ရန်ကုန် မန္တလေးမြို့ကြီးတွေမှာ စက်သုံးဆီ အလွယ်တကူ ဝယ်မရဖြစ်

ရေးသားခဲ့သည်။

ရန်ကုန်က ဆီဆိုင်အချို့မှာ အောက်တိုဘာလ ၇ ရက်နေ့က စပြီး ကားတွေ တန်းစီပြီး ဝယ်နေရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စက်သုံးဆီစျေးတွေ တစ်လီတာ ကျပ် ၂၀၀ နီးပါး ကျလာချိန်မှာ ဆီဆိုင် အချို့က ဆီပြတ်တာတွေ အရောင်းပိတ်ထားတာတွေ ရှိလာနေလို့ ဖွင့်တဲ့ ဆိုင်အချို့မှာ အခုလို တန်းစီ ဝယ်နေကြတာလို့ ရန်ကုန်မြို့ခံ အချို့က ပြောပါတယ်။

မြောက်ဒဂုံ ဗထူးလမ်းမကြီးပေါ်က ဆီဆိုင်မှာ ဆီဝယ်ဖို့ တန်းစီနေတဲ့ ကားတွေ အောက်တိုဘာလ ၈ ရက်နေ့ ညပိုင်း အထိ တွေ့နေရဆဲ ဖြစ်တယ်လို့ မြောက်ဒဂုံ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဗထူး လမ်းမကြီးပေါ်မှာ ဖွင့်ထားတဲ့ အချို့ ဆီဆိုင်တွေက 95 ဓာတ်ဆီ မရှိလို့ ဝယ်လို့မရဘူး“လို့ သူကပြောပြပါတယ်။

ဒါ့အပြင် မန္တလေးမြို့မှာ စက်သုံးဆီဆိုင်အချို့ အရောင်းပိတ်ထားတာကို ဒီကနေ့ တွေ့ရကြောင်း မန္တလေး ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့တော့၊ တချို့ဆိုင်တွေမှာပါ ၀ယ်မရဖြစ်သွားတယ်။ ဆိုင်ကြီးတချို့ကပါ အရောင်းရပ်ထားကြတယ်” မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

ဒီဇယ်ကတော့ ရန်ကုန်မှာ အောက်တိုဘာလ ၈ ရက်နေ့အထိ ဝယ်ယူလို့ ရတဲ့ အကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောပြပါတယ်။

စက်သုံးဆီဈေးတွေ တရိပ်ရိပ်မြင့်တက်လာတာနဲ့ အတူ မကြာခဏဆိုသလို ဆီလက်ကျန်ပြတ်ပြီး စက်သုံးဆီဆိုင်တွေ အရောင်းပိတ်လေ့ ရှိတာမို့ လူတွေကြားမှာ စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်ပြီး အခုလို တန်းစီဝယ်ယူမှုတွေ ဖြစ်ပေါ်ခဲ့တာလို့ ဆိုကြပါတယ်။

မနေ့ကတော့ ဆီပြတ်တာ မဟုတ်ဘဲ သန်လျင်မြို့မှာ လူကြီးလမ်းကြောင်းရှိတာကြောင့် လမ်းတွေပိတ်ထားတဲ့အတွက် သီလဝါ ဆိပ်ကမ်းကနေ ထွက်လာတဲ့ ဆီဘောက်ဆာ ကားတွေဟာ သက်ဆိုင်ရာ စက်သုံးဆီဆိုင်တွေကို အချိန်မီ လိုအပ်တဲ့ စက်သုံးဆီအရေအတွက် ပြည့်မီအောင် မပို့ပေးနိုင်တာကြောင့် ဖြစ်တယ်လို့ စက်သုံးဆီဆိုင်တွေ နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

“ဒီကနေ့မှာတော့ ရန်ကုန်က ဆိုင်တွေ တော်တော်များများ ပြန်ရောင်းချပေးနေပါပြီ “လို့လည်း သူက ပြောပါတယ်။

ဆီလုပ်ငန်းရှင်တွေနဲ့ နီးစပ် တချို့ကတော့ ဆီဆိုင်တွေရဲ့ စျေးကစားတာသာ ဖြစ်ပြီး ဆီဆိုင်တွေမှာ ၂ ရက်လောက် အထိ ဆီရောင်းချ ပေးနိုင်ဖို့ သိုလှောင်ကန်တွေ ရှိပြီးသားလို့လည်း ဆိုကြပါတယ်။

ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို ပြည်ပကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဝန်းကျင် တင်သွင်းနေရလို့ ပြည်ပကနေတင်သွင်းမှု လျှော့ချသွားဖို့ လိုတယ်ဆိုပြီး စစ်ကောင်စီဥက္ကဋ္ဌက မနှစ်က ၂၀၂၂ က ပြောခဲ့ပါတယ်။

ပြည်တွင်းမှာ အထိုက်အလျောက် ရေနံထွက်နေတာကြောင့် တွင်းတိမ်ရေနံတူးဖော်တာတွေကို စနစ်တကျ လုပ်ပြီး ရေနံထုတ်လုပ်တဲ့လုပ်ငန်းကို ကြပ်မတ်ဖို့ သူက ပြောခဲ့ပါတယ်။

ဒါပေမဲ့ ရေနံထွက်ပစ္စည်းထဲမှာ ပြည်ပကနေ တင်သွင်းနေတဲ့ စက်သုံးဆီတွေလည်း ပါဝင်တာကြောင့် စစ်ကောင်စီဥက္ကဋ္ဌရဲ့ အခုပြောဆိုချက်ဟာ ပြည်ပကနေ စက်သုံးဆီတင်သွင်းတာ လျှေ့ာချဖို့ ဆိုလိုတာ ဖြစ်တယ်လို့ ယူဆမှုတွေရှိပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌပြောတဲ့ ရေနံနဲ့ရေနံထွက်ပစ္စည်းတွေဆိုတဲ့အထဲမှာ စက်သုံးဆီပါပါဝင်ပေမဲ့ လက်ရှိ တင်သွင်းခွင့်ပြုနေတဲ့ စက်သုံးဆီပမာဏကို ချက်ချင်းဖြတ်တောက်ဖို့ ညွှန်ကြားတာမဟုတ်ဘူးလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

ဒါ့ကြောင့် စက်သုံးဆီရရှိသုံးစွဲနိုင်မှု အကန့်အသတ်တွေရှိလာနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက ဒေါ်လာငွေလဲနှုန်းတွေကို ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ပြည်တွင်းမှာ စက်သုံးဆီစျေးတွေ မြင့်တက်လာခဲ့ပြီး အဲဒါတွေနဲ့ ဆက်စပ်ကာ ကုန်စျေးနှုန်းတွေလည်း တက်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းအထိ စက်သုံးဆီတစ်လီတာကို ကျပ် ရာဂဏန်းသာရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း တရိပ်ရိပ်မြင့်တက်လာတဲ့ စက်သုံးဆီ ဈေးနှုန်းတွေဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလဆန်းမှာ ရန်ကုန်မြို့ဈေးကွက် ပေါက်ဈေးအရ 92 တစ်လီတာကို ကျပ် ၂၂၀၀ ဝန်းကျင်၊ 95 တစ်လီတာကို ကျပ် ၂၂၀၀ ‌ကျော် ဝန်းကျင်နဲ့ ဒီဇယ် တစ်လီတာကို ၂၅၀၀ ကျော် ရှိခဲ့ပါတယ်။

စက်သုံးဆီ ဆိုင်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလကစလို့ ကန့်သတ်ရောင်းချတာ တန်းစီဝယ်ရတာတွေ စတင်လာခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မြင့်တက်နေတဲ့ စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်း တစ်လီတာကို ကျပ် ၂၀၀ ဝန်းကျင်ခန့် ကျဆင်းသွားပြီး ဒီနေ့ အောက်တိုဘာ ၈ ရက်ဈေးမှာ 92 တစ်လီတာကို ကျပ် ၁၉၅၀ ဝန်းကျင်၊ 95 တစ်လီတာကို ကျပ် ၂၀၅၀ ဝန်းကျင်၊ ဒီဇယ် တစ်လီတာကို 2200 ကျော် ဝန်းစျေးတွေ ကျလာတာ ဖြစ်ပါတယ်။

လူတွေကတော့ စက်သုံးဆီဈေး အနည်းငယ် ကျဆင်းလာချိန်မှာ စက်သုံးဆီဆိုင်တွေက အရောင်းပိတ်တယ်လို့ သုံးသပ်ကြပါတယ်။

နိုင်ငံခြားသုံးငွေရရှိမှု အခက်အခဲအပါအဝင် နိုင်ငံတကာအရေးကိစ္စတွေ ကြောင့် စက်သုံးဆီ ဝယ်ယူရရှိရေးမှာ အခက်အခဲ ဖြစ်လာနေတယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ က ဘီဘီစီကို ပြောခဲ့ပါတယ်။