အောက်တိုဘာ ၂၅ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ဒေါ်သက်သက်ခိုင် အတည်ပြုလွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှာ ပါမလာ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

သတင်းဖြည့်စွက်ချက်

ဘီဘီစီရဲ့မေးမြန်းမှုကို နေ့လည်ပိုင်းမှာ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစောဟန်အေးက ဖုန်းနဲ့ပြန်လည်ဖြေကြားပေးခဲ့ပြီး အောက်တိုဘာ ၁၉ ရက်ကတော့ ဥက္ကဋ္ဌဖြစ်သူ ဒေါ်သက်သက်ခိုင် အနေနဲ့ ပြိုင်ခွင့်ရတာကို ကြေညာထားတဲ့ အကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ ကြေညာချက်ကို ကိုးကားပြီးပြောပါတယ်။

"ဥပဒေအရ နည်းနည်း ဖြေရှင်းရမယ့်ကိစ္စလေးတွေပေါ်လာလို့ ဖြေရှင်းပေးရမယ့်ဟာလေးတွေ ပြန်ပြီးဖြေရှင်းပေးနေတာပါ" လို့ ဦးစောဟန်အေးက ပြောပြီး အသေးစိတ်အခြေအနေကို မပြောပြပါဘူး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အတည်ပြုကိုယ်စားလှယ်လောင်းစာရင်းမှာ မပါလာတာနဲ့ ပတ်သက်ပြီး ဘီဘီစီက ဆက်လက်မေးမြန်းရာမှာတော့

"ထုတ်ပြန်ချက်ပါခြင်းမပါခြင်းထက် အားလုံးက UEC မှာ ဖြေရှင်းပိုင်ခွင့်လည်းရှိပါတယ်။ အဆင်ပြေသွားမှာပါ" လို့ ပြန်လည် ဖြေကြားပါတယ်။

အခုလို အငြင်းပွားမှုတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီကနေ့မွန်းလွဲပိုင်းအထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ ရွေးကောက်ပွဲယှဥ်ပြိုင်ခွင့်ရ အမတ်လောင်းစာရင်းမှာ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရဲ့ အမည်ကို မတွေ့ရပါဘူး။

ကိုယ်စားလှယ်လောင်းအရည်အချင်းပျက်ယွင်းတဲ့အတွက် ဒေါ်သက်သက်ခိုင်ရွေးကောက်ပွဲယှဥ်ပြိုင်ခွင့်မရဘူး လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သတင်းတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက် အမတ်လောင်းစာရင်းမှာပါ သူ့နာမည် မပါလာတာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ဒေါ်သက်သက်ခိုင်အပါအဝင် PPP ထိပ်ပိုင်းခေါင်းဆောင်တွေကို ဘီဘီစီက အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒေါ်သက်သက်ခိုင်ဟာ ရန်ကုန်တိုင်းက နိုင်သူအကုန်ယူ အမှတ် ၂ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာဝင်ပြိုင်မယ် လို့ ကနဦးကပြောထားပေမဲ့ ရန်ကုန်တိုင်းရဲ့ တခြားလွှတ်တော်မဲဆန္ဒနယ်တွေမှာပါ သူ့နာမည်ကိုမတွေ့ရတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကနဦးကြေညာတဲ့ အမတ်လောင်းစာရင်းမှာ ဒေါ်သက်သက်ခိုင်နာမည်ပါဝင်ခဲ့ပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အပြီးသတ်ထုတ်ပြန်ချက်မှာ ပါမလာတော့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်း အမှတ် ၂ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာစာရင်းမှာ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ကိုယ်စားလှယ်တစ်ဦးမှ မတွေ့ရဘဲ ပြိုင်ဘက်ပါတီတွေရဲ့ အမတ်လောင်းစာရင်းတွေကိုပဲ တွေ့ရပါတယ်။

NLD အမတ်ဟောင်းဖြစ်တဲ့ ဒေါ်သက်သက်ခိုင်ဟာ သီးခြားပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ခဲ့ပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီကခန့်အပ်တဲ့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး၊ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးတာဝန်တွေကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေ တင်ဆောင်လာတဲ့ကားတိမ်းမှောက်ပြီး ၃ ဦး သေဆုံး

တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ၃၀ နီးပါးတင်ဆောင်လာတဲ့ကားတစ်စီးဟာ ဒီနေ့မနက်ပိုင်းမှာ မြန်မာနဲ့ ထိုင်းနယ်စပ် ကန်ချနာဘူရီ ခရိုင်ထဲမှာရှိတဲ့ အမြန်လမ်းအမှတ် ၃၂၃ ပေါ်မှာ တိမ်းမှောက်ကာ မြန်မာအလုပ်သမား ၃ ဦး သေဆုံးတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ကန်ချနာဘူရီ-ဆန်ခလဘူရီခရိုင်ချင်းဆက် အမြန်လမ်းပေါ်မှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်စဥ်မှာ အလုပ် သမား ၁၅ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တာပါ။

အလုပ်သမားတွေကို တင်ဆောင်လာတဲ့ကားဟာ အမြန်လမ်း တလျှောက်အရှိန်နဲ့မောင်းလာပြီး ညာဘက်ဘီးချောင်ထွက်ကာ ကားခေါင်းပိုင်းနဲ့ ခရီးသည်တင်လာတဲ့ကိုယ်ပိုင်း ပြုတ်ထွက်တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ကားသမားနဲ့အတူ အလုပ်သမား ၁၀ ဦးထက်မနည်းက နီးစပ်ရာ တောအတွင်းကို ထွက်ပြေးသွားတာကြောင့် ထိုင်းရဲတပ်ဖွဲ့က ရှာဖွေနေဆဲဖြစ်ပါတယ်။

ထိုင်းဘက်က ကန်ချနာဘူရီခရိုင်ဟာ မြန်မာဘက်က ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့နဲ့ ထိစပ်နေပြီး မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် လုပ်ကိုင်နိုင်ဖို့ တရားမဝင်လမ်းကတဆင့် ဝင်ရောက်လေ့ရှိတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

စက်တင်ဘာ ၉ ရက်တုန်းကလည်း ကန်ချနာဘူရီခရိုင် စံခလမြို့ထဲက ဝချီရာလောင်ကွန် ဆည် ဖြတ်ကူးတဲ့ မြန်မာရွှေ့ပြောင်းတွေရဲ့ စက်လှေမှောက်ပြီး မိသားစုလိုက်သေဆုံးတာ ရှိခဲ့ပါတယ်။

စက်တင်ဘာ ၁၂ ရက်မှ အလောင်း ၃ လောင်းကို ထိုင်းလူမှုကူညီရေးအဖွဲ့တွေက ဆယ်ယူနိုင်ခဲ့တာပါ။

အောက်တိုဘာ ၁၉ ရက်ကလည်း ဒီခရိုင်ထဲမှာ တရားမဝင်လမ်းက ဝင်လာတဲ့ မြန်မာ ၁၆၂ ဦးကို ထိုင်းအာဏာပိုင်တွေက အစုလိုက်ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းက Blackpink ပွဲ ဆက်ကျင်းပမယ်

တောင်ကိုရီးယား K pop အဖွဲ့ Blackpink ရဲ့ ဘန်ကောက်က ဖျော်ဖြေပွဲကို ဒီနေ့နဲ့ မနက်ဖြန်တွေမှာ ဆက်ကျင်းပသွားမယ်လို့ ပွဲစီစဥ်တဲ့ Live Nation Tero ကနေ ထုတ်ပြန်လာပါတယ်။

မနေ့ညက နတ်ရွာစံသွားတဲ့ ထိုင်းဘုရင့်မယ်တော်၊ မိဘုရားကြီးသီရိခေတ်အတွက် ဝမ်းနည်းကြေကွဲတဲ့အနေနဲ့ကော လေးစားသောအားဖြင့် ပွဲတက်လာသူတွေကို အနက်ရောင်သာဝတ်ဆင်လာဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းအစိုးရကတော့ နိုင်ငံတွင်းက ဖျော်ဖြေရေးနဲ့ ဝန်ဆောင်မှုကဏ္ဍတွေကို ရက် ၃၀ ရွှေ့ဆိုင်းတာနဲ့ လျှော့ချတာတွေလုပ်ပေးဖို့ တောင်းဆိုထားပေမဲ့ အမိန့်ထုတ် တားမြစ်တာမရှိပါဘူး။

နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲတဲ့ ကာလဖြစ်တာကြောင့် ဒီနေ့ပြုလုပ်ဖို့ရှိနေတဲ့ ပွဲတချို့အပါအဝင် ဖျော်ဖြေရေးနဲ့ ပြိုင်ပွဲ ၆ ခုထက်မနည်း ဖျက်သိမ်းတာနဲ့ ရက်ရွှေ့ဆိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းသတင်းက ဖော်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင်ကလည်း ဒီနေ့ကျင်းပတဲ့ မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့က အာဆီယံထိပ်သီးအစည်းအဝေးခရီးစဥ်ကို မနက်ဖြန်မှသွားဖို့ ရွှေ့ဆိုင်းခဲ့ပါတယ်။

ကန်ပက်လက်မြို့ထဲ ၂ နေရာ ဗုံးကြဲခံရ ၃ ဦးသေဆုံး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ထဲက နေရာ ၂ ခုကို စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံးကြဲတာကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦးသေဆုံးတယ်လို့ ချင်းညီနောင်ရဲ့ ကန်ပက်လက် မြို့နယ် ပြောရေးဆိုခွင့်ရှိသူ ကိုပီတာသန်းရွှေက ဘီဘီစီကို ပြောပါတယ်။

အောက်တိုဘာ ၂၄ ရက်၊ မနက် ၉ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ မြို့မရပ်ကွက် ၂ အတွင်းကို ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

"အရပ်သား ၁၀ ဦးဝန်းကျင်လည်းဒဏ်ရာရပါတယ်။ တချို့ကတော့ စိုးရိမ်ရတယ်။ ဒီနေ့မနက်ပိုင်းကတော့ အခြေအနေငြိမ်နေပါတယ်" လို့ ပြောရေးဆိုခွင့်ရှိသူ ကိုပီတာသန်းရွှေက ဆိုပါတယ်။

ချင်းပြည်နယ်တွင်းသတင်းဌာနတချို့က လေကြောင်းကြဲခံရတဲ့နေရာ ၂ ခုထဲက တစ်နေရာဟာ CDF ကန်ပက်လက်စစ်ဦးစီးချုပ်ရဲ့ မင်္ဂလာဆောင်ကျင်းပရာနေရာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

CDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း ဒီမင်္ဂလာဆောင်ကို မိသားစုထမင်းစားပွဲကျင်းပသလောက်သာ အကျဥ်းချုပ်ပြုလုပ်တာဖြစ်ပြီး ဖိတ်စာမှာ လိပ်စာမထည့်ထားပေမဲ့ တယ်လီဂရမ်အုပ်စုထဲကို လိပ်စာနဲ့တကွ ပျံ့နှံ့ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။

ပြောရေးဆိုခွင့်ရှိသူကတော့ လေကြောင်းပစ်ခံရတဲ့နေရာဟာ စစ်ဦးစီးချုပ်ရဲ့ မင်္ဂလာဆောင် ဟုတ်မဟုတ်ကို ဖြေဆိုတာမရှိပါဘူး။

ထိုင်းမှာ ရက် ၉၀ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဝတ်ဆင်ဖို့ ထိုင်းအစိုးရကြေညာ

ထိုင်းဘုရင့်မယ်တော်၊ မိဖုရားကြီးသီရိခေတ် နတ်ရွာစံတာကို ဝမ်းနည်းတဲ့ အထိမ်းအမှတ်အနေနဲ့ ဒီနေ့ကစပြီး ရက် ၉၀ အတွင်း ပြည်သူတွေ အနက်ရောင် ဒါမှမဟုတ် အရောင်ဖျော့သာဝတ်ဆင်ဖို့ ထိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

အစိုးရဝန်ထမ်းနဲ့ အစိုးရအရာရှိတွေကတော့ တစ်နှစ်တာလုံး ဝမ်းနည်းခြင်းအထိမ်းအ မှတ်ဝတ်စုံဝတ်ဆင်ဖို့လည်း ထိုင်းဝန်ကြီးချုပ်က မေတ္တာရပ်ခံထားပါတယ်။

အစိုးရရုံးတွေမှာ နိုင်ငံတော်အလံတဝက်ကို ရက် ၃၀ အတွင်း တဝက်လွှင့်တင်ဖို့ လည်း ထိုင်းဝန်ကြီးချုပ်က ကြေညာထားတယ်လို့ ထိုင်းအစိုးရပိုင်ရုပ်သံ NBT က ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံသတင်းဌာနတွေအပါအဝင် ထိုင်းနိုင်ငံမှာအသုံးများတဲ့ လူမှုကွန်ရက် Line အကောင့်က လုပ်ငန်းတွေရဲ့လိုဂိုတွေကိုလည်း အနက်ရောင် ပြောင်းလဲအသုံးပြု ထားတာတွေ့ရပါတယ်။

ဒီမနက် ၇ နာရီခွဲဝန်းကျင်ကစလို့ ထိုင်းဘုရင့်မယ်တော်ကို အရိုအသေပေးဖို့အတွက် အမဲရောင်ဝတ်ဆင်ထားတဲ့ ထိုင်းပြည်သူတချို့လည်း ချူလာလောင်ကွန်းဆေးရုံအနီးကို လာရောက်ခဲ့ကြတယ်လို့ ဘီဘီစီ ထိုင်း ဘာသာစကားဌာနက သတင်းပေးပို့ထားပါတယ်။

မိုင်းလုံ ၄ ကြိမ်မြောက် လေကြောင်းဗုံးကြဲခံရ

တအာင်းတပ် TNLA ရဲ့ တပ်မဟာ ၂ နယ်မြေထဲက မိုင်းလုံမြို့နယ်၊ ကော်ပေါင်ရွာကို မနေ့က ညနေပိုင်းမှာ စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် ဝါတော် ၅၀၊ သက်တော် ၇၀ ရှိ ကျောင်းထိုင် ဆရာတော် ပျံလွန်တော်မူသွားတယ်လို့ TNLA က အောက်တိုဘာ ၂၅ ရက်မှာထုတ်ပြန်ပါတယ်။

ဒါအပြင် အသက် ၁၃ နှစ်ကနေ ၁၈ နှစ်အရွယ် ကိုရင် ၅ ပါး၊ အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၉၆ နှစ်အရွယ်အမျိုးသား ၁ ဦးတို့ပါ ထိခိုက်ဒဏ်ရာရခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီတစ်ကြိမ်နဲ့ဆိုရင် မိုင်းလုံမြို့နယ်ထဲကို အောက်တိုဘာလအတွင်း ၄ ကြိမ်မြောက် လေကြောင်းဗုံးကြဲခံရတာဖြစ်ပါတယ်။

စစ်တပ်ဟာ တအာင်းတပ်ထိန်းချုပ်နယ်မြေထဲကို အောက်တိုဘာလအတွင်း လေကြောင်း တိုက်ခိုက်မှုပေါင်း ၃၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

အကြိမ် ၃၀ ထက်မနည်းတဲ့ ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေး ၁၀ ဦးအပါအဝင် ၄၇ ဦး သေဆုံးခဲ့ရပြီး ၆၅ ဦးထိခိုက်ခဲ့ပါတယ်။

တအာင်းတပ်က အရပ်သားပြည်သူတွေ စစ်ရေးသတိရှိကြဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

စစ်တပ်ဟာ TNLA သိမ်းခဲ့တဲ့ နောင်ချို၊ ကျောက်မဲနဲ့ သီပေါတို့ကို ပြန်လည်သိမ်းယူပြီးတဲ့နောက် ကျန်မြို့နယ်တွေကို လေကြောင်းဖိအားပေးလာတာဖြစ်ပါတယ်။

ဒီဗုံးကြဲမှုတွေနဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

သူလျှိုပူဖောင်း(Spy Balloon) ကို ပစ်ချဖို့ ခက်ခဲမယ်လို့ MDSI ထုတ်ပြန်

စစ်တပ်က စစ်သတင်းထောက်လှမ်းရရှိဖို့အတွက် ဒီနှစ်ကုန်ပိုင်းမှာ စသုံးလာတဲ့ သူလျှိုပူဖောင်း(Spy Balloon) တွေဟာ အမြင့်ပေ ၁၅၀၀၀ အထက်မှာ ပျံဝဲနေလေ့ရှိတာကြောင့် ပစ်ချဖို့ ခက်ခဲနိုင်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေး ဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်လာပါတယ်။

အမြင့်ပေသောင်းကျော်မှာ ပျံသန်းနိုင်တာက သူ့အားသာချက်ဖြစ်နေပြီး သူလျှိုပူဖောင်းတည်ရှိမှုထက် စုဆောင်းသွားတဲ့ သတင်းအချက်အလက်က အဓိက ခြိမ်းခြောက်မှုဖြစ်တယ်လို့ MDSI ကဆိုပါတယ်။

ဒီပူဖောင်းတွေကို စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ကရင်နီဘက်မှာ အသုံးပြုတာကို တွေ့နေရတာပါ။ "မြေပြန့်ပိုင်းဒေသနဲ့ ပြန့်ကျဲတဲ့ တပ်ဖွဲ့တွေရှိတာကြောင့် အညာဘက်ကိုပိုသုံးတာလို့ ယူဆတယ်။ နောက်ပိုင်းမှာ spy balloon သုံးတာကို ကျွမ်းကျင်လာရင် ERO ထိန်းချုပ်ဒေသနဲ့ နယ်စပ်ပိုင်းတွေကို သုံးလာနိုင်တယ်" လို့ MDSI ရဲ့ စစ်ဘက်ရေးရာ တာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ဘီဘီစီကို ပြောပါတယ်။

စစ်တပ်ဟာ လေကြောင်းကင်းထောက်၊ မြေပြင်သတင်းထောက်လှမ်းမှုပုံစံတွေနဲ့ ဆက်သွယ်ရေးဖြတ်တောက် ဖမ်းယူတဲ့ပုံစံတွေကို ပေါင်းစပ်သုံးလာပြီး သူလျှိုပူဖောင်းကို ထပ်တိုးပုံစံတစ်ခုအဖြစ် သုံးလာတာလို့ သူက ပြောပါတယ်။

သူလျှိုပူဖောင်းထဲမှာ အလင်းရောင်နဲ့ အနီအောက်ရောင်ခြည်သုံး ကင်မရာတွေ၊ မြေပြင်က ဆက်သွယ်ရေးလှိုင်းတွေကို ကြားဖြတ်ဖမ်းယူတဲ့ကိရိယာ၊ အဆောက်အဦ၊အရာဝတ္ထုပုံကို ဖမ်းယူနိုင်တဲ့ ရေဒါစနစ်နဲ့ လနဲ့ချီအသုံးပြုနိုင်တဲ့ ဆိုလာနဲ့ဘတ်ထရီတွေပါဝင်တယ်လို့ MDSI ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒီလိုထောက်လှမ်းနေတာကနေ ကာကွယ်ဖို့ စောင့်ကြည့်သတိပေးတာ၊ အရေးကြီးနေရာတွေကို အလင်းပြန်မျက်နှာပြင်အသုံးပြုတာရှောင်ဖို့၊ ရေဒီယို၊ ဒရုန်းနဲ့ ဝိုင်ဖိုင်အသုံးပြုတာကို အချိန်အကန့်အသတ်နဲ့ ထုတ်လွှင့်သုံးစွဲဖို့ MDSI က အကြံပြုထားပါတယ်။