မေလ ၆ ရက်ထိပ်တန်းသတင်းများ- ရုပ်ရှင်အစည်းအရုံးဝန်းထဲ ဗုံးပေါက်ကွဲမှုဖြစ်

ရေးသားခဲ့သည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဝင်္ကဘာလမ်းထဲက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးခြံဝန်းထဲမှာ ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကျင်းပတဲ အကယ်ဒမီပေးပွဲကို သပိတ်မှောက်ဖို့ တော်လှန်ရေးအင်အားစုတွေက လှုံ့ဆော် တိုက်တွန်းနေချိန်မှာ အခုပေါက်ကွဲမှုထွက်ပေါ်လာတာပါ။

ဒီပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မျက်နှာ ဖုံးဝတ်ထားသူ အမျိုးသား ၂ ယောက်က ရုပ်ရှင်အစည်းအရုံး အစည်းအဝေးခန်းမ အပြင်ဘက်မှာ အထုပ်တစ်ထုပ်ကို လာချ သွားတာဖြစ်ပြီး အဲဒီအထုပ်ကနေ ပေါက်ကွဲမှုဖြစ်တာလို့ ရေးသားဖော်ပြနေပါတယ်။

အဲဒီလိုပေါက်ကွဲမှုဖြစ်ပွါးပြီးနောက် ရုပ်ရှင်အစည်းအရုံးဝင်းအတွင်းထဲ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ဒီညနေပိုင်းမှာလုံခြုံရေးယူထားတာတွေ့ရတယ်လို့ မျက်မြင်တွေက ဘီဘီစီကိုပြောပါတယ်။

KIO ဌာနချုပ် လိုင်ဇာမှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ပြီ

ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ပြီးခဲ့တဲ့မတ်လတုန်းက ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေ ဒီနေ့ မေလ ၆ ရက်မှာ ထုတ်ပြန်ပြီလို့ သိရပါတယ်။

အောင်စာရင်းအရ စစ်ရှောင်ကျောင်းသား ၁ ထောင်ကျော်အပါအဝင် ကျောင်းသား ၂၇၀၀ ကျော်ဖြေဆိုခဲ့ရာမှာ ကျောင်းသား ၁၄၃၇ ဦး အောင်မြင်ခဲ့တာကိုတွေ့ရပါတယ်။

လိုင်ဇာမှာ တက္ကသိုလ်ဝင်စာမေးပွဲတွေကို မတ်လ ၈ ရက်ကနေ ၁၃ ရက်အထိ ကျင်းပခဲ့တာပါ။

ကိုဗစ်ကပ်ရောဂါကာလအတွင်း လိုင်ဇာမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပတာကို ပိတ်ထားခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်မှာ တက္ကသိုလ်ဝင်စာမေးပွဲတွေကို ပြန်လည်ကျင်းပခဲ့တာဖြစ်ပါတယ်။

အခုနှစ် စာမေးပွဲကတော့ ကပ်ဘေးအလွန်မှာ ကျင်းပတဲ့ ဒုတိယအကြိမ်မြောက်စာမေးပွဲဖြစ်ပြီး "ကချင်၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရူပဗေဒ ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီ၊ သမိုင်း၊ သင်္ချာဘာသာရပ်တွေအတွက် စာမေးပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရေဦးမြို့နယ်၊ ချမ်းသာရွာ အထက်တန်းကျောင်းဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာရွာ အထက်တန်းကျောင်းကို စစ်ကောင်စီတပ်တွေက မေလ ၄ ရက်မှာ ဖြိုချဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံပေါက်ကျေးရွာနဲ့ ဖလံဂုဏ်ကျေးရွာမှာ ညအိပ်တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်တွေက မေလ ၄ ရက်မနက်ပိုင်းမှာ ချမ်းသာကျေးရွာကို ပစ်ခတ်ဝင်ရောက်ခဲ့ကြတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကြောင်းဝင်လာပြီဆိုတာနဲ့ ကျွန်တော်တို့တွေ အကုန်ထွက်ပြေးကြတယ်။ စာသင်ကျောင်းထဲမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်မိသားစု ၄၊ ၅ စုလည်း ဘာမှမယူနိုင်ဘူး ပြေးကြတာ။ သိပ်မကြာဘူး။ လက်နက်ငယ်သံတွေရော၊ ဖောက်ခွဲသံတွေရော ကြားကြတယ်။ သူတို့ ပြန်ထွက်သွားလို့ ကြည့်တော့မှ စာသင်ကျောင်းက အုတ်ပုံပဲ ကျန်တော့တာ၊ ဒီလိုဖြစ်အောင် ဘယ်လိုတွေလုပ်သွားတယ်ဆိုတာတော့ မမြင်လိုက်ရဘူး”လို့ ချမ်းသာကျေးရွာ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

အဲဒီအထက်တန်းကျောင်းဟာ နှစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး ကိုဗစ်မတိုင်ခင် နောက်ဆုံးစာသင်နှစ် ၂၀၁၉-၂၀၂၀ နှစ်မှာ ကျောင်းသားပေါင်း ၆၀၀ ကျော် ပညာသင်ကြားခဲ့တာဖြစ်ပြီး ကျေးရွာပေါင်း ၁၈ ရွာက ကျောင်းသားတွေ တက်ရောက်ခဲ့တာလို့ ‌ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကြောင်းတွေ မကြာခဏဝင်တာကြောင့် စာသင်ကြားနေတာ မရှိကြပေမဲ့ နောင်တစ်ချိန်မှာ ဒေသခံကျောင်းသားကလေးငယ်တွေအတွက် မှီခိုအားထားရာ စာသင်ဖို့နေရာ မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ချမ်းသာကြီးကျေးရွာဟာ နှစ်သက်တမ်းရာချီရှိတဲ့ သမိုင်းဝင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းအပါအဝင် ရွာလုံးကျွတ် မီးရှို့ခံရတဲ့ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။

ချမ်းသာရွာထဲကိုခုလို စစ်ကြောင်းဝင်ရောက်ပြီး စာသင်ကျောင်းကို ဘာကြောင့်မီးရှို့ဖျက်စီးသွားတယ်ဆိုတာတော့မသိရသေးသလို စစ်ကောင်စီဘက်ကလည်း ဒီရွာဖြစ်စဥ်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

တပ်မဟာ ၅ နယ်မြေက BGF စခန်း တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံးတယ်လို့ဆို

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ ၅ နယ်မြေထဲက စစ်ကောင်စီလက်အောက် နယ်ခြားစောင့်တပ် (BGF) စခန်းတစ်ခုကို ကေအဲန်ယူရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ဖွဲ့ဝင်တွေက တိုက်ခိုက်ချိန် BGF တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးတယ်လို့ သိရပါတယ်။

BGF တပ်နယ် အမှတ် ၃၊ ကန်နီစခန်းကို တပ်မဟာ ၅ လက်အောက်က KNLA တပ်ဖွဲ့ဝင်တွေက မေလ ၂ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးတဲ့ BGF တပ်ဖွဲ့ဝင်တွေထဲမှာ တပ်ခွဲမှူး ၁ ဦး၊ ဒုတပ်ခွဲမှူး ၁ ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးလည်း ပါဝင်တယ်လို့ တပ်မဟာ ၅ အာဘော် မူတြော်သတင်းက သတင်းဖော်ပြလာတာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ KNLA တပ်ဖွဲ့ဝင် ၂ ဦးလည်း သေဆုံးပြီး နောက်ထပ် ၅ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ BGF စခန်းဟာ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစစ်မြေပြင်ကို လက်နက်ခဲယမ်းနဲ့ စားနပ် ရိက္ခာတွေ ပို့ဖို့ လမ်းလုံခြုံရေးယူ စောင့်ကြပ်နေတာကြောင့် တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

တပ်မဟာ ၅ နယ်မြေ(ဖာပွန်ခရိုင်) ထဲက စစ်ကောင်စီတပ်စခန်းတွေဟာ နယ်မြေခံ KNLA တပ်ဖွဲ့ဝင်တွေ ရဲ့လမ်းကြောင်းကြားဖြတ်တိုက်ခိုက်ခံနေရတာကြောင့် ရှေ့တန်းစခန်းတွေကို လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့ဖို့ BGF တပ်ဖွဲ့ဝင်တွေက လမ်းလုံခြုံရေးယူပေးနေရတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ြပနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဖာပွန်-ကမမောင်းလမ်းပေါ်မှာ ဒေသခံတွေ ရိက္ခာသယ်ယူတာကို ဧပြီလကတည်းက ကန့်သတ်တာတွေလုပ်နေတယ်လို့လည်း ဆိုပါတယ်။

BGF တပ်တွေ သေဆုံးမှုနဲ့ပတ်သက်လို့ BGF တပ်ဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

Write to Aye Thu San

မတူပီက စစ်ဗျူဟာ ဌာနချုပ်စခန်း ခြုံခိုတိုက်ခိုက်ခံရ

ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ စစ်ဗျူဟာ ဌာနချုပ်စခန်းကို မေလ ၅ ရက်တုန်းက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပြီး ချင်းကာကွယ်ရေးတပ်(CDF) မတူပီဘက်က သတင်းထုတ်ပြန်လာ ပါတယ်။

အဲဒီစခန်းကို ရုတ်တရက် ခြုံခိုတိုက်ခိုက်ချိန်အတွင်း စစ်ကောင်စီတပ်ဘက်က စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ်၊ ဗိုလ်မှူးတစ်ဦး၊ ယာဥ်မောင်းတပ်သားတစ်ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

‘’သူတို့ ဗျူဟာနဲ့ အမှတ် ၁၄၀ ခြေလျင်တပ်ရင်းက တဆက်တည်းပဲရှိတယ်။ အဲဒီဝန်းက တော်‌တော်လေး လည်း ကျယ်တယ်။ ကျွန်တော်တို့က အဲဒီဝန်းရဲ့ တစိတ်တပိုင်းကို ခြုံခိုတိုက်ခိုက်ခဲ့တာ။ သေသွားတဲ့ သူတွေကိုတော့ ဗျူဟာမှူး၊ ဗိုလ်မှူးနဲ့ ယာဥ်မောင်းဆိုတာ ကျွန်တော်တို့ အလောင်းတွေကို အတည်ပြုနိုင်တယ်။ စခန်းထဲ သူတို့ သွားသွားလာလာ လုပ်နေတုန်းမှာ တိုက်ခိုက်ခဲ့တာပါ’’ လို့ မတူပီ CDF ဘက်က ဘီဘီစီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်ခံရမှုနောက်ဆက်တွဲအနေနဲ့ စစ်ကောင်စီတပ်ဘက်က လှုပ်ရှားမှု တစုံတရာမရှိသေးပေမဲ့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်ခံရနိုင်တာတွေကို သတိရှိကြဖို့ ဒေသခံတွေကို မတူပီ CDF က သတိပေးပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ယန္တရားတွေ လည်ပတ်နိုင်ဖို့ စစ်ကောင်စီက ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်တွေ၊ ရုံးဝန်ထမ်းတွေနဲ့ အခြားဆက်စပ်သူတွေကို အရေးယူမယ်လို့ပြောပြီး ပြည်သူတွေအနေနဲ့ ချင်းမြေကာကွယ်ရေးတပ်ဖွဲ့- မတူပီရဲ့ အသိပေးထုတ်ပြန်ချက်တွေကို လေးစားလိုက်နာဖို့ကိုလည်း တိုက်တွန်း ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲဒီဗျူဟာကုန်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာနိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်းအကြောင်း မိုးဇလ သတိပေး

ဘင်္ဂလားပင်လယ်အော်မှာ မနက်ဖြန် မေလ ၇ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နိုင်ပြီး အဲဒီလေဖိအားနည်းရပ်ဝန်းဟာပိုမိုအားကောင်းလာကာ မေ ၈ရက်မှာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၆ ရက်ထုတ် နိုင်ငံပိုင်မြန်မာ့အလင်းသတင်းစာကတစ်ဆင့် ထုတ်ပြန်သတိပေးလာပါတယ်။

အဲဒီမုန်တိုင်းငယ်ဟာ မေ ၁၀ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်ပြီး မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရခိုင်ကမ်းရိုးတန်းအနီးကို ရောက်ရှိလာနိုင်တာကြောင့် မေ ၉ ရက်ကနေ ၁၃ ရက်အထိ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်တယ်လို့ ပါရှိပါတယ်။

တစ်နာရီလေတိုက်နှုန်း မိုင် ၅၀ ကနေ ၆၀ အထိ တိုက်ခတ်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းရဲ့အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့အတူမြေပြိုခြင်းတွေဖြစ်နိုင်လို့ကုန်းမြင့်ဒေသအနီးမှာနေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိထားနေထိုင်ဖို့ဆိုပြီး ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင်မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ မြစ်ငယ်ချောင်းငယ်တွေအနီးမှာနေထိုင်သူတွေအနေနဲ့ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ကြိုတင်သတိပြုနေထိုင်ဖို့ကိုလည်း သတိပေးထားတာတွေ့ရပါတယ်။

ပြည်တွင်းလေကြောင်းပျံသန်းမှုတွေနဲ့ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဥ် သင်္ဘောတွေလည်း ကြိုတင်သတိပြုရှောင်ရှားကြဖို့နဲ့ မိုးဇလထုတ်ပြန်ချက်တွေကို စောင့်ကြည့်ပြီးလိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေကိုဆောင်ရွက်ဖို့ အကြံပြုကြောင်းလည်း ပါရှိပါတယ်။

ဒါပေမဲ့ အဲဒီထုတ်ပြန်ချက်မှာပဲ ဖော်ပြထားတာက မုန်တိုင်း စတင်အစပျိုးခြင်းမရှိသေးသလိုခန့်မှန်းတိုင်းထွာချက်တွေဟာလည်းပြောင်းလဲနိုင်တယ်လို့လည်း ပါရှိပါတယ်။

ဆီးဂိမ်းမှာ မြန်မာအသင်း ဗိုဗီနမ်ကစားနည်းနဲ့ရွှေ စတင်ရရှိ

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့နေတဲ့ ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)မှာ ဗီယက်နမ်ရိုးရာသိုင်းကစားနည်း(ဗိုဗီနမ်) နှစ်ယောက်တွဲပြိုင်ပွဲမှာ မြန်မာက အမျိုးသားရော၊ အမျိုးသမီး ပြိုင်ပွဲမှာပါ ရွှေတံဆိပ်တွေရရှိသွားပါတယ်။

ဒီနေ့ မနက်ပိုင်း ဗိုဗီနမ် အမျိုးသမီး နှစ်ယောက်တွဲကစားနည်းမှာ မမေဟန်နီအောင်လွင်နဲ့ မခိုင်ဝါဖူးတို့က မြန်မာအတွက် ပထမဆုံးရွှေတံဆိပ်ကို ရယူပေးခဲ့ကြတာဖြစ်ပါတယ်။

ဗိုဗီနမ် အမျိုးသား လေးယောက်တွဲ ပြိုင်ပွဲမှာလည်း မြန်မာအသင်းကပဲ အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်၊ ရာဇာထွန်းတို့က ဒုတိယမြောက် ရွှေတံဆိပ်ကို ရယူပေးခဲ့တာဖြစ်ပါတယ်။

ဒါဟာ အခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအတွက် ပထမဆုံးရတဲ့ ရွှေတံဆိပ်တွေဖြစ်ပြီး မြန်မာအသင်းဟာ ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၁ ခုနဲ့ ကြေးတံဆိပ် ၄ ခုရရှိထားပါတယ်။

မြန်မာဟာ အခုနှစ်ဆီးဂိမ်းမှာ ဗိုဗီနမ်၊ လှေလှော်၊ ပိုက်ကျော်ခြင်းစတဲ့ ရိုးရာကစားနည်းတွေမှာ အများဆုံး ဝင်ပြိုင်ဖို့ရှိတာတွေ့ရပြီး ဒါဟာ ရွှေတံဆိပ်ရယူနိုင်ချေများတဲ့ကစားနည်းတွေမှာပဲ ဝင်ပြိုင်တာဖြစ်တယ် ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အားလုံးနဲ့ပူးပေါင်းမယ်လို့ KNU ညီလာခံဆုံးဖြတ်

ပြည်တွင်းမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ ဒီမိုကရေစီအရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် အားလုံးနဲ့ပူးပေါင်း ဆောင်ရွက်မယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ပြောလာပါတယ်။

KNU ရဲ့ ၁၇ ကြိမ်မြောက်ညီလာခံအပြီးမှာ အခုလို ထုတ်ပြန်တာဖြစ်ပြီး ညီလာခံကိုတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်ကနေ မေလ ၄ ရက်အထိ KNU ဗဟိုဌာနချုပ်နဲ့ ခရိုင်အသီးသီးက ကွန်ဂရက်စ် ခန်းမတွေမှာ အွန်လိုင်းနည်းစနစ်နဲ့ ကျင်းပခဲ့တာလို့ ဆိုပါတယ်။

အဲဒီညီလာခံကနေ ဗဟိုအမြဲတမ်းကော်မတီအဖွဲ့ဝင် ၄၅ ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၁၁ ဦးနဲ့ ဗဟိုတရားသူကြီဂချုပ် ၁ ဦးကို ရွေးကောက်တင်မြှောက်ခဲ့တယ်လို့လည်း ပါရှိပါတယ်။

အဲဒီညီလာခံကနေ ရွေးချယ်လိုက်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှာ ပြီးခဲ့တဲ့ ညီလာခံတုန်းက ဒုတိယဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ပဒိုစောကွယ်ထူးဝင်းက ဥက္ကဋ္ဌဖြစ်လာပြီး ပဒိုစောဆဲဂေ(ဒုတိယဥက္ကဋ္ဌ)၊ ပဒိုစောတာဒိုမူး(အထွေထွေအတွင်းရေးမှူး)၊ ပဒိုစောသောသီဘွဲ(တွဲဖက်အတွင်းရေးမှူး-၁)၊ ပဒိုစောလှထွန်း(တွဲဖက်အတွင်းရေးမှူး-၂)၊ ဗိုလ်ချုပ်ကြီးစောဂျော်နီ(ကော်မတီအဖွဲ့ဝင်)၊ ဗိုလ်မှူးချုပ်စောတာမလာသော(ကော်မတီအဖွဲ့ဝင်)၊ ပဒိုနော်ဒါးဒါး(ကော်မတီအဖွဲ့ဝင်)၊ ပဒိုစောတောနီး(ကော်မတီအဖွဲ့ဝင်)၊ ပဒိုစောအယ်ကလူစေး(ကော်မတီအဖွဲ့ဝင်)၊ ပဒိုစောလောအယ်မူး(ကော်မတီအဖွဲ့ဝင်)၊ တို့ကို ပါဝင်ပါတယ်။

အဲဒီညီလာခံကို ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ ကနဦး ကျင်းပဖို့ သတ်မှတ်ထားခဲ့ပေမဲ့ ကိုဗစ်ကပ်ရောဂါ၊ စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ စိန်ခေါ်မှုတွေကြောင့် အခုနှစ်မှာ ကျင်းပခဲ့တာလို့ ဆိုပါတယ်။

တဖက်မှာလည်း ညီလာခံခေါ်ယူဖို့နဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်အချို့ရဲ့ အကျိုးစီးပွားရှာဖွေမှုတွေကို စုံစမ်းပေးဖို့ ပြည်တွင်းပြည်ပမှာ ရှိတဲ့ ကရင်အဖွဲ့အစည်းတွေက စာထုတ်တောင်းဆိုပြီး မကြာခင်မှာပဲ ဒီညီလာခံ ထွက်ပေါ်လာတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ KNU ခေါင်းဆောင်တွေဟာ ရာဇဝတ်မှုတွေနဲ့ ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်းဆိုင်ရာလုပ်ငန်းတွေနဲ့ ပတ်သက်နေတယ်ဆိုတဲ့ ရေးသားပြောဆိုချက်တွေကို ကန့်ကွက်သလို အခြေအနေမှန်ကို သိနိုင်ဖို့ KNU ဗဟိုအဆင့်က လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး စုံစမ်းမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် KK Park လူသိများပြီး တရုတ်ရာဇဝတ်ဂိုဏ်းတွေ ပါဝင်ပတ်သက်နေတဲ့ လောင်းကစားရုံဟာလည်း KNU နဲ့ လုံးဝ ပတ်သက်မှုမရှိတဲ့အကြောင်း အသိပေးတယ်လို့ သီးခြားကြေညာချက်တစ်စောင်ထုတ်ပြန်ထားပါတယ်။