ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စက်တင်ဘာ ၁၇ ရက် ထိပ်တန်းသတင်းများ
မကွေးထောင်က အကျဉ်းသားတွေ တင်းကျပ်ခံရတယ်လို့ဆို
မကွေးမြို့ ဒေါင်းနေထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေ လူ့ အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အကျဉ်းသားတွေကို စည်းကမ်းတင်းကျပ်တာ၊ အပြစ်ပေးအရေးယူတာတွေ ရှိတာကိုလည်း သူတို့က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့က အကျဉ်းထောင်တွင်း ရှာဖွေရေးလုပ်တုန်း မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညိုရဲ့ ကိုယ်ရေး အရာရှိ ဦးအောင်ဝင်းဆီမှာ စာရွက်နဲ့ ဘောပင် တွေ့လို့ ဆိုပြီး သူ့ကို ထောင်တွင်းမှာ ခြေထိတ် လက်ထိတ်ခတ်ထားပြီး တစ်ပေ သံထောက်ပါ ထည့်ပြီး တိုက်ပိတ်ထားခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အခု တော့ ထောက်ပြန်ဖြုတ်လိုက်ပြီလို့ စက်တင်ဘာ ၁၆ ရက်နေ့က သိရပါတယ်။ အကျဉ်းခန်းထဲမှာ ဒီလို နေရတဲ့အတွက် နေရထိုင်ရ သွားလာ စားသောက်ရတာ၊ ရေချိုးရတာ အိမ်သာ သွားရတာ တွေ အဆင်မပြေဘဲ ဒုက္ခရောက်ရတယ်လို့ သိရပါတယ်။
ဦးအောင်ဝင်းဟာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ ၂၅ နဲ့ တရားစွဲခံရပြီး ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချခံထားရသူ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညိုရော ဦးအောင်ဝင်းပါ ကျန်းမာရေးကတော့ ကောင်းမွန်တယ်လို့လည်း သိရပါတယ်။
အကျဉ်းထောင်စည်းကမ်းအရ စာရွက်နဲ့ ဘောပင်ကို အကျဉ်းထောင်တွင်းကို ယူသွင်းခွင့် မရှိဘူးလို့ အကျဉ်းထောင် စည်းကမ်း သိရှိသူတွေက ပြောပါတယ်။
အခု လပိုင်းတွေမှာ ဒေါင်းနေထောင်တွင်းမှာ အကျဉ်းသားတွေ နေရထိုင်ရတာ အဆင်မပြေတဲ့ အကြောင်းတွေလည်း ကြားလာရပါတယ်။
အရင်က လူသိပ်မများလို့ နေရထိုင်ရတာ ချောင်လည်တဲ့ မကွေးထောင်အတွင်းမှာ အခုနောက်ပိုင်းမှာ ပခုက္ကူ ထောင်လို တခြားနေရာတွေကနေ ထောင်ပြောင်းလာသူတွေ ရှိတဲ့အတွက် အကျဉ်းခန်းထဲမှာ လူတွေ ပိုကျပ်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြန်ပြောပြပါတယ်။
ထောင်ဝင်စာ နှစ်ပတ်တစ်ကြိမ် ပို့ခွင့်ရပေမဲ့ အရင်လို ပေးချင်သလောက် ပို့လို့ မရတော့ဘဲ ပို့တဲ့ပစ္စည်းတွေကို ဥပမာအားဖြင့် အသားဆိုရင် အစိတ်သား၊ ကော်ဖီမစ်ဆို ၇ ထုပ် အများဆုံး စသဖြင့် လျှော့ချ ကန့်သတ်တာတွေ ရှိလာတယ်လို့ ဆိုပါတယ်။
အကျဉ်းသားတွေ ဒီလို ရင်ဆိုင်နေရတဲ့ အခြေအနေကို ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့အနေနဲ့ ထောင်တွင်းကို သွားရောက် ကြည့်ရှုပြီး နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရတာကို အခြေအနေကို ကမ္ဘာသိအောင် လုပ်ဆောင် သင့်တယ်လို့ အကျဉ်းသား အခွင့်အရေး ကောင်းမွန်စေရေး လှုပ်ရှားသူတွေက ပြောပါတယ်။
တန့်ဆည်မြို့ ၊ အုတ်ဖိုမှာ ရပ်ရွာလုံခြုံရေးကင်းစောင့်နေတဲ့ ဒေသကာကွယ်ရေးတပ် ဝင်ရောက်ပစ်ခတ်ခံရပြီး ၇ ယောက်သေဆုံး
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အုတ်ဖိုကျေးရွာမှာ လုံခြုံရေးကင်းစောင့်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်တွေက စက်တင်ဘာ ဝင်ရောက်၁၆ ခိုက်တာကြောင့် အပြန်လှန်တိုက်ပွဲဖြစ်ပွားပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“အဲဒီရွာက ပျူတွေရှိတယ်။ သူတို့ရွာလုံခြုံရေးအတွက် ကင်းစောင့်နေကြတာ၊ အဲဒါ လူယုံလို့ ယူဆရသူတစ်ယောက်က စစ်တပ်ကို သတင်းသွားပေးတာ။ ရုတ်တရက် ကင်းပုန်းနဲ့ဝင်ပစ်ကြတာ“ လို့ ပြောပါတယ်။
အုတ်ဖိုကျေးရွာပတ်ဝန်းကျင်မှာ ခိုအောင်းနေတဲ့ PDF တွေကို တာဝန်သိဒေသခံတွေက သတင်းပေးပို့တာကြောင့် ဝင်ရောက်စစ်ဆေးခဲ့တာမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF ဘက်က ၇ ယောက်ကို လက်နက်နဲ့အတူ အသေဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
“ အသေဖမ်းမိတာမဟုတ်ဘူးဗျ။ အရှင်မိတာ။ အဲ့ဒါကို နှိပ်စက်၊ သတ်ပြီး မီးရှို့ခဲ့တာ။ စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားမှ သွားကြည့်ကြတော့ လက်တွေ၊ ခြေတွေကို သံကြိုးတွေနဲ့တုပ်ထားတယ်။ ခေါင်းကို အချွန်နဲ့ထိုးထားသလို ဒဏ်ရာတွေတွေ့တယ် “ လို့ ဒေသခံက ပြောပြပါတယ်။
အုတ်ဖိုကျေးရွာဘေးက အောင်ချမ်းသာရွာကို ဒီနေ့ စက်တင်ဘာ ၁၇ ရက်မှာ ဝင်ရောက်ပြီး ညနေ ၅ နာရီလောက်မှာ မီးရှို့တာကြောင့် မီးခိုးတွေတွေ့နေရတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
နမ္မတီးမြို့ အ.လ.က ကျောင်းမှာ သူခိုးဝင်ပြီး လူသတ်မှုဖြစ်
ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ နမ္မတီးမြို့ အခြေခံပညာအလယ်တန်းကျောင်းထဲကို ဒီနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၄နာရီခွဲက သူခိုးဝင်ခဲ့ပြီး ကျောင်းမှာနေထိုင်တဲ့ ကျောင်းအုပ်ဆရာမကြီးရဲ့တူ ကို ဓားနဲ့ ထိုးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓားထိုးခံရသူဟာ ပြီးခဲ့တဲ့ ၂ပတ်လောက်ကမှ ဆရာမကြီးနဲ့ အတူ ကျောင်းပြောင်းလာပြီး နေထိုင်သူဖြစ်ပါတယ်။
“မနက်၄နာရီခွဲလောက်မှာဆရာမကြီးက ဘုရားပန်းလဲတယ်။ ကျောင်းမှာကတော့ သူခိုးတွေဝင်နေကျပဲ။ ဘုရားပန်းလဲတော့ ရုံးခန်းတံခါးပွင့်နေလို့ သွားကြည့်တာ သူခိုးကတော့နှစ်ယောက်လို့ထင်တာပဲ။ ရုံးခန်းကTV ပျောက်သွားတယ်။ ဆရာမကြီးကပျောက်တာမသိသေးဘူး။ သူခိုးကပုန်းနေတာ။ ဆရာမကြီးပြောတဲ့အရဆိုရင် ဆရာမကြီးအနောက်ကနေလိုက်ခဲ့ပြီး တွန်းလိုက်တယ်တဲ့၊ အဲ့မှာသူတူက ဘာဖြစ်တာလဲ ဆိုပြီး အိပ်ယာထခဲ့ပြီးမှ အဲ့မှာအနောက်က လိုက်လာတဲ့ သူခိုးက ဓားနဲ့ထိုးလိုက်တာနှစ်ချက် ဆရာမကြီးက သူရဲ့တူကို အစောင့်ခေါ်ထားတာ အဒေါ်ကိုလဲစောင့်ဖို့ ဘာရန်ငြိုးရန်စမှလဲမရှိဘူး အခုမှရောက်လာကြတာအသစ် “
ဓားထိုးခံရသူဟာ ရင်ဘတ်နာမှာ နှစ်ချက်ထိုးခံရတာဖြစ်ပြီး မြစ်ကြီးနားဆေးရုံးကို ရောက်တဲ့အချိန်မှာ သွေးထွက်လွန်ပြီးသေဆုံးသွားတာပါ။
နမ္မတီးမြို့မှာတော့ ရေမော်တာတွေ၊ ဆိုင်ကယ်တွေ ပျောက်ဆုံးတာတွေအပြင် မီးကြိုးတွေဖြတ်ခိုးတာတွေ မကြာခဏ ဆိုသလို ဖြစ်နေတာကနေ အခုကတော့ လူကိုသတ်တဲ့အထိ ဖြစ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မြန်မာဘက်က လက်နက်ကြီးထပ်မံကျရောက်မှု ငြိမ်းချမ်းစွာမဖြေရှင်းနိုင်ရင် ကုလသမဂ္ဂထံ တိုင်ကြားမယ်လို့ ပြည်ထဲရေးဝန်ကြီး ပြော
မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ထဲ လက်နက်ကျည်ကျရောက်ပေါက်ကွဲမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေပြီး ဒီပြဿနာကို ငြိမ်းချမ်းစွာမဖြေရှင်းနိုင်ရင် ဘင်္ဂလားဒေ့ရှ်က ဒီကိစ္စကို ကုလသမဂ္ဂထံ တိုင်ကြားသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာ ၁၇ ရက်မှာ ဘီဘီစီဘင်္ဂါလီသတင်းဌာနထံ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ခုလို လက်နက်ကျည်ကျရောက်လို့ ရိုဟင်ဂျာတစ်ဦး သေဆုံးရမှုအပေါ်ကိုလည်း သူက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၇ ရက်မှာတော့နယ်စပ်အခြေအနေက တည်ငြိမ်အေးချမ်းနေပြီး ပစ်ခတ်သံတွေကြားရတာမရှိဘူးလို့လည်း ဘီဘီစီဘင်္ဂါလီသတင်းဌာနက ပြောပါတယ်။
ရိုဟင်ဂျာ ၄၀၀၀ ခန့် နေထိုင်နေတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာ ဒီ အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ရိုဟင်ဂျာလူငယ်ဟာ မနေ့ စက်တင်ဘာ ၁၆ ရက် သောကြာနေ့နှောင်းပိုင်းမှာ မော်တော်ကျည်ဆန်ကျရောက်ထိမှန်လို့ သေဆုံးကြောင်း ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒဲလ်မိုဟာမက်က ပြောပါတယ်။
အခုဖြစ်စဥ်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုသိရဖို့ဘီဘီစီကလည်း ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် အခြေချနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ တစ်သန်းကျော် နေထိုင်နေပြီး အများစုမှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ဖြိုခွင်းမှုအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာသူတွေဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းကလည်း မြန်မာဘဂ်လားဒေ့ရှ်နယ်စပ်က မြန်မာနယ်ခြားစောင့်စခန်းကို အေအေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့နောက် စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ပစ်ခတ်မှုတွေ နယ်စပ်တစ်လျှောက်ပြုလုပ်ခဲ့ပြီး ဘဂ်လားဒေ့ရှ်ဘက်ကို လက်နက်ကျည်ကျရောက်ပေါက်ကွဲမှုတွေရှိခဲ့ပါတယ်။
ဒါကြောင့် ဘဂ်လားဒေ့ရှ်ဘက်က မြန်မာသံအမတ်ကို သုံးကြိမ်တိုင်ဆင့်ခေါ်သတိပေးခဲ့သလို မြန်မာဘက်ကိုလည်းတရားဝင်ကန့်ကွက်ပြောဆိုတာတွေရှိထားပါတယ်။
မြစ်ငယ်မီးရထားဌာန ရုံးအုပ်အမျိုးသမီး ပစ်ခတ်ခံရပြီးသေဆုံး
မန္တလေးတိုင်း အမရပူရမြို့နယ် မြစ်ငယ် လူစီးတွဲနှင့် ကုန်တွဲစက်ရုံမီးရထားဌာနက ရုံးအုပ်ဒေါ်ကြူကြူစန်းဟာ စက်တင်ဘာ ၁၆ ညနေပိုင်းမှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရုံးအုပ်ဒေါ်ကြူကြူစန်းဟာ စက်ကွေ့ရပ်မှာ နေထိုင်တာဖြစ်ပြီး ခင်ပွန်းဖြစ်သူနဲ့ ညနေပိုင်း အပြင်က ပြန်လာချိန် သူ့အိမ်ရှေ့မှာ ပစ်သတ်ခံရတာဖြစ်ပါတယ်။ ဒေါ်ကြူကြူစန်းဟာ CDM ဝန်ထမ်းတွေကို ဖိအားပေး အလုပ်ဝင်ခိုင်းသလို မီးရထားအလုပ်သမားဝန်ထမ်းတွေရဲ့ ချေးငွေကိုလဲ ပြန်ဆပ်ဖို့ ဦးဆောင်ပြောကြားသူ ဖြစ်တယ်လို့ မြစ်ငယ်မီးရထားဌာန ဝန်ထမ်းမိသားစုဝင်တွေက ပြောပါတယ်။
"ရုံးအုပ်ကြီးမလို့လားပဲ မောက်မာတယ် စကားပြောလဲရင့်တယ်။ အခုခေတ်မှာဆို အထက်ဖားအောက်ဖိပဲ။ မနေ့ညနေက သူ့အိမ်ပေါက်နား အပစ်ခံရတာ နောက်စိမှန်သေတယ်တဲ့။ လိုင်းပေါ်မှာဆို သူ့အကောင့်မှာ ရေးတာ လစာတွေပေးထားတယ်။ သူ့စကားနားမထောင်ဘူးလို့။ အလုပ်ပြန်လုပ်ပါလို့လေ"လို့ မြစ်ငယ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြစ်ငယ် ဒေသကာကွယ်ရေးတပ်ဖွဲ့က စက်ကွေ့ရပ်နေ မီးရထားဌာန အထွေထွေမန်နေဂျာရုံးက ရုံးအုပ်ဒေါ်ကြူကြူစန်းဟာ CDM လိုင်ခန်းတွေကို ပိတ်ဖို့ ဦးဆောင်နှိုးဆော်တာ၊ ချေးငွေနှစ်လစာ ဆပ်ဖို့ ဖိအားပေးတာ၊ အလုပ်ဝင်ဖို့ ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တာအပြင် NUG အလုပ်သမားဝန်ကြီးဌာနကနေ အမည်ပျက်စာရင်း ထုတ်ပယ်ထားသူဖြစ်လို့ MNPDF အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
မြစ်ငယ်မီးရထားဌာနမှာ CDM ပြုလုပ်သူတွေ ဒီနှစ်ဆန်းပိုင်းက လိုင်းခန်းကဆင်းပေးရသလို မီးရထား ပင်စင်စား ဝန်ထမ်းအများစုပါဝင်တဲ့ မီးရထားဝန်းအနီး နေအိမ်တွေ ဒီနှစ် မတ်လမှာ အဖျက်ခံရပါတယ်။ အဲ့ဒီ အိုးအိမ်မဲ့သူတွေဟာ မြစ်ငယ်မြို့အနီးတဝှိုက် ဘုန်းကြီးကျောင်းမှာ ခေတ္တနေထိုင်ကြတာဖြစ်ပါတယ်။ အခုအခါ ဘုန်းကြီးကျောင်းကနေပါ လာမယ့် အောက်တိုဘာ ၁၅ရက်မှာ အပြီးပြောင်းရွှေ့ပေးရမှာဖြစ်ပြီး မပြုလုပ်ပါက အရေးယူသွားမယ်လို့လဲ ဖိအားပေးတာတွေ ကြုံတွေ့ရကြောင်း မြစ်ငယ်ဒေသခံတွေက ပြောပါတယ်။
ဒီပဲယင်းမှာ လေကြောင်းကနေပစ်ခတ်ခံရပြီးတစ်ရက်အတွင်း ကလေးငယ်တွေအပါအဝင် အရပ်သား ၁၃ ဦးထိ သေဆုံးမှုရှိလာ
ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ စာသင်ကျောင်းပစ်ခတ်မှုနဲ့ပတ်သက်လို့ ဖော်ပြထားခြင်းမရှိ စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာကို စက်တင်ဘာ ၁၆ ရက် မနေ့က စစ်ကောင်စီတပ်တွေ လေကြောင်းနဲ့ပစ်ခတ်ပြီး ရွာထဲကို စစ်ကြောင်းထိုးပြီးနောက်မှာ ကလေး ၇ ယောက်၊ လူကြီး ၆ ယောက် စုစုပေါင်း ၁၃ ယောက် အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာဘုန်းကြီးကျောင်းဝင်းထဲမှာ ဖွင့်ထားတဲ့ စာသင်ကျောင်းကို ပစ်ခတ်တာကြောင့် စာသင်နေတဲ့ ကလေးငယ်တွေ လက်နက်ကြီးထိမှန်တာဖြစ်ပြီး အသတ်ခံရတဲ့ လူကြီးတွေကတော့ ကျေးရွာထဲကို စစ်ကြောင်းထိုးချိန်မှာ ဖမ်းဆီးရမိချိန် ဦးခေါင်းတွေကို ပစ်ခတ်ထားတဲ့အခြေအနေနဲ့သေဆုံးနေတာကိုတွေ့ခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။ “ စာသင်ကျောင်းထဲမှာ အလောင်းတွေကို မချန်ခဲ့ဘူး။ အကုန်ထုပ်ပိုးပြီးသိမ်းသွားတာ။ စာသင်ခန်းထဲက နံရံတွေ၊ မျက်နှာကျက်တွေ၊ ပန်ကာတွေမှာ သွေးစတွေ၊ အသားစတွေနဲ့ သွေးညှီနံ့တွေရနေတာ။ တော်တော်ရက်စက်ပါတယ်ဗျာ။ အဲဒီကနေ ပြန်လွတ်လာတဲ့ကလေးတွေဆို ကြောက်ပြီး ကျောင်းမသွားရဲတော့ဘူးဆိုပြီး ပြောနေတော့တာ“လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
သေဆုံးတဲ့ရုပ်အလောင်းတချို့ကို ရေဦးသုသာန်မှာ စစ်ကောင်စီတပ်သားတွေ သင်္ဂြိုဟ်သွားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
အသတ်ခံရတဲ့အထဲမှာ အသက် ၁၄ နှစ်ဝန်းကျင် မိန်းကလေးတစ်ဦးလည်းပါဝင်ပြီး သူ့ရုပ်အလောင်းကို နေအိမ်တွေထဲထည့်ပြီး မီးရှို့ခဲ့တာကြောင့် ဒီနေ့မနက်မှာ အရိုးစလေးတွေသာ မြင်တွေ့ရတော့တယ်လို့ ဒေသခံက ပြောပါတယ်။
စာသင်ကျောင်းအနားမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာလည်း ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာတော့ လက်ယက်ကုန်းရွာမှာ KIA နဲ့ PDF တွေ ခိုအောင်းနေတာကြောင့် ရဟတ်ယာဉ်တွေနဲ့ တပ်ဖွဲ့ဝင်တွေကိုပို့ပြီး အလစ်အငိုက် စစ်ဆေးခဲ့တဲ့အကြောင်း၊ အဲဒီလက်နက်ကိုင်တွေက ဘုန်းကြီးကျောင်းထဲကနေ ကျေးရွာလူထုကို အကာကွယ်ယူပစ်ခတ်တာကြောင့် ဒေသခံတချို့ သေဆုံး၊ ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ စာသင်ကျောင်းကို ပစ်ခတ်လို့ ကလေးငယ်တွေ သေဆုံးရတဲ့အကြောင်းရင်းကိုတော့ မဖော်ပြထားပါဘူး။
ကိုဗစ်သောက်ဆေး PACLOVID ကို ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးဖို့ကျန်းမာရေးပညာရှင်တွေ ပြော
ကိုဗစ်ရောဂါ ကုသရေးအတွက် သောက်ဆေး အဖြစ် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO)ထောက်ခံထားတဲ့ PACLOVID (Nirmatrelvir 150mg; Ritonavir 100mg) ကို ပြည်တွင်းမှာ “PACLOVID ” အမည်နဲ့ ထုတ်လုပ်ခဲ့ပြီး အစားအသောက်နဲ့ဆေးဝါးကွပ်ကဲမှုဦးစီးဌာန FDA ရဲ့ ထောက်ခံချက်လည်း ရရှိပြီးပြီဖြစ်လို့ မကြာခင်စျေးကွက်ကို ဖြန့်တော့မယ် လို့ ကုမ္ပဏီဘက်က ကြေညာထားပါတယ်။
ဒီသောက်ဆေး တစ်ဘူးမှာ ၁၀ လုံးပါတဲ့ ဆေးကတ်သုံးကတ်၊ စုစုပေါင်း ဆေးအလုံးရေ ၃၀ ပါတဲ့ ဆေးတစ်ဘူးကို ကျပ်ငွေ နှစ်သိန်းခွဲနဲ့ ရောင်းချမှာဖြစ်တယ်လို့ ဆေးဝါးထုတ်လုပ်တဲ့Pacific ဆေးဝါးကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။
ဆေးပညာအသိုင်းအဝိုင်းကတော့ ဒီသောက်ဆေးကို ဆရာဝန်ညွှန်ကြားချက်နဲ့ ပဲ သောက်ရမယ်လို့ သတိပေးထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက “ကာကွယ်ဆေးနဲ့ ကုသဆေးဆိုတာက သဘောတရားချင်းက တော်တ်ောကွာခြားတာပေါ့နော်။ ကာကွယ်ဆေးဆိုတာကတော့ မဖြစ်ခင် ကြိုတင်ကာကွယ်ရတယ်။ သူက လူတွေ အများကြီးကို ။ ကျွန်တ်ောတို့က ကြိုတင်ထိုးထားလိုက်လို့ရတယ်။ ကုသဆေးဆိုတာက တစ်ခါတလေကျရင် ဆေးကြောင့်လေးတတ်တာမျိုးလည်း ရှိနိုင်တယ်ပေါ့နော်။ အဲဒီအခါကျတော့ ဘယ်လိုလူက ဘယ်လိုဆေးနဲ့ သင့်တော်တယ်ဆိုတာမျိုး ကျွမ်းကျင်တဲ့ဆရာ၀န်ရဲ့ မှတ်ချက်ပေါ့။ ကျွန်တ်ောတို့ကတော့ ဆရာ၀န်ရဲ့ ညွှန်းဆိုချက်လို့ ခေါ်တယ်။ အဲဒီလိုမျိုး အနေအထားရတော့မှ ကျွမ်းကျင်တဲ့ဆရာ၀န်တွေရဲ့ လမ်းညွှန်ချက်နဲ့ သောက်သုံးသင့်တာပါ” လို့ ပြောပါတယ်။
ဘယ်လိုလူနာမျိုးက ဒီဆေးဝါးကို သောက်သုံးသင့်တယ်ဆိုတာကို ကျန်းမာရေးဝန်ကြီးဌာန ၊ ကုသရေးဦးစီးဌာနက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားတာဖြစ်လို့ နားလည်တတ်ကျွမ်းသူရဲ့ ညွှန်ကြားချက်မပါဘဲ ကိုယ့်ဘာသာ ဝယ်မသောက်သင့်ဘူးလို့လည်း သတိပေးထားပါတယ်။
တောင်ကုတ်မှာ စစ်ကောင်စီထောက်ပို့ရေယာဉ် ပစ်ခတ်ခံရ
ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်မြို့အနီးမှာ စက်တင်ဘာ ၁၆ ရက်နေ့မွန်းလွဲပိုင်းက စစ်ကောင်စီထောက်ပို့ ရေယာဉ်တစ်စီး ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။
အဲဒီရေယာဉ်ဟာ တောင်ကုတ်ဆိပ်ကမ်းကနေ စစ်သားတွေ၊ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေကိုတင်ဆောင်ပြီး ထွက်ခွာလာခဲ့ချိန် ရက္ခိုင့်တပ်တော် အေအေဘက်ကနေ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ရေကြောင်းပို့ဆောင်ရေးအတွက် အဓိကအသုံးပြုနေတဲ့ တောင်ကုတ်မြို့ သင်္ဘောဆိပ်ရှိရာ တောင်ကုတ်ချောင်းအတွင်း စစ်ကောင်စီဇက်ရေယာဉ်ခုတ်မောင်းနေစဉ် ဘလီတောင်အနီးမှာ ပစ်ခတ်ခံလိုက်ရတာဖြစ်ပြီးပစ်ခတ်မတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
“မနေ့က နေ့လယ်ပိုင်း ၁ နာရီကျော်လောက်မှာ စစ်တပ်ရဲ့ဇက်သင်္ဘော ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။ ရွှေလင်းယုန် ရေယာဉ်ဆိပ်နားကနေပစ်တယ်လို့ ကြားတာပေါ့။ အဲဒီသင်္ဘောက ဒီကနေ ကုန်တွေဘာတွေပို့တာတွေကို အမြဲတမ်းလုပ်နေတာပါ”လို့ တောင်ကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်ခံလိုက်ရတဲ့အတွက် ဇက်ရေယာဉ်ရဲ့ အလယ်ကိုထိမှန်ခဲ့ပြီး ထိခိုက်မှုတချို့ရှိခဲ့ကာ ရေယာဉ်ပေါ်ပါလာတဲ့ စစ်သည်တွေနဲ့ ကုန်ပစ္စည်းတွေကိုလည်း ပြောင်းရွှေ့ခဲ့ကြရတယ်လို့ ဆိုပါတယ်။
တောင်ကုတ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ကုတ်က စစ်သည်အင်အားတွေနဲ့ လက်နက်ခဲယမ်းတွေကို တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေဆီ အခုလို ပို့ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိတကျော့ပြန်တိုက်ပွဲတွေက ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့တို့မှာ ဖြစ်ပွားနေပြီး အခု စစ်တပ်ရဲ့ ထောက်ပို့ရေယာဉ် တိုက်ခိုက်ခံလိုက်ရတာဟာ ရခိုင်ပြည်နယ် တောင်ပိုင်းအထိ စစ်ပွဲဧရိယာတွေ ကျယ်ပြန့်လာနိုင်တဲ့ အခြေအနေလို့ ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲအေအေက ကုန်းလမ်းနဲ့ရေလမ်းအသုံးပြုသွားလာသူတွေအားလုံးအေအေထံ ဆက်သွယ်သတင်းပို့ပြီးမှသွားလာဖို့နဲ့ ယာဥ်တွေကိုရပ်တန့်စစ်ဆေးတာတွေလည်းပြုလုပ်မှာဖြစ်တယ်လို့ ရခိုင်လူထုကို အရေးပေါ်ကြေညာချက်ထုတ်ပြန်သတိပေးထားပါတယ်။
အချက်အလက်အပြည့်အစုံ မဖြည့်ထားတဲ့မိုဘိုင်းငွေကြေးစာရင်းတွေကိုအပြီး ပိတ်သိမ်းသွားမယ် ဗဟိုဘဏ်ထုတ်ပြန်
Level 2 အဆင့်ကို တိုးမြှင့်ထားခြင်းမရှိတဲ့ အချက်အလက်မပြည့်စုံတဲ့မိုဘိုင်းငွေကြေးစာရင်းအကောင့်တွေကို အပြီးပိတ်သိမ်းသွားမယ်လို့ဗဟိုဘဏ်က စက်တင်ဘာ ၁၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။
မသမာသူတွေက အချက်အလက်တွေကိုမှန်ကန်စွာမဖြည့်စွက်ဘဲ မိုဘိုင်းငွေပေးချေမှုတချို့ကိုသုံးပြီး မသမာတဲ့နည်းလမ်းနဲ့ တရားမဝင်ငွေလွှဲပြောင်းမှုတွေနဲ့ငွေကြေးလိမ်လည်မှုတွေကြောင့် အများပြည်သူနစ်နာဆုံးရှုံးမှုတွေရှိနေပြီး အဲဒီလိုနစ်နာဆုံးရှုံးမှုတွေကို ဖြေရှင်းတဲ့အခါ ကိုယ်ရေးအချက်အလက်အမှန်ပြည်စုံစွာဖြည့်သွင်းထားမှသာ ဖြေရှင်းပေးနိုင်မယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။
ဒါကြောင့် မိုဘိုင်းငွေပေးချေမှု အသုံးပြုသူတွေအနေနဲ့ နီးစပ်ရာ ကိုယ်စားလှယ်များ (Agents) ၊ ဘဏ်တွေထံ သွားရောက်ပြီး မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်ကို အဆင့်-၂ (Level-2) ကို အချိန်မီမြှင့်တင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
မိုဘိုင်းငွေကြေးစာရင်းတွေမှာ ဖြည့်စွက်ထားတဲ့ အမည်၊ မှတ်ပုံတင်နံပါတ်၊ ဆင်းမ်ကတ်နံပါတ်တို့ကို လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဆက်သွယ်ရေးဝန်ကြီးဌာနတို့က အချက်အလက် တိုက်ဆိုင်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
ဒါကြောင့် အဆင့်-၂ ကို မမြှင့်တင်ပါက စာရင်းပိတ်ခံရမှာဖြစ်ပြီး တိုးမြှင့်လိုခြင်းမရှိသူတွေအနေနဲ့ မိမိတို့လက်ကျန်ငွေအတွက် အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်ကြဖို့ အသိပေးထားပါတယ်။
ဗဟိုဘဏ်ဟာမကြာခင်ကလည်း မိုဘိုင်းငွေသွင်းငွေထုတ်ပြုလုပ်သူတွေကို လျှို့ဝှက်ကင်မရာနဲ့ ဓာတ်ပုံမှတ်တမ်းယူထားဖို့၊ ကိုယ်စားလှယ်ဆိုင်တွေမှာ စီစီတီဗီကင်မရာတွေတပ်ထားဖို့ကိုလည်းညွှန်ကြားခဲ့ပါသေးတယ်။
တစ်ခါ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာလည်း ဒစ်ဂျစ်တယ်မိုဘိုင်းငွေသွင်းငွေထုတ်ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Wave money ကလည်း ငွေသွင်းငွေထုတ်လုပ်တဲ့အခါ မှတ်ပုံတင်မဖြစ်မနေယူဆောင်လာရမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။
ရွှေဈေး အကျဘက်ကို ဦးတည်နေတယ်လို့ ရွှေလုပ်ငန်းရှင်အသင်းပြောပေမဲ့ပြင်ပမှာတော့ရွှေတစ်ကျပ်သား သိန်း ၃၀ ခန့်ရှိနေ
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရည်ညွှန်းရွှေစျေးကတော့ ဒီနေ့ စက်တင်ဘာ ၁၇ ရက်မှာ ဆယ့်ကိုးသိန်း ခြောက်သောင်းကိုးထောင်ဖြစ်နေပေမဲ့ ပြင်ပပေါက်ဈေးမှာတော့ မြန်မာ့ရွှေစျေးဟာ တစ်ကျပ်သားကို သိန်း ၃၀ ဝန်းကျင်ပေါက်စျေးရှိနေတာပါ။
အခုလိုရည်ညွှန်းစျေးနဲ့ ပြင်ပပေါက်စျေး ကွာဟနေပေမဲ့ လာမယ့် ဒီဇင်ဘာလမှာ ရွှေတွင်းတွေ ပြန်ဖွင့်ပြီ ဖြစ်လို့ ရွှေစျေးနှုန်းတွေ က တည်ငြိမ်သွားနိုင်ပြီး အကျဘက်ရောက်လာနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းတာ၀န်ရှိသူတစ်ဦးက ဘီဘီစီကို အခုလို ပြောပါတယ်။
“ အခုက ကမ္ဘာ့ရွှေဈေးကလည်း ကျနေတယ်။ ဒီဇင်ဘာဆိုရင်လည်း ရွှေတွင်းတွေပြန်ထွက် ရွှေဈေးက ပုံမှန်ပြန်ဖြစ်မယ်။ အတက်မရှိတော့ဘူး။ ပုံမှန်နဲ့ အကျဘက်ကိုပဲ ဆင်းဖို့ရှိမယ်''လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က စျေးကွက်ပေါက်စျေးအတိုင်းရွှေအရောင်းအဝယ်ပြုလုပ်နိုင်ပေမဲ့ ကျပ် သိန်း ၂၀၀ ကျော်ရင် ဘဏ်စနစ်နဲ့ ပေးချေဖို့အတွက် ညွှန်ကြားခဲ့ပြီးတဲ့နောက်မှာ ရွှေစျေးကွက်ထဲမှာ ငွေလွှဲရတာပိုအဆင်ပြေလာတယ်လို့ ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
မန္တလေးမြို့က ရွှေလုပ်ငန်းလုပ်ကိုင်သူတစ်ယောက် ပြောတာကတော့ “ ဘဏ်စနစ်နဲ့လည်းအဆင်ပြေတယ်။ ရွှေအသင်းက ပြင်ပပေါက်ဈေးနဲ့ရောင်းဝယ်ခိုင်းတယ်။ ဒါပေမဲ့ ရောင်းဝယ်လုပ်ရတဲ့ပမာဏကို စာရင်းတင်ရမယ်ဆိုတော့ အဲ့မှာ အဆင်မပြေဘူး။ ဘာကိုကြောက်တာလဲဆိုတော့ အရောင်းအဝယ်ပမာဏတွေ ဘယ်လောက်လုပ်တယ်ဆိုတာ စစ်တာ ၊ ဆေးတာ၊ မေးမြန်းတာတွေ လုပ်တာ မခံချင်ဘူး။"
ရွှေလုပ်ငန်းရှင်အများစုက မနက်ပိုင်းမှာ ရွှေဝယ်ပြီး၊ နေ့လယ်မှာရောင်းချပြီးနောက် ညနေပိုင်းမှာ ငွေပြန်လွှဲကြတာပါ။ ငွေလွှဲတဲ့အခါမှာ ဘဏ်စနစ်နဲ့သာ စိတ်အချရဆုံးဖြစ်ပြီး ပြင်ပကနေ ပို့မယ်ဆိုရင် လက်ရှိသွားလာရေးနဲ့ လုံခြုံရေးတွေကြောင့် အဆင်မပြေဘူးလို့လည်း သူက ပြောပါတယ်။
စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ မြန်မာကျပ်ငွေအပေါ် ယုံကြည်မှုကျဆင်းတာတွေကြောင့် နိုင်ငံခြားငွေဖြစ်တဲ့ ဒေါ်လာ၊ ရွှေ တို့ကိုဝယ်ယူစုဆောင်းလာကြတာဖြစ်တယ်လို့ စီးပွားရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။
ပေါက်မြို့နယ်ထဲက ကျေးရွာ သုံးရွာကို စစ်တပ် ရုတ်တရက်ပစ်ခတ်ဝင်ရောက်လာလို့ ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးနေ
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ဒေါင်းသာ၊ သပွတ်စု၊ မြေခြားရွာတွေထဲကို ဒီနေ့ စက်တင်ဘာ ၁၇ ရက် မနက် ၉ နာရီခွဲလောက်ကစပြီး အင်အား ၂၀၀ ကျော် ပါရှိတဲ့ စစ်ကောင်စီယာဉ်တန်း ငါးစီး ရောက်လာပြီး ပစ်ခတ်ဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ ပေါက်မြို့နယ်ဘက်ကနေ ရောက်ရှိလာတာဖြစ်ပြီး ရုတ်တရက်ပစ်ခတ် ဝင်လာတာကြောင့် ဒေသခံတွေထွက်ပြေးနေကြရပါတယ်။ “ကားငါးစီးနဲ့ ရုတ်တရက်ရောက်လာတာ။ ဘာမှကိုမယူနိုင်ဘူး။ ပြေးကြရတာ၊ ကားပေါ်ကဆင်းတာနဲ့ လက်နက်ကြီးနဲ့ထုတယ်၊ တန်းပစ်တော့တာ။ ဘာတိုက်ပွဲမှ မဖြစ်ပါဘူး။ အထိခိုက်တော့ လောလောဆယ် မကြားရသေးဘူး ”လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။ စစ်ကောင်စီတပ်တွေက ပေါက်မြို့နယ်ထဲကအဲဒီကျေးရွာတွေဘက်ကို စစ်ကြောင်းမထိုးတာ ၂ လဝန်းကျင်လောက်ရှိနေတာကြောင့် အေးအေးချမ်းချမ်းရှိနေတာကနေ ဒီနေ့မှာ ထွက်ပြေးကြရတာလို့ ပြောပါတယ်။ စစ်ကြောင်းထိုးတာကြောင့် ဒေါင်းသာ၊ သပွတ်စု၊ မြေခြား ၊ သရက်တောအပါဝင် ကျေးရွာ ၆ ရွာက ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးနေကြရပါတယ်။
ဒီပဲယင်းမြို့နယ်ထဲ လေကြောင်းပစ်ခတ်မှုမှာ ကျောင်းသား ၄ ဦးအပါအ၀င် သေဆုံးသူ ၅ ဦးအထိ ရှိလာ ဆရာဆရာမ အပါအ၀င် ဒေသခံ ၂၀ ခန့်ကိုလည်း ဖမ်းဆီးသွား
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာကို စက်တင်ဘာ ၁၆ ရက် မနေ့ မွန်းလွဲ ၁ နာရီလောက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ပစ်ခတ်တာကြောင့် အဲဒီကျေးရွာထဲက စာသင်ကျောင်းထဲမှာ စာသင်နေတဲ့ ကျောင်းသား ကလေးငယ် ၄ ယောက် ၊ ရွာအပြင်မှာ ဖခင်နဲ့အတူ ငါးရှာနေတဲ့ ကလေးတစ်ယောက် စုစုပေါင်း ကလေးငယ် ငါးဦး ကျည်ထိမှန်သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကျောင်းမှာ ပိတ်မိနေတဲ့ ကျောင်းဆရာမတစ်ယောက်၊ ကျောင်းဆရာတစ်ယောက်နဲ့ ကျောင်းသားကလေးငယ် အယောက် ၂၀ ဝန်းကျင်ဟာလည်း ရေဦးမြို့ကို ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး ဒီနေ့ စက်တင်ဘာ ၁၇ ရက် မနက်အထိ သတင်းမရကြသေးပါဘူး။ "ဘာတိုက်ပွဲမှမဖြစ်ပါဘူးဗျာ။ အသားလွတ်ဝင်ပစ်သွားတာ။ ကလေးတွေအလောင်းကို တွေ့တယ်။ ကျောင်းစာသင်ခန်းထဲမှာလည်း လက်ပြတ်ထားတာတွေ၊ အူထွက်ထားတာတွေ၊ သွေးကွက်တွေနဲ့။ အခု အဖမ်းခံထားရတဲ့ ဆရာ၊ ဆရာမနဲ့ကလေးတွေအတွက်လည်း စိတ်ပူနေရတယ်"လို့ ဒေသခံတစ်ဦးက အခြေအနေကိုပြောပါတယ်။ စစ်ကောင်စီတပ် တိုက်ခိုက်ရေးယာဉ် ၂ စီး၊ ရဟတ်ယာဉ် ၂ စီးတို့နဲ့ ဝင်ရောက်ပစ်ခတ်တာကြောင့် လက်ယက်ကုန်း၊ ညောင်ကြီးကုန်း၊ မူးခတွင်း၊ ညောင်လှ၊ သရက်တော၊ ဝဲကြီး၊ မရကန်၊ သစ်တုံ စတဲ့ကျေးရွာတွေက ထောင်ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။
မြန်မာဘက်က မော်တာကျည်ဆန်ကျရောက်ပေါက်ကွဲလို့ အသက် ၁၅ နှစ်အရွယ် ရိုဟင်ဂျာကလေးငယ်တစ်ဦး သေဆုံး
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာနိုင်ငံက ပစ်ခတ်တဲ့ မော်တာကျည်ဆန်တွေ ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၁၅ နှစ်အရွယ် ရိုဟင်ဂျာ ကလေးငယ်တစ်ဦး သေဆုံးပြီး အနည်းဆုံး လူခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦးက ပြောကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလူနည်းစုများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ ရက္ခိုင့်တပ်တော်အေအေနဲ့ မြန်မာစစ်တပ်တို့တိုက်ပွဲတွေကြား အပြန်အလှန်ပစ်ခတ်မှုများအတွင်း ရိုဟင်ဂျာတွေ အထိအခိုက်ရှိနေတာဖြစ်တယ်လို့ရိုက်တာသတင်းက ဆိုပါတယ်။
ရိုဟင်ဂျာ ၄၀၀၀ ခန့် နေထိုင်နေတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာ ဒီ အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ရိုဟင်ဂျာလူငယ်ဟာ မနေ့ စက်တင်ဘာ ၁၆ ရက် သောကြာနေ့နှောင်းပိုင်းမှာ မော်တော်ကျည်ဆန်ကျရောက်ထိမှန်လို့ သေဆုံးကြောင်း ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒဲလ်မိုဟာမက်က ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာဘက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူနဲ့ နယ်ခြားစောင့် အရာရှိတစ်ဦးက ပြောပါတယ်။အခုဖြစ်စဥ်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုသိရဖို့ဘီဘီစီကလည်း ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် အခြေချနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ တစ်သန်းကျော် နေထိုင်နေပြီး အများစုမှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ဖြိုခွင်းမှုအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာသူတွေဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းကလည်း မြန်မာဘဂ်လားဒေ့ရှ်နယ်စပ်က မြန်မာနယ်ခြားစောင့်စခန်းကို အေအေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့နောက် စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ပစ်ခတ်မှုတွေ နယ်စပ်တစ်လျှောက်ပြုလုပ်ခဲ့ပြီး ဘဂ်လားဒေ့ရှ်ဘက်ကို လက်နက်ကျည်ကျရောက်ပေါက်ကွဲမှုတွေရှိခဲ့ပါတယ်။ဒါကြောင့် ဘဂ်လားဒေ့ရှ်ဘက်က မြန်မာသံအမတ်ကို သုံးကြိမ်တိုင်ဆင့်ခေါ်သတိပေးခဲ့သလို မြန်မာဘက်ကိုလည်းတရားဝင်ကန့်ကွက်ပြောဆိုတာတွေရှိထားပါတယ်။
ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူတွေ သိသိသာသာတိုးလာ
ကချင်ပြည်နယ်မှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းဝယ်သူတွေများလာတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းတွေကဖော်ပြတာတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ လူငယ်လူရွယ်တွေတော်တော်များများဟာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေကို သိသိသာသာ လူမြင်ကွင်းတွေအထိ သုံးစွဲလာတာကိုလဲတွေ့မြင်နေရတာပါ။ ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနား မှာရှိတဲ့ ရပ်ကွက်တချို့မှာလည်း မူးယစ်ဆေးဝါးသုံးစွဲသူတွေ အခုနောက်ပိုင်းပိုမိုတွေ့ရှိလာရတာဖြစ်ပါတယ်။ မနေ့ စက်တင်ဘာ ၁၆ ရက်နေ့မှာလည်း မြစ်ကြီးနားမြို့က ခေမာသီရိရပ်ကွက်အတွင်း လမ်းဘေးတစ်နေရာမှာ မူးယစ်ဆေးဝါးသုံးစွဲရာကနေ ဆေးလွန်သေဆုံးသူတစ်ဦးရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ပူတာအိုဘက်က ရွာတချို့မှာလည်း မူးယစ်ဆေးဝါးသုံးစွဲတဲ့လူငယ်တွေများသလို ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသဘက်တွေမှာဆိုရင် ရွှေတွင်းလုပ်နေတဲ့သူတချို့က လုပ်ခကြေးငွေကို မူးယစ်ဆေးဝါးနဲ့ အစားထိုးရှင်းပေး တာမျိုးအထိပါ ရှိနေတာဖြစ်တယ်လို့ အင်းတော်ကြီး ဒေသခံက ဘီဘီစီကို ပြောပါတယ်။