန်လည်လွတ်မြောက်

မလေးရှားနိုင်ငံ ၊ ပီနန်ခရိုင် ဘာတာဝပ်က မြန်မာဖျော်ဖြေပွဲမှာ ထိန်သိမ်းခံခဲ့ရတဲ့တေးသံရှင် အေမီဈာန်ပြန်လည်လွတ်မြောက်လာပြီလို့ မလေးရှားရောက်မြန်မာအရေးကူညီသူတချို့က ပြောပါတယ်။

ဇန်နဝါရီ ၂၄ ရက်မှာ ဘာတာဝပ်ရဲစခန်းက တေးသံရှင်အေမီစျာန်ကို စွဲချက်တင်ထားတဲ့ အမှုကိုပိတ်သိမ်းပြီး ခံဝန်ကတိနဲ့ လွှတ်ပေးလိုက်တာလို့ အမှုဖြစ်စဉ်ကိုသိရှိထားသူတစ်ဦးကပြောပြပါတယ်။

တေးသံရှင်အေမီဈာန်ပြန်လွတ်လာပေမဲ့ မော်ဒယ်ဖူးပွင့်ခိုင်ကတော့ ရဲစခန်းမှာဆက်ပြီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ဆိုပါတယ်။

''အေမီဈာန်က ဖျော်ဖြေပွဲနဲ့အစီအစဉ်နဲ့ အကျုံးဝင်တယ်ပေါ့။ ဖူးပွင့်ခိုင်ကတော့ဆေးစစ်တာအပါအဝင် စစ်ဆေးစရာတွေလည်းရှိသေးတယ်။နောက်ပြီး အဝတ်အစားဝတ်စားမှုပိုင်းဆိုင်ရာတွေလည်းဒီနိုင်ငံက စိစစ်တာဆိုတော့ အဲဒီအပိုင်းတွေကြောင့် ကျန်ခဲ့သေးတာပေါ့။ ဒါပေမဲ့ မနက်ဖြန် ၂၆ ရက်မှာ သူ့ကိုတရားရုံးတင်မယ်။ပြီးရင်တော့ ဥပဒေအရ ပြစ်ဒဏ်ကို ဒဏ်ငွေနဲ့ဆောင်လို့ရတယ်ဆိုတော့ လွတ်မြောက်လာမယ်ထင်ပါတယ်'' လို့ အမှုအခြေအနေကိုသိရှိထားသူကပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက် စနေနေ့ညပိုင်းက ပီနန်ခရိုင်၊ ဘာတာဝပ်မှာ လုပ်ခဲ့တဲ့ ‌မြန်မာဖျော်ဖြေပွဲတစ်ခုမှာ တေးသံရှင် အေမီဈာန်နဲ့ မော်ဒယ် ဖူးပွင့်ခိုင်တို့ အပါအဝင် မြန်မာနိုင်ငံသား ရာနဲ့ချီထိန်းသိမ်းခံထားရတာဖြစ်ပြီးအဲဒီနောက် အထောက်အထားခိုင်လုံသူတချို့ကိုပြန်လွှတ်ပေးနေတာရှိပေမဲ့ အနုပညာရှင်နှစ်ဦးနဲ့ သူတို့နဲ့ အတူလိုက်ပါသွားသူအချို့ကတော့ ဆက်ပြီးစစ်ဆေးခံနေရတာဖြစ်ပါတယ်။

ဖျော်ဖြေပွဲဖမ်းဆီးခံရမှုဟာ မလေးရှားအစိုးရကလုပ်နေတဲ့ အော်ပရာစီလို့ခေါ်တဲ့ တရားမဝင်အထောက်အထားမဲ့နေထိုင်သူတွေကို ဖမ်းဆီးတဲ့လုပ်ငန်းစဥ်နဲ့ ဆက်စပ်မှုမရှိဘဲ ဘေးပတ်ဝန်းကျင်ကဆူပူမှုနဲ့တိုင်ကြားချက်ကြောင့် ဝင်ရောက်ဖမ်းဆီးတာလို့ ရဲစခန်းကိုရောက်ခဲ့တဲ့ ထိန်းသိမ်းခံရသူနဲ့ မြန်မာအရေးလုပ်ဆောင်သူတချို့က အစောပိုင်းမှာပြောထားပါတယ်။

မီဇိုရမ်မှာ စစ်ကောင်စီလေယာဥ် လမ်းချော်မှု အိန္ဒိယ စုံစမ်းမယ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့မှာ မြန်မာစစ်ကောင်စီတပ်ရဲ့ ပို့ဆောင်ရေးလေယာဥ် ပြေးလမ်းချော်တဲ့ဖြစ်စဥ်ကို အိန္ဒိယလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက စုံစမ်းစစ်ဆေးမယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ရက္ခိုင့်တပ်တော်(အေအေ)နဲ့တိုက်ပွဲကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးသွားတဲ့ စစ်သားတွေကို ပြန်ခေါ်ဖို့ မြန်မာစစ်တပ်လေယာဥ်ဟာ အိုက်ဇောမြို့မှာရှိတဲ့ လန်ဖွေးလေဆိပ်ကို ဆင်းသက်ချိန် ဇန်နဝါရီလ ၂၃ ရက် မနက်ပိုင်းမှာ ပြေးလမ်းချော်ခဲ့တာဖြစ်ပါတယ်။

အခုတော့ အဲဒီဖြစ်ရပ်ကို အိန္ဒိယ လေကြောင်းပို့ဆောင်ရေးအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှု စတင်နေပြီလို့ မီဇိုရမ်ပြည်နယ်အခြေစိုက်သတင်းတွေမှာဖော်ပြပါတယ်။

အဲဒီဖြစ်ရပ်ကို စုံစမ်းဖို့ အိန္ဒိယလေကြောင်းအာဏာပိုင်တွေဘက်က အရာရှိတွေလည်း ကိုလ်ကတ္တားကနေ အိုက်ဇောကို လာရောက်ဖို့ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ အခုလိုလေယာဥ် ပြေးလမ်းချော်မှု မဖြစ်ခင် ပထမ တစ်ရက်မှာ အိန္ဒိယဘက်ကို ထွက်ပြေးတဲ့စစ်ကောင်စီတပ်သား ၁၈၀ ကျော်ကို ပြန်လည်ခေါ်ယူထားပြီးဖြစ်ပါတယ်။ လေယာဥ်ဟာ မြန်မာစစ်သားဆယ်ချီကို ပြန်ခေါ်တဲ့ ဒုတိယနေ့မှာ ပြေးလမ်းချော်ခဲ့တာဖြစ်ပါတယ်။

လေယာဥ်ပြေးလမ်းချော်မှုကြောင့် လေယာဥ်ပေါ် လိုက်ပါလာသူ ၈ ဦး မစိုးရိမ်ဒဏ်ရာရခဲ့ပါတယ်။