ရုရှားက ဗျူဟာမြောက် လက်တွဲဖော်လို့ မော်စကိုရောက်နေတဲ့ တရုတ်သမ္မတပြော - မတ် ၂၁ ရက် ညနေခင်း သတင်းများ

ရေးသားခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုကို ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ရုရှားနဲ့ တရုတ်တို့ဟာ ဗျူဟာမြောက်လက်တွဲဖော်ဖြစ်ပြီး အင်အားကြီးတဲ့ အိမ်နီးချင်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။

သူ့ရဲ့ ခရီးစဉ် ဒုတိယမြောက်နေ့မှာ မစ္စတာရှီက သမ္မတ ပူတင်ကိုလည်း ဒီနှစ်အတွင်း တရုတ်ကို လာလည်ဖို့ ဖိတ်ကြားခဲ့ပြီး မော်စကိုနဲ့ ဆက်ဆံရေးကို အဓိက ထားတယ်လို့လည်း ပြောပါတယ်။

ရုရှား ဝန်ကြီးချုပ် မီဟိုင်း မစ်ရှူစတင် (Mikhail Mishustin)နဲ့ တွေ့ဆုံရာမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးတဲ့နောက် တရုတ် သမ္မတက ပထမဆုံး ရုရှားကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ မနေ့က သမ္မတ နှစ်ဦး ၄ နာရီကြာ တွေ့ဆုံခဲ့ပြီး တဦးနဲ့တဦး အခင်ဆုံး သူငယ်ချင်းအဖြစ် ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။

ကရင်မလင် ပြောခွင့်ရ ဒီမစ်ထရီ ပက်စ်ကော့ဗ်( Dmitry Peskov)က ပဋိပက္ခကို ဖြေရှင်းဖို့ ဘီဂျင်းရဲ့ အချက် ၁၂ ချက်ပါ ငြိမ်းချမ်းရေး အဆိုပြုချက်ကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

''သူတို့ ဒီအကြောင်း ဆွေးနွေးမယ်ပြောထားတာကြောင့် သူတို့ အရေးပါတဲ့ အကြောင်း အရာတွေကို ဆွေးနွေးမှာပါ။ မနေ့ညက ပူတင်ပြောသွားတာကို မှတ်မိလား၊ ကျနော်ကိုလည်း သတင်းအချက်အလက် ဘာတခုမှ မပေးသေးတာကြောင့် မီဒီယာ ထုတ်ပြန်ချက်ကို စောင့်ကြ တာပေါ့'' လို့ သူက ပြောသွားပါတယ်။

အသေးစိတ်ကိုတော့ သူက ပြောမသွားပါဘူး။

ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့က နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးက သမ္မတ ပူတင်ကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုပြီး ဖမ်းဆီးဖို့ ဝရမ်း ထုတ်ခဲ့ပါတယ်။ တရုတ်က ဒီတရားရုံးကို အသိမှတ် ပြု မထားပါဘူး။

ဂျပန်ဝန်ကြီးချုပ် ယူကရိန်းကို ရုတ်တရက်သွားရောက်

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida)ဟာ ယူကရိန်းကို ရုတ်တရက် သွားရောက်ပြီး သမ္မတ ဇလန်စကီးနဲ့ ကိယက်ဗ်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

ဒါဟာ ဒုတိယကမ္ဘာစစ်အပြီး ပထမဆုံးအနေနဲ့ ဂျပန်ဝန်ကြီးချုပ်တစ်ဦးက စစ်ဖြစ်တဲ့နေရာကို သွားရောက်တာ ဖြစ်ပါတယ်။

တိုကျိုမှာရှိတဲ့ နိုင်ငံခြားရေးဌာနက လက်ရှိ G7 ဥက္ကဋ္ဌ ဂျပန်ဝန်ကြီးချုပ် မစ္စတာ ကီရှီဒါက ရုရှားက ယူကရိန်းကို ပြီးခဲ့တဲ့နှစ်က ကျူးကျော်ခဲ့ပြီးတဲ့နောက် ယူကရိန်း ပြည်သူတွေရဲ့ သတ္တိကို လေးစားကြောင်း ပြသလိုတယ်လို့ ဆိုပါတယ်။

ပိုလန်ကနေတစ်ဆင့် ယူကရိန်းကို ရထားနဲ့ သွားရောက်တဲ့ ရုပ်သံတွေလည်း ထွက်ပေါ်နေ ပါတယ်။ မကြာခင်နှစ်တွေကနေ စပြီး နိုင်ငံတကာ အငြင်းပွားတဲ့ ဖြစ်ရပ်တွေမှာ တိုကျိုက လိုလိုလားလား ပါဝင်လာတာ ဖြစ်ပါတယ်။

အိုင်အမ်အက်ဖ် ချေးငွေကြောင့် သီရိလင်္ကာ ဒေဝါလီမခံရဘူးလို့ သမ္မတ ပြော

သီရိလင်္ကာ သမ္မတ ရာနေးဝစ်ကရာမာဆင်းဂါး(Ranil Wickremesinghe)က နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF)က အတည်ပြုပေးလိုက်တဲ့ ချေးငွေကြောင့် နိုင်ငံက ဒေဝါလီမခံရဘူးလို့ ပြောပါတယ်။

ဒေါ်လာ ၂.၉ ဘီလီယံ ချေးငွေကြောင့် သီရိလင်္ကာအနေနဲ့ အကြွေးတွေကို ပြန်လည် စီမံခန့်ခွဲဖို့ နိုင်ငံတကာ အသိုင်းအဝန်းအကြားမှာ အာမခံချက်ကို ပြန်လည် ရရှိမှာလို့ မစ္စတာ ဝစ်ကရာမာ ဆင်းဂါးက ပြောပါတယ်။

လာမယ့် ရက်ပိုင်းအတွင်းမှာ ပထမအကြိမ် ဒေါ်လာ သန်း ၃၃ဝကို သီရိလင်္ကာက ရရှိဖို့ မျှော်လင့်နေပါတယ်။

IMFဆီက ချေးငွေကြောင့် တခြားငွေကြေးအကူအညီတွေကို ကိုလံဘိုက ရရှိနိုင်ပြီးသီရိလင်္ကာရဲ့ စီးပွားရေးကို ပြန်လည် ကုစားနိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က နိုင်ငံခြား အရန်ငွေတွေ ကုန်ဆုံးသွားခဲ့ပြီး သီရိလင်္ကာက အဆိုးဆုံး စီးပွားရေး အကျပ်အတည်းကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီအတွက် အစားအသောက်နဲ့ လောင်စာတွေ မတင်သွင်းနိုင်တော့ဘဲ အကြီးမားဆုံး ဆန္ဒပြမှုကို ရင်ဆိုင်နေရပါတယ်။

အိန္ဒိယ ပန်ဂျပ်မှာ ပိတ်ထားတဲ့ ဖုန်းအင်တာနက်တွေ ပြန်ပေး

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်က တချို့နေရာတွေမှာ ဖြတ်တောက်ထားတဲ့ မိုဘိုင်းဖုန်း အင်တာနက် ဝန်ဆောင်မှုတွေ ပြန်ပေးနေပြီလို တာဝန်ရှိသူတွေက ပြောပါတယ်။

ဆစ်ခ် ခွဲထွက်ရေးခေါင်းဆောင်ကို ဖမ်းဆီးဖို့ မိုဘိုင်းဖုန်း အင်တာနက်တွေကို ၄ ရက်ကြာ ရပ်နားခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက တချို့နေရာတွေမှာ အကြမ်းဖက်မှုတွေ ဖြစ်လာမှာကို တားဆီးတဲ့ အနေနဲ့ ဖုန်းဝန်ဆောင်မှုတွေ ရဦးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဆစ်ခ်တွေအတွက် မွေးရပ်မြေကို ဖန်တီးဖို့ ပြီးခဲ့တဲ့လတွေက လူသိများလာတဲ့ အမရစ်ပါဆင်း (Amritpal Singh)ကို ရဲတွေက ၄ရက်ကြာ ရှာဖွေခဲ့တာ ဖြစ်ပါတယ်။ သူဘယ်ကို ရောက်နေလဲ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ သူ့ကို ထောက်ခံတဲ့ ရာနဲ့ချီတဲ့ သူတွေကို ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ ဂျပန် ကုန်သွယ်ရေး ပြန်စဖို့ သမ္မတယွန်ပြော

တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာတာနဲ့ အညီ အလျင် အမြန်ဆုံး ကုန်သွယ်နိုင်ရေးကို ပြန်လည် လုပ်ဆောင်ဖို့ သမ္မတ ယွန်ဆတ်ယိုး (Yoon Suk Yeol )က ပြောပါတယ်။

ဒါ့အပြင် စစ်ရေး အချက်အလက်တွေကို ဂျပန်နဲ့ ဖလှယ်ဖို့ ရည်မှန်းချက်ကိုလည်း တိုကျိုကို တရားဝင် အသိပေးထားပြီး ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်က ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် တောင်ကိုရီးယားဘက်က အခုလို အဆက်မပြတ် ခြေလှမ်းတွေ လှမ်းလာတာ ဖြစ်ပါတယ်။ ဒါဟာ ၁၂ နှစ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်တွေ ပထမဆုံး တွေ့ဆုံကြတာ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဒီနှစ်နိုင်ငံ ဆက်ဆံရေးက တင်းမာနေတာ ဖြစ်ပါတယ်။

အရည်အသွေးညံ့တဲ့ ချောင်းဆိုးပျောက်ဆေး ကုမ္ပဏီကို အင်ဒိုမှာ တရားစွဲခွင့်ပေး

အင်ဒိုနီးရှားနိုင်ငံမှာ အရည်အသွေးညံ့ဖျင်းတဲ့ ချောင်းဆိုးပျောက်ဆေး သောက်ပြီး သေဆုံးသွားတဲ့ ကလေး မိဘတွေက တရားစွဲဖို့ လုပ်ဆောင်နေတာကို တရားရုံးက ခွင့်ပြုလိုက်ပါတယ်။

အင်ဒိုနီးရှားအစိုးရနဲ့ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီ ၈ ခုကို တရားစွဲထားတာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို တရားသူကြီးက ဖတ်ကြားခဲ့ပြီးတဲ့နောက် တချို့မိသားစုဝင်တွေက ပျော်ရွင်လို့ ငိုကြွေးခဲ့ပါတယ်။

ကလေးတိုင်းအတွက် လျော်ကြေး ဒေါ်လာ ၂ သိန်း စီတောင်းဆိုထားပါတယ်။ ဒီချောင်းဆိုးပျောက်ဆေး သောက်ပြီး ကလေး ၂ဝဝ ကျော်ဟာ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ ဂမ်ဘီယာနဲ့ ဥဇဘက် ကစ္စတန် နိုင်ငံတွေမှာရှိတဲ့ ကလေးငယ်တွေလည်း ချောင်းဆိုးပျောက်ဆေး သောက်ပြီး သေဆုံးခဲ့ပါတယ်။