ဘီးတဲလ်စ် အဖွဲ့ရဲ့ နောက်ဆုံး သီချင်း ထွက်ပေါ်လာပုံ

ရေးသားခဲ့သည်။

ဘီးတဲလ်စ် ပရိတ်သတ်တွေ စောင့်မျှော်နေခဲ့ကြတဲ့ နောက်ဆုံးသီချင်း နိုဝင်ဘာလ ၂ ရက် ကြာသပတေးနေ့မှာ ထွက်လာပြီ ဖြစ်ပါတယ်။ ဒီသီချင်း ထွက်မယ့် နေ့ကို လွန်ခဲ့တဲ့ သီတင်းတပတ်လောက်ထဲက စောင့်မျှော်နေခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ သီချင်းကို Now And Then လို့ခေါ်ပြီး ၄၅ နှစ်ကြာ စီစဉ် ဖန်တီးခဲ့ရပါတယ်။ သီချင်းရဲ့ ပထမ ဘားတွေကို ဂျွန်လင်နွန်က ၁၉၇၈ ခုနှစ်မှာ စတင်ရေးသားသွားခဲ့တာ ဖြစ်ပြီး မနှစ်ကမှ လက်စသတ်နိုင်ခဲ့ပါတယ်။

ဒီသီချင်းထဲမှာ ဘီးတဲလ်စ် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဂျွန်လင်နွန်၊ ပေါလ် မက္ကာတနီ၊ ဂျော့ချ် ဟယ်ရစ်ဆင်နဲ့ ရင်ဂိုစတား တို့ ၄ ယောက်စလုံးရဲ့ လက်ရာတွေ ပါဝင်နေတာကြောင့် အဖွဲ့ဝင်အားလုံးစီစဉ်ဖန်တီးခဲ့တဲ့ နောက်ဆုံးသီချင်းတပုဒ်အဖြစ် ဆိုရမှာပါ။

အဲဒီ သီချင်းကို သူတို့ အဖွဲ့ရဲ့ သမိုင်းတပတ်လည်တဲ့ သဘောနဲ့ ၁၉၆၂ က ပထမဆုံး အဲလ်ဘမ် အဖြစ်ထုတ်ခဲ့ကြတဲ့ Love Me Do နဲ့ တွဲပြီး ထုတ်ဝေမှာ ဖြစ်ပါတယ်။

ဒီသီချင်းဟာ ကမ္ဘာ့ ရော့ခ်ဂီတ လောကမှာ အကြီးကျယ်ဆုံး အဖွဲ့တခုဖြစ်တဲ့ ဘီးတဲလ်စ် နောက်ဆုံး ကန့်လန့်ကာချ အပိတ်သီချင်း ဖြစ်လာနိုင်ပါတယ်။

Now And Then ကို ဘယ်တော့ ဘယ်မှာ နားထောင်နိုင်မလဲ

ယူကေမှာတော့ BBC 6 Music က နိုဝင်ဘာလ ၂ ရက် ကြာသပတေးနေ့ မွန်းလွဲ ၂ နာရီမှာ စတင်ထုတ်လွှင့်ပေးမှာပါ။

တပြိုင်တည်းလိုလိုမှာပဲ Spotify, Apple Music နဲ့ Amazon Prime Music စတာတွေမှာလည်း နားဆင်နိုင်ကြမှာ ဖြစ်ပါတယ်။

နောက်ရက်မှာတော့ စီဒီ၊ ဓာတ်ပြားနဲ့ ကက်ဆက်ခွေတွေအဖြစ်ပါ ဝယ်ယူလို့ ရနိုင်မှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၀ ရက်က စပြီး အဲဒီသီချင်းကို ပြန်လည် မွမ်းမံ တည်းဖြတ် အဆင့်မြှင့်ထားတဲ့ The Beatles' Red and Blue အဲလ်ဘမ် အခွေများထဲမှာ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

ဘယ်လို သီချင်းမျိုး ဖြစ်မလဲ

မူရင်း အကြမ်းတီးခတ် သီဆိုထားတဲ့ အခွေကတော့ တရားမဝင်ထွက်နေခဲ့တာ နှစ်ပေါင်း တော်တော်ကြာနေပါပြီ။ ဂျွန်လင်နွန် ၁၉၇၀ ပြည့်နှစ်တွေ အတွင်းမှာ တကိုယ်တော် သီဆိုခဲ့တဲ့ သီချင်းတွေရဲ့ ပုံစံမျိုး ပုံပြင်ဆန်တဲ့ အချစ်သီချင်းကောင်း တပုဒ်ဖြစ်ပြီး Jealous Guy သီချင်းနဲ့လည်း ခပ်ဆင်ဆင်တူပါတယ်။

ဒီသီချင်းကို ပြီးခဲ့တဲ့ နှစ်ကမှ ဆာပေါလ် မက္ကာတနီ နဲ့ ရင်ဂိုစတား တို့ စတူဒီယိုထဲမှာ လက်စသတ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီ သီချင်းထဲမှာ ဂျော့ချ် ဟယ်ရစ်ဆင် ၁၉၉၅ ခုနှစ်က တီးခတ် အသံသွင်းခဲ့တဲ့ ရစ်သမ်ဂစ်တာ လက်သံတွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။ စီစဉ်ထုတ်လုပ်သူ ဂျိုင်းလ်စ် မာတင်ကတလည်း အဲဒီထဲမှာ string arrangement အသစ်ထပ်ထည့် ထားပါတယ်။

သီချင်းကို နားဆင်ခဲ့ရပြီး သူတွေကတော့ ဒီသီချင်းက သူတို့ အဖွဲ့ရဲ့ ချစ်ခင်ရင်းနှီးမှုတွေကို ထပ်ဟပ်စေတဲ့ ပြန်ပြောင်း အမှတ်ရစေတဲ့ ဆွတ်ပျံ့ဖွယ် သီချင်းလို့ ဆိုကြပါတယ်။

ပထမ chorus ကို ဂျွန်နဲ့ ပေါလ် အတူသီဆိုထားတာ၊ 'Now and then I miss you'ဆိုတဲ့ စာသားအရောက်မှာ ကောင်းလိုက်တာ၊ တကယ်ကို ထိတာပဲ၊ ဒါ အနည်းအကျဉ်းပဲ ရှိသေးတယ်လို့ Rolling Stone ဂီတမဂ္ဂဇင်းက ရော့ဘ် ရှက်ဖီးလ်ဒ်က ပြောပါတယ်။

ဒီသီချင်းကို ထုတ်လွှင့်ပေးမယ့် BBC 6 Music ရဲ့ လောရဲန် လာဗန်းကလည်း သူဆို ကြားကြားချင်း ကလေးတယောက်လို ငိုမိတယ်၊ သိပ်လှတဲ့ သီချင်းလို့ ဆိုပါတယ်။

Now And Then ကို ဘယ်တုန်းက ရေးတာလဲ

စတင်ရေးသားချိန်က ၁၉၇၈ အတွင်းမှာပါ။ ဂျွန်လင်နွန်က နယူးယောက်က သူ့အိမ်မှာပဲ သီဆိုမှုနဲ့ စန္ဒယားသံတွေကို အကြမ်းသွင်းထားခဲ့ပါတယ်။

သူကွယ်လွန်သွားပြီးနောက် ကျန်ရစ်သူ ဇနီးသည် ယိုကို အိုနိုက ဒီအခွေကြမ်းကို ကျန်နေတဲ့ ဘီးတဲလ်စ် အဖွဲ့သားတွေကို ကက်ဆက်ခွေနဲ့ သွင်းပြီးပေးခဲ့ပါတယ်။ အဲဒီထဲမှာ နောက် ၂ ပုဒ်ဖြစ်တဲ့ Free as a Bird နဲ့ Real Love သီချင်းတွေကိုလည်း အခွေထဲမှာလည်း ထည့်ပေးထားခဲ့ပါတယ်။

အဲဒီ သီချင်း ၂ ပုဒ်ကိုတော့ ၁၉၉၅ နဲ့ ၉၆ ခုနှစ်တွေ အတွင်း ဘီးတဲလ်စ်ရဲ့ ပထမဆုံး သီချင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စင်ဂဲလ်ခွေတွေ ထုတ်ခဲ့ကြပြီး ပြီဖြစ်ပါတယ်။

Now And Then ကိုလည်း စမ်းပြီး သွင်းခဲ့ကြပါသေးတယ်။ ဒါပေမယ့် တခဏလေး အတွင်းမှာပဲ ဆက်မလုပ်ဘဲ ရပ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ထုတ်လုပ်သူ Jeff Lynne က တနေ့လည်မှာ ဟိုတီး ဒီတီး တီးကြည့်ကြတာပါလို့ ပြောပါတယ်။

သီချင်းမှာ chorus အပိုဒ် ပါပေမယ့် verses တွေ အားနည်းနေတယ်။ ဆိုတော့ အကြမ်းတီးကြည့်ကြည့်တာပါ၊ ပြီးတဲ့အထိတောင် မလုပ်ဖြစ်ခဲ့ကြပါဘူးလို့ သူက ဆိုပါတယ်။

အဆုံးမှာတော့ အခွေကြမ်းထဲက အသံအရည်အသွေးက ညံ့လွန်းနေတာကြောင့် ဆက်မလုပ်ဖြစ်ကြတော့ပါဘူး။ ဂျော့ချ် ဟယ်ရစ်ဆင်ကဆို အမှိုက် "rubbish"လို့တောင် ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ပေါလ် မက္ကာတနီက စိတ်မလျှော့ခဲ့ပါဘူး။

ဒီသီချင်းကို လက်စသတ်နိုင်ဖို့ အေအိုင်ခေါ် ဉာဏ်ရည်တုရဲ့ အကူအညီကို ယူခဲ့ရသလား

အတိုင်းအတာ တခုအထိ ယူခဲ့ရပါတယ်။

The Beatles' Get Back ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်စီစဉ်နေတုန်းက ရုပ်ရှင် ဒါရိုက်တာ ပီတာ ဂျက်ဆင်ရဲ့ ကုမ္ပဏီက အသံမကြည်တဲ့ သီချင်းတွေ အခွေတွေထဲမှာ ထပ်နေတဲ့ အသံတွေကို ပြန်ခွဲထုတ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲ တမျိုးကို တီထွင်နိုင်ခဲ့ကြပါတယ်။

အဲဒီ နည်းပညာကိုပဲ ပြီးခဲ့တဲ့ နှစ်က ထုတ်ခဲ့တဲ့ Revolver အဲလ်ဘမ်ထဲမှာ သုံးခဲ့ပါတယ်။

ဆော့ဖ်ဝဲကို ဂျွန်လန်နွန်ရဲ့ ဂစ်တာ အသံကို သိနေဖို့ အတွက် လေ့ကျင့်ပေးခဲ့ရတာမျိုး လုပ်ပေးခဲ့ရပါတယ်။ သူ့ကို အချက်အလက်တွေ ပို့ထည့်ပေးနိုင်လေ ပိုပြီး အလုပ်ဖြစ်လေပဲ ဖြစ်ပါတယ်။

Now And Then သီချင်းအလှည့်မှာတော့ ဆော့ဖ်ဝဲက မူရင်း ကက်ဆက်ခွေကြမ်းထဲက ဂျွန်လင်နွန်ရဲ့ အသံကိုပါ ဆွဲထုတ်ပေးနိုင်ပြီ ဖြစ်ပါတယ်။ အသံသွင်းချိန်က ဝင်နေတဲ့ နောက်က အသံတွေ၊ နောက် သီချင်းကို ပြီးဖို့ ကြိုးစားတိုင်း အခက်ကြုံစေတဲ့ အသံမျိုးတွေကို ဖယ်ပစ်နိုင်ခဲ့ပါတယ်။

မက္ကာတနီကတော့ Now And Then ထဲမှာ ဂျွန်လင်နွန်ရဲ့ အသံက ကြည်မြနေတာပဲလို့ ဆိုခဲ့ပါတယ်။ ဒါကို ကြည့်ရင် နည်းပညာအကူအညီနဲ့ အခွေကြမ်းထဲက ပါးပါးလေး ဆိုထားတဲ့ အသံကို အကောင်းစား ဖြစ်သွားအောင် လုပ်ပေးနိုင်နေတာကို သိနိုင်ပါပြီ။

ဒီသီချင်း ထွက်လာဖို့ နောက်ကွယ်မှာ ကြိုးစား လုပ်ကိုင်ခဲ့ရတာတွေအကြောင်း ရိုက်ကူးထားတဲ့ ၁၅ မိနစ်စာ မှတ်တမ်းရုပ်ရှင်ကားကိုလည်း BBC One ရဲ့ The One Show မှာ ဗုဒ္ဓဟူးနေ့ကပဲ ပြသခဲ့ပါတယ်။

သီချင်းအတွက် မြူးဇစ်ဗီဒီယို ထွက်ဖို့ ရှိသလား

ရှိပါတယ်။ ပီတာ ဂျက်ဆင်က ဗီဒီယိုလည်း စီစဉ်ထားပါတယ်၊ သောကြာနေ့ နေ့လယ် ၂ နာရီမှာ ထုတ်မှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ အရင်က မမြင်ဖူးသေးတဲ့ ပုံရိပ်တွေကို မြင်ကြရမှာပါ။ ဘီးတဲလ်စ်အဖွဲ့မှာ ၁၉၆၀ ကနေ ၆၂ အထိ ဒရမ် တီးခဲ့တဲ့ ဒရမ်မာ Pete Best နဲ့ သူ့ ညီ Roag တို့ ပေးထားတဲ့ ဘီးတဲလ်စ်တွေအစောဆုံး ရိုက်ကူးခဲ့တယ်လို့ ဆိုကြတဲ့ ရုပ်ရှင်ထဲက အပိုင်းတွေလည်း ပါဝင်မှာပါ။

Roag က ဒီပုံရိပ်တွေက သူ ဝယ်ယူထားတာ ဖြစ်ကြောင်း၊ ဘီးတဲလ်စ်အဖွဲ့ရဲ့ ပထမဆုံး စင်ဂဲလ် မထွက်ခင် ၈ လ အလို လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်း Birkenhead မြို့က St Paul's Presbyterian Church Hall မှာ ဘီးတဲလ်စ် အဖွဲ့ ဖျော်ဖြေနေစဉ် လူတယောက်က ရုပ်ရှင် ကင်မရာအသေးလေးနဲ့ ရိုက်ကူးထားတဲ့ အသံတိတ် ပုံရိပ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ ပုံရိပ်တွေကို ဂျက်ဆင်ရဲ့ အဖွဲ့သားတွေက အဆင့်မြှင့်ပေးလိုက်တာကြောင့် အင်မတန်မှ ကြည့်လို့ ကောင်းသွားတယ်လို့ Roag က ဘီဘီစီ သတင်းဌာနကို ပြောခဲ့ပါတယ်။

နောက်ပြီး ဘီးတဲလ်စ်တွေ မကျော်ကြားခင် သားရေနဲ့ချုပ်တဲ့ suits တွေ ဝတ်ပြီး တီးခတ်နေကြတဲ့ တခုတည်းသော ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဘီးတဲလ်စ်တွေဟာ အဲဒီ ရုပ်ရှင်ထဲမှာ ဂစ်တာတွေကိုင် ယိမ်းထိုးပြီး ပါးစပ်နား မိုက်တွေ ကပ်ပြီး သီဆိုနေခဲ့ကြတာကို တွေ့ရမှာ ဖြစ်တယ်လို့ Roag က ပြောပါတယ်။

နောက်ပြီး ၁၉၆၂ သြဂုတ်လမှာ Pete Best အတွက်လည်း သူအဖွဲ့ကနေ အထုတ်မခံရခင်၊ သူ့နေရာကို ရင်ဂိုစတားနဲ့ အစားမထိုးခင်မှာ ရိုက်ကူးထားတဲ့ တခုတည်းသော ဗီဒီယိုလေး ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ သူ့ကို သိပ်မမြင်ရဘူးလို့ ညီဖြစ်သူက ပြောပါတယ်။

မိသားစုဝင် အနေနဲ့တော့ ဟာကွာ ဆို ဖြစ်သွားတာပေါ့။ Pete ရှေ့မှာ အဖွဲ့ဝင် တယောက်က မတ်တပ်ရပ်နေတော့ ကွယ်နေတယ်။ သူ့ ဒရမ်တွေရယ် ဒရမ်တီးနေတဲ့ လက်တွေလောက်ပဲ တခါတခါ မြင်ရပါတယ်လို့ ပြောပါတယ်။

ဂျက်ဆင်က Now And Then ဗီဒီယိုထဲမှာ အဲဒီပုံရိပ်တွေကို ၆ စက္ကန့်စာလောက် သုံးပေးထားပါတယ်။ Roag Best ပိုင်တဲ့ တကယ့် ဗီဒီယိုက တမိနစ်လောက် ရှိပြီး လစ်ဗာပူးလ် မြို့က ဘီတဲလ်စ် ပြတိုက်မှု ပြသထားပါတယ်။

အဲဒီ အရင်က မမြင်ဖူးခဲ့တဲ့ ပုံရိပ်တွေထဲမှာ ဘီးတဲလ်စ်တွေဟာ စိတ်အေးလက်အေးနဲ့ ပေါ့ပါး လွတ်လပ်စွာ ပျော်ပါးနေကြတာကို တွေ့ရကြောင်း ဂျက်ဆင်က ပြောပါတယ်။

ဒီ ၂၀၂၃ မှာ ရိုက်ထားတဲ့ ဗီဒီယိုထဲမှာ ကြည်နူးစရာ ကောင်းတာလေးတွေ ထည့်ရိုက်ပေးထားတယ်။ ရလဒ်အနေနဲ့ ဆိုရင် သီချင်းထဲမှာ ခပ်ကြောင်ကြောင် ပုံစံမျိုးတွေ ပါသွားတော့ လွမ်းဆွေး ဆွတ်ပျံ့ စရာလေးတွေနဲ့ ပျော်ရွှင် ကြည်နူးစရာလေးတွေ အကြား အားမျှသွားပါတယ်လို့ သူက ဆိုပါတယ်။