ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူနေအိမ်တွေကို ရုရှား ဒုံးကျည်နဲ့တိုက်ခဲ့တယ်လို့ ယူကရိန်းပြော- အောက်တိုဘာ ၆ ရက် ညနေခင်း နိုင်ငံတကာသတင်းများ
ယူကရိန်းနိုင်ငံ ဟာကိမြို့လယ်က လူနေအဆောက်အဦတွေကို ရုရှားက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဆယ်နှစ်သား ယောက်ျားလေးတယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရတယ်လို့ ယူကရိန်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။
ကြာသပတေးနေ့က ဒေသထဲမှာ ဒုံးကျည်မှန်လို့ သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို နာမည်ဖော်တာတွေလည်း ဆက်လုပ်နေရပါတယ်။
ဟရိုဇာရွာမှာ အသုဘပို့က အပြန် စုဝေးနေကြသူတွေ ရှိတဲ့ ကော်ဖီဆိုင်ကို ဒုံးကျည်မှန်လို့ လူ ၅၂ ယောက် သေဆုံးတယ်လို့လည်း ယူကရိန်း ဘက်က ပြောပါတယ်။
ဒီရွာဟာ စစ်ရေး ပစ်မှန်မဟုတ်တာ သေချာတယ် ဆိုပြီး ဟာကိ ဒေသ စစ်အုပ်ချုပ်ရေးမှူး အိုလဂ် ဆင်နဂ်ဂဘော့ဗ်က ပြောပါတယ်။
မလေးရှား သူဌေးကြီး ရဲ့ အသက်ရာပြည့်ပွဲ
မလေးရှားရဲ့ အချမ်းသာဆုံး သူဌေးကြီး ရောဘတ်ကွက်ရဲ့ အသက် ၁၀၀ ပြည့်ပွဲကို ကျင်းပခဲ့ပါတယ်။
အိမ်ခြံမြေ လုပ်ငန်း၊ ဟိုတယ်နဲ့ အစားအသောက်လုပ်ငန်းတွေ ပါဝင်တဲ့ အရှေ့အာရှရဲ့ အကြီးဆုံး လုပ်ငန်းစုကြီးတခုကို မစ္စတာ ကွက် ထူထောင်ခဲ့ပါတယ်။
မစ္စတာကွက်ဟာ ဒေါ်လာ ၁၂ ဘီလျံ နီးပါး ပိုင်ဆိုင်တယ်လို့ ယူဆကြပါတယ်။
မစ္စတာကွက်ကို မလေးရှားမှာ တရုတ်မိဘတွေက မွေးဖွားပြီး ဂျုံမှုန့်၊ သကြားနဲ့ ဆန်ကုန်ကူးတဲ့ မိသားစုလုပ်ငန်းလေးကို သူ စတင်ခဲ့ပါတယ်။
အခု သူ့စီးပွားရေး လုပ်ငန်းကြီးက ဒေသထဲကို ချဲ့ထွင်နေပြီး သူကိုယ်တိုင်လည်း ဟောင်ကောင်မှာ နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ သကြားစျေး အမြင့်ဆုံးထိ တက်
ဆယ်နှစ်ကျော်အတွင်း ကမ္ဘာ့စျေးကွက်မှာ သကြားစျေး အမြင့်ဆုံးထိ တက်ခဲ့ပါတယ်။
ဒီလို သကြားစျေးတက်တာနဲ့ ပတ်သက်ပြီး အယ်လ်နီညိုဖြစ်စဉ်လို ပုံမှန်မဟုတ်တဲ့ ရာသီဥတု ပူပြင်းခြောက်သွေ့မှုကို ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO က အပြစ်တင်ခဲ့ပါတယ်။
ရာသီဥတု ဆိုးရွားမှုကြောင့် ထိုင်းနဲ့ အိန္ဒိယအပါအဝင် သကြားအဓိကထွက်တဲ့ နိုင်ငံတွေမှာ သကြားအထွက်ကျခဲ့ပါတယ်။
ဒီလို သကြားစျေးတက်ပေမယ့် ကုလသမဂ္ဂရဲ့ အခြေခံ စားကုန်စျေးနှုန်းပြ ညွှန်းကိန်းဟာ အမြင့်ဆုံး ရောက်ခဲ့တဲ့ မနှစ် မတ်လနဲ့ စာရင် ၂ဝ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။
အဲဒီအချိန်က ယူကရိန်းကို ရုရှားက အလုံးအရင်းနဲ့ ဝင်တိုက်ခါစ အချိန် ဖြစ်ပါတယ်။
အင်ဒိုနီးရှား တောမီးနဲ့ မလေးရှား
အင်ဒိုနီးရှားနိုင်ငံ တောမီးတွေက ထွက်တဲ့ မီးခိုးတွေကြောင့် အိမ်နီးချင်း မလေးရှားနိုင်ငံမှာ လေထုညစ်ညမ်းမှုကို ဖြစ်စေတယ်ဆိုတဲ့ စကားကို အင်ဒိုနီးရှားက ပယ်ချခဲ့ပါတယ်။
ကုမ္ပဏီစိုက်ခင်းတွေအတွက် တောရှင်းရင်း ရှို့တဲ့မီးတွေကို ငြှိမ်းသတ်ဖို့ အင်ဒိုနီးရှားကို မလေးရှား အစိုးရက စာပို့ခဲ့ပါတယ်။
တချို့တောတွေ မီးရှို့တာ ရှိတယ်လို့ အင်ဒိုနီးရှားက ဝန်ခံပေမယ့် နယ်စပ်ဖြတ်ကျော်တဲ့ မီးခိုးဆိုတာ မရှိဘူးလို့ ဆိုပါတယ်။
နှစ်စဉ်ဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုတွေကို ကာကွယ်ဖို့ ဒေသတွင်း ဥပဒေပြဋ္ဌာန်းတာတွေ လုပ်ဖို့ မလေးရှားက တောင်းဆိုထားပါတယ်။