ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာက ထိုင်းဓားစာခံတွေ နေရပ် ထိုင်းနိုင်ငံ ပြန်ရောက်
- ရေးသားသူ, သောမတ်စ် မက်ကင်တော့ရှ်
- ရာထူးတာဝန်, ဘီဘီစီသတင်းဌာန
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၂
ပြီးခဲ့တဲ့လက ဂါဇာဒေသက ဟားမတ်စ်အဖွဲ့ ပြန်လွှတ်ပေးခဲ့တဲ့ ထိုင်းစိုက်ပျိုးရေးအလုပ်သမား ငါးဦး ဘန်ကောက်မြို့ကို ပြန်ရောက်လာခဲ့ပါပြီ။ သူတို့ဟာ ဟားမတ်စ်တွေလက်ထဲမှာ ရက်ပေါင်း ၅၀၀ နီးပါး ထိန်းသိမ်းခံခဲ့ရအပြီး ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်လက်နက်ကိုင်တွေရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရချိန်တုန်းက ပွန်ဆက် ထေနာ၊ ဆက်သီယန် ဆူဝမ်နက်ခမ်၊ ဝါ့ချာရာ ဆရီအွန်၊ ဘန်နဝပ် ဆေသောင်နဲ့ ဆူရာဆက် လမ်နောင် တို့ ငါးဦးစလုံး အစ္စရေးနိုင်ငံတောင်ပိုင်းမှာ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။
ဒီကနေ့ တနင်္ဂနွေနေ့မနက်မှာတော့ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ် ဆိုက်ရောက်ခန်းမမှာ မိသားစုဆွေမျိုးတွေက သူတို့ကို မျက်ရည်လည်ရွဲ လာရောက်ကြိုဆိုခဲ့ကြပါတယ်။
"ဘယ်လိုခံစားရသလဲဆိုတာ ဖွင့်မပြောပြတတ်လောက်အောင်ပါပဲ" လို့ မစ္စတာ ပွန်ဆက် က ပြောပါတယ်။
"ကျွန်တော်တို့ အခုဒီနေရာကို ရောက်လာနိုင်တဲ့အထိ ကူညီပေးခဲ့ကြတဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်စကား ပြောလိုပါတယ်။"
"ခင်ဗျားတို့ အကူအညီမပါဘဲ ကျွန်တော်တို့ ဒီကို ရောက်မလာနိုင်ပါဘူး။ ကိုယ့်နေရပ်တိုင်းပြည်ကို ပြန်ရောက်လာတဲ့အတွက် ဝမ်းသာမဆုံး ဖြစ်ရပြီး ကျေးဇူးအထူးတင်မိပါတယ်။ တကယ့်ကို ကျေးဇူးတင်ပါတယ်။"
မစ္စတာ ဘန်နဝပ်ရဲ့ ဖခင်ဖြစ်သူ ဆွန်ဘွန်း ဆေသောင် က သူအရမ်းပျော်ရွှင်နေပြီး သားဖြစ်သူကို ထိုင်းရိုးရာအခမ်းအနားနဲ့ အိမ်မှာ ကြိုဆိုဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
"သားကို နောက်တစ်ခါ အိမ်ကနေ အဝေးကြီး မလွှတ်တော့ဘူး"လို့ သူ့ဖခင်က AFP ကို ပြောပါတယ်။
သားဖြစ်သူ ဘန်နဝပ် ဟာ ပြန်ပေးဆွဲမခံရခင် ကိုးလလောက်က မိသားစုအတွက် ဝင်ငွေကောင်းကောင်း ရှာနိုင်ဖို့ အစ္စရေးနိုင်ငံကို သွားခဲ့တာ ဖြစ်တယ်လို့ သူကပြောပါတယ်။
ဘန်နဝပ်ရဲ့ ဇနီး ဝီယာဒါ ဆေသောင် ကလည်း ခင်ပွန်းသည် ထိန်းသိမ်းခံထားရတဲ့ ၁၅ လဟာ ငရဲကျသလို ခံစားခဲ့ရတဲ့ အချိန်တွေ ဖြစ်တယ်လို့ ဘီဘီစီ ထိုင်းသတင်းထောက်ကို ပြောပြပါတယ်။
"အခုတော့ ဘာမှမကြောက်တော့ဘူး။ အခု သူတို့ အိမ်ပြန်ရောက်လာပြီ။ ထိုင်းနိုင်ငံကို ပြန်ရောက်နေပြီ" လို့ ဝီယာဒါ က ပြောပါတယ်။
တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မနက် ၇ နာရီခွဲမှာ ဘန်ကောက်မြို့ကို လေယာဉ်နဲ့ ပြန်လည် ရောက်ရှိလာကြတဲ့ သူတို့ ငါးဦးကို ဝမ်းသာပျော်ရွှင်နေကြတဲ့ မိသားစုဆွေမျိုး အုပ်စုတစ်စုနဲ့ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေ လာရောက်ကြိုဆိုခဲ့ကြပါတယ်။
ဟားမတ်စ်လက်ကနေ ပြန်လွတ်လာခဲ့အပြီး ကျန်းမာရေးအခြေအနေ စစ်ဆေးဖို့ အစ္စရေးဆေးရုံတစ်ခုမှာ သူတို့ ၁၀ ရက်ကြာ နေခဲ့ကြရပါတယ်။
သူတို့ငါးဦးဟာ အခုတော့ နေရပ်မြို့တွေဆီ ပြန်ကြတော့မှာ ဖြစ်ပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဘွန်ဆွန်း တက်ချိုင်ယွတ် က အစ္စရေးနိုင်ငံကို သူတို့ ပြန်သွားစရာမလိုအောင် သူတို့ငါးဦးစလုံး တစ်ယောက်ချင်းစီ စတာလင်ပေါင် ၁၄၅၁၀ (ထိုင်းဘတ်ငွေ ၆ သိန်း) ရမှာဖြစ်သလို အသက် ၈၀ အရွယ်ရောက်တဲ့အထိ လစဉ် ထောက်ပံ့ငွေ ပေါင်စတာလင် ၇၂၅ ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
နောက် ထိုင်းဓားစာခံတစ်ဦးကတော့ ရှာမတွေ့ဘဲ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
"ခြောက်ယောက်မြောက် ထိုင်းဓားစာခံကတော့ ဂါဇာမှာပဲ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ သူ့ကို ပြန်ရှာတွေ့နိုင်ဖို့ မျှော်လင့်နေဆဲဖြစ်ပြီး ပြန်ရှာတွေ့နိုင်တဲ့အထိ အစွမ်းကုန်ဆောင်ရွက်သွားမှာပါ" လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့လက ခွန်းယူနစ်မြို့မှာ ထိုင်းဓားစာခံ ငါးဦးကို ပြန်လည်လွှဲပြောင်းပေးခဲ့အပြီးမှာ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နဝပ်က သူတို့ ပြန်လွတ်လာတဲ့အတွက် သူအပျော်ကြီး ပျော်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။
အစ္စရေးအစိုးရနဲ့အတူ ကာတာ၊ အီဂျစ်၊ အီရန်၊ တူရကီနဲ့ အမေရိကန်နိုင်ငံတွေက အစိုးရတွေကိုလည်း ထိုင်းဓားစာခံတွေ ပြန်လွတ်လာရေး ဆောင်ရွက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဘန်ကောက်မြို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ ၂၀၂၃ ခုနှစ် အောက်တိုဘာလက စလို့ ထိုင်းအလုပ်သမား စုစုပေါင်း ၄၆ ဦး သေဆုံးခဲ့ရပြီး အများစုဟာ ဟားမတ်စ်လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကြောင့်နဲ့ လက်ဘနွန်က ဟက်ဇ်ဘိုလာအဖွဲ့ပစ်လွှတ်ခဲ့တဲ့ ရော့ကက်ဒုံးတွေကြောင့် သေဆုံးခဲ့ရတာလို့ သိရပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးနိုင်ငံထဲ ဟားမတ်စ်လက်နက်ကိုင်တွေ စီးနင်းတိုက်ခိုက်ခဲ့ချိန်မှာ ဓားစာခံ ၂၅၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လူ ၁၂၀၀ လောက် သေဆုံးခဲ့ပါတယ်။ အဲဒီစီးနင်းတိုက်ခိုက်မှုကနေ ဂါဇာစစ်ပွဲ ဖြစ်လာခဲ့တာပါ။
အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၄၇၅၀၀ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာဒေသက ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာရှိတဲ့ အဆောက်အအုံ စုစုပေါင်းရဲ့ သုံးပုံ နှစ်ပုံလည်း ထိခိုက်ပျက်စီး ဒါမှမဟုတ် လုံးဝပြိုပျက်သွားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ထိုင်းဓားစာခံတွေကို ပြန်လွှတ်ပေးလိုက်တာဟာ ဇန်နဝါရီလ ၁၉ ရက်နေ့က အစ္စရေး ဟားမတ်စ်အကြား သဘောတူခဲ့တဲ့ အပစ်ရပ်သဘောတူချက်နဲ့တော့ မဆိုင်ပါဘူး။ အဲဒီအပစ်ရပ် သဘောတူချက်အရ လောလောဆယ် အစ္စရေးဓားစာခံ ၂၁ ဦးနဲ့ ပါလက်စတိုင်း အကျဉ်းသား ၅၆၆ ဦးပြန်လွတ်လာပြီးဖြစ်ပါတယ်။
အခုလာမယ့် သီတင်း သုံးပတ်အတွင်း အပစ်ရပ်သဘောတူချက် ပထမအဆင့် မပြီးခင်မှာ ဓားစာခံ ၃၃ ဦးနဲ့ အကျဉ်းသား ၁၉၀၀ ဦး ပြန်လွတ်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဓားစာခံ ၃၃ ဦးထဲက ၈ ဦး သေဆုံးသွားပြီလို့ အစ္စရေးက ပြောပါတယ်။
သန်ယာရက် ဒက်ဆုန်း က သတင်း ဖြည့်စွက်ရေးသားထားပါတယ်။