ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မတ် ၃၀ နိုင်ငံတဝန်း ထူးခြားသတင်းများအနှစ်ချုပ်
စစ်သားစုဆောင်းခံရရင် အကူအညီတောင်းနိုင်တယ်လို့ NUG ထုတ်ပြန်
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းမှုလုပ်ရပ်ကြောင့် ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ရည်ရွယ်ပြီး ပြည်သူ့ရေးရာဝန်ဆောင်မှု အစီအစဉ်တစ်ခုကို ဒီနေ့ မတ် ၃၀ ရက်မှာ စတင်ဖွင့်လှစ်လိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
တယ်လီဂရမ်ချန်နယ်တစ်ခုကိုဖွင့်လိုက်တာဖြစ်ပြီး မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ ဆက်သွယ်နိုင်တယ် လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီ ချန်နယ်ကနေတစ်ဆင့် သိလိုတာတွေ မေးတာ၊ အကြံဉာဏ်တောင်းတာ၊ အကူအညီတောင်းတာ၊ တိုင်ကြား သတင်းပေးတာတွေကို ပြုလုပ်နိုင်တယ် လို့ NUG က ပြောပါတယ်။
ပြည်သူ့ရေးရာဝန်ဆောင်မှုပေးမယ့် ချန်နယ်တာဝန်ခံတွေအနေနဲ့ NUG ရဲ့ သက်ဆိုင်ရာဝန်ကြီးတွေ၊ ရုံးဌာနတွေနဲ့ချိတ်ဆက်ပြီး မေးခွန်းပြန်လည်ဖြေကြားပေးမှာဖြစ်သလို သက်ဆိုင်ရာဌာနတွေဆီ လမ်းညွှန်ပေးပြီး အကူအညီပေးနိုင်မယ့်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးသွားမယ်လို့ ကြေညာထားပါတယ်။
စစ်ကောင်စီကတော့ စစ်မှုထမ်းဖို့ အသက်အရွယ်အကျုံးဝင်သူတွေကို မှတ်ပုံတင်စာရင်းသွင်းဖို့ မြို့ကြီးတွေကနေစပြီး မတ်လ တတိယအပတ်လောက်ကနေ စတင်ဆင့်ခေါ်နေတာဖြစ်ပြီး တပ်မတော်နေ့နောက်ပိုင်း ပိုပြီးအရှိန်မြှင့်နေတာတွေ့ရပါတယ်။
မတ္တရာမြို့နယ်က ဒေသခံ ၂ ယောက် အသတ်ခံရပြီး ၆၀ ကျော် အဖမ်းခံရ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို မတ် ၂၉ ရက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံ နှစ်ယောက် အသတ်ခံရသလို အယောက် ၆၀ လောက် အဖမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာမြို့နယ်ထဲက မှော်နီကုန်း အပါအဝင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်ပြီး မှော်နီကုန်းကျေးရွာက နေအိမ်တချို့လည်း မီးရှို့ခံရတယ်လို့ ပြောပါတယ်။
“တွေ့သမျှလူ အရွယ်စုံ၊ အမျိုးသမီးရော၊ အမျိုးသားရော အကုန်ဖမ်းသွားတာ။ ပျူအင်အားများတယ်။ မတ္တရာမြို့ ရပ်ကွက် ၄ ၊ ၅ က ပျူခေါ်မလား၊ ပြည်သူ့စစ်တွေဖြစ်ပြီး အင်အားများတယ်။ အသတ်ခံရတဲ့ နှစ်ယောက်မှာ တစ်ယောက်က အလောင်းပြန်ရတယ်၊ တစ်ယောက်က ကိုယ်အင်္ဂါတွေ စိတ်၊ ပိုင်းပြီး ပစ်ထားတာ။ ဒီနေ့တွေ့တာတောင် အင်္ဂါအစိတ်အပိုင်း အစုံမတွေ့ရဘူး”လို့ မတ္တရာမြို့နယ် ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
အဖမ်းခံထားရတဲ့ အရပ်သား ၆၀ ကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကိုလည်း မသိကြရသေးပါဘူး။
မတ္တရာမြို့နယ်ထဲမှာ Alpha ဘိလပ်မြေစက်ရုံ အပါအဝင် တောင်ကုန်းရှိတဲ့ ကျေးရွာတွေ၊ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းမှာလည်း စစ်ကြောင်းထိုးနေပြီး ထိန်ပင်စောက်ရွာထဲက နေအိမ်တွေကို မီးရှို့နေတယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းက သီလကုန်းကျေးရွာ၊ ငယ်တိုးကျေးရွာ၊ ရွှေချောင်းကျေးရွာတွေကို မတ် ၂၆ ရက်က အင်အား ၁၃၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးခဲ့ပြီး နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ဒေသတွင်း သတင်းထုတ်ပြန်နေတဲ့ စာမျက်နှာတွေကနေ သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံနဲ့ K3C တွေ့ဆုံ
မြန်မာ့အရေးဆွေးနွေးဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံ ဒဲရစ်ချောလက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့ (K3C) က ခေါင်းဆောင်တွေ မတ် ၂၉ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ သူ့ရဲ့ X လူမှုကွန်ရက်(ယခင် တွစ်တာ) အကောင့်ကနေ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ ကြိုးပမ်းမှုတွေအတွက် မစ္စတာဒဲရစ်က K3C နဲ့တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။
K3C လက်နက်ကိုင်မဟာမိတ်အဖွဲ့ထဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်ပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံက အကူအညီလိုအပ်နေတဲ့သူတွေကို ခြေလှမ်းတိုးချဲ့ကူညီနိုင်ဖို့အပြင် ပိုကောင်းမွန်တဲ့အနာဂတ်တွေရရှိဖို့ တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဒဲရစ်က ကြေညာထားပါတယ်။
မစ္စတာဒဲရစ်နဲ့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ KIO ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဘီဘီစီက မေးမြန်းခဲ့ပေမယ့် ဒီတွေ့ဆုံမှုအကြောင်း ထုတ်မပြောပါဘူး။
K3C ထဲမှာ ပါဝင်တဲ့ ကျန်တဲ့အဖွဲ့အစည်းတွေကို ဘီဘီစီအနေနဲ့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
မြန်မာ့အရေးအတွက် အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ဥပဒေထဲက ၂၀၂၄ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်း အကူအညီပေး သုံးစွဲခွင့်ပြုတဲ့ဘတ်ဂျတ်ကို အမေရိကန်အစိုးရက ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ သဘောတူညီလက်မှတ်ရေးထိုးခဲ့ပါတယ်။
ထိုင်းမှာ ကရိန်းပြိုကျလို့ မြန်မာအလုပ်သမား ၆ ယောက်သေဆုံး
ဘတ် ၁၆ သိန်း ပေးလျော်ဖို့ သဘောတူ
ထိုင်းနိုင်ငံထဲက သံထည်ထုတ်လုပ်ရေးစက်ရုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မတ် ၂၉ ရက်ညနေပိုင်းက ကရိန်းပြိုကျတာကြောင့် အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၅ ယောက် နေရာတင်သေဆုံးပြီး တစ်ယောက်ကတော့ ဆေးရုံမှာ သေဆုံးတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောကြပါတယ်။
ရယောင်းပြည်နယ် ၊ ပလွတ်ဒင်မြို့နယ်၊ တာဒစ်ကျေးရွာမှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်မှာ မြန်မာနိုင်ငံသား ၆ ယောက်အပြင် တရုတ်နိုင်ငံသား တစ်ယောက်လည်း သေဆုံးတယ်လို့ သိရပါတယ်။
မြန်မာလုပ်သားတွေ လုပ်ငန်းခွင်မှာ မတော်တဆသေဆုံးတာကြောင့် နစ်နာကြေးနဲ့ပတ်သက်ပြီး အလုပ်ရှင်နဲ့ မြန်မာအလုပ်သမားတွေကြား အငြင်းပွားပြီး ဆန္ဒပြပွဲလို လူစုလူဝေးအထိ ဖြစ်ခဲ့ပါတယ်။
“သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတွေအတွက် တစ်ယောက်ကို ဘတ် ငါး သန်းပေးရမယ်ဆိုပြီး အလုပ်သမားတွေ တောင်းဆိုလို့ လူစုလူဝေးဖြစ်သွားတယ်။ ထိုင်းနိုင်ငံရဲ့ အလုပ်သမား ဥပဒေမှာ အသက်ဆုံးရှုံးသွားရင် ဘတ် ငါးသိန်းကနေ ဆယ့်ငါးသိန်း ပေးလျော်ရမယ်လို့ ပါတယ်။ မတ် ၃၀ ရက် ဒီနေ့ မနက်မှာ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ အလုပ်ရှင်တို့ ညှိနှိုင်း ဆွေးနွေးချက်အရ သေဆုံးသူ ခြောက်ယောက် အတွက် ထိုင်းငွေဘတ် ၁၆ သိန်း ပေးလျော်ဖို့ သဘောတူလိုက်တယ်”လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။
သေဆုံးသူတွေရဲ့ အသက်နဲ့ မြန်မာပြည်တွင်း နေထိုင်ခဲ့တဲ့ အရပ်ဒေသတွေကိုတော့ မသိရသေးပါဘူး။
မြန်မာအလုပ်သမား ၆ ယောက်သေဆုံးသွားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သမား စုစုပေါင်း ၅၀၀ ကျော်လောက်ရှိပြီး မြန်မာအများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။
မြေပုံမြို့မှာ လက်နက်ကြီးကြောင့် မိသားစုဝင် ၅ ဦး ဒဏ်ရာရ
အမ်းနဲ့ ငဖဲမြို့ တောင်ကြောမှာ တိုက်ပွဲတွေဆက်ရှိနေ
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ထဲက အရပ်သားနေအိမ်ပေါ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မိသားစုဝင် ၅ ဦး ဒဏ်ရာရခဲ့ပြီး ၄ ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတချို့က ဘီဘီစီကို ပြောပါတယ်။
ပင်လယ်ပြင်မှာ ရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်သင်္ဘောတွေကနေ ပစ်ခတ်ခဲ့သလို အမ်းမြို့အခြေစိုက် တောဟိန်းတောင် တပ်စခန်းကနေလည်း လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ဘီဘီစီကို မြေပြင်မှာရှိတဲ့ ဒေသခံတွေဆီက ပေးပို့လာတဲ့ ဓာတ်ပုံတွေအရ ဒဏ်ရာရရှိတဲ့လူတွေထဲက အမျိုးသားတစ်ယောက်ကတော့ ဘယ်ဘက်ခြေကျင်းဝတ်နေရာ ပြတ်ထွက်သွားတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၆ ရက်ကတည်းက ရခိုင်ထဲက အမ်း-မကွေးထိစပ်နေတဲ့ ငဖဲမြို့ထဲက တောင်ပေါ်ရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) ကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေကြောင်းကနေ တိုက်ခိုက်နေသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်းရှိတယ်လို့ ရွာခံတွေက ဘီဘီစီကိုပြောထားပါတယ်။
အမ်းမြို့ရဲ့အနောက်ဘက် တောဟိန်းတောင်အခြေစိုက်စစ်တပ်စခန်းကနေ မြို့ပြင်က ရွာတွေဘက်ကို မနေ့ မတ် ၂၉ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို အမ်းမြို့အနီးက ဒညှင်းရွာကိုလည်း မနေ့ညနေပိုင်းလောက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အမ်းမြို့ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိနေတာဖြစ်ပါတယ်။
ဒါအပြင် မတ် ၂၈ ရက်မှာလည်း မကွေးတိုင်း၊ ငဖဲမြို့နယ် ချောင်းဖျားရွာအနီးနဲ့ မြေပုံမြို့နယ် လီသွန်ကျေးရွာအနီးက တောင်ကြောတစ်လျှောက်မှာ မြန်မာစစ်တပ်နဲ့ အေအေတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၅ ဦးထက်မနည်းကျဆုံးသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အေအေက မနေ့ မတ် ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တစ်ဖက်မှာလည်း မောင်တောအခြေစိုက် စစ်ကောင်စီတပ်ရဲ့ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကို အေအေတိုက်ခိုက်နေတာ တစ်လနီးပါးကြာမြင့်နေပြီဖြစ်ပြီး စခန်းတစ်ခုလုံးသိမ်းနိုင်ဖို့ ထိုးစစ်အရှိန်မြှင့်တင်ပြီး တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီကတော့ ရခိုင်ကတိုက်ပွဲတွေနဲ့ပတ်သက်လို့ လက်ရှိအချိန်ထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ဆက်ဖြစ်
ဒီကနေ့ ၂၀၂၄ ၊ မတ် ၃၀ ရက် ရန်ကုန်၊ နိုဗိုတယ်ဟိုတယ်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌနေရာတွေ အတွက် ပြန်လည်မဲပေးရွေးချယ်တဲ့မြင်ကွင်းတွေဖြစ်ပါတယ်။
ဒီကနေ့ ရွေးကောက်ပွဲမှာ ဥက္ကဋ္ဌရာထူးအတွက် ယှဥ်ပြိုင်သူမရှိတာကြောင့် လက်ရှိ ဥက္ကဋ္ဌ ဦးဇော်ဇော်ကပဲဆက်ပြီး တာဝန်ယူမှာဖြစ်ပါတယ်။ ဒုတိယဥက္ကဋ္ဌ နေရာတွေမှာတော့ ရန်ကုန်ယူနိုက်တက်အသင်းပိုင်ရှင် ထူးဂရုကုမ္ပဏီ က ဦးပြည့်ဖြိုးတေဇနဲ့ ရှမ်းယူနိုက်တက်အသင်းပိုင်ရှင် ဝမင်းကုမ္ပဏီ ဥက္ကဋ္ဌ က ခွန်နောင်မြင့်ဝေတို့ဖြစ်ပါတယ်။
ခရိုနီသူဌေးကြီးအဖြစ်ထင်ရှားခဲ့တဲ့ ဦးဇော်ဇော်ဟာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးကို ၂၀၀၅ ခုနှစ်ကစတင်တာဝန်ယူတာဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ ၁၈ နှစ်တာ တာဝန်ယူခဲ့ပြီးပြီဖြစ်ပါတယ်။ အခုနှစ်မှာလည်း ဥက္ကဋ္ဌရာထူး ကို ယှဥ်ပြိုင်သူမရှိတာကြောင့် ၂၀၂၄ ခုနှစ်ကစပြီး နောက်ထပ် ၄ နှစ်တာဝန်ယူမှာဖြစ်ပါတယ်။
ဒီကနေ့ မဲပေးရွေးချယ်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ကိုယ်စားလှယ် နဲ့ အာဆီယံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တက်ရောက်တယ်လို့သိရပါတယ်။
ရွေးကောက်ပွဲ မဖြစ်မနေလုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော
ရွေးကောက်ပွဲလုပ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေပြီး မဖြစ်မနေလုပ်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။
ရုရှားသတင်းဌာန ITAR-TASS Media နဲ့ အင်တာဗျူးမှာ ရွေးကောက်ပွဲကို တစ်ပြိုင်နက်တည်း မဟုတ်တောင်မှ အပိုင်းလိုက် လုပ်သွားမယ်လို့ စစ်ခေါင်းဆောင်က ဖြေကြားပြီးတဲ့နောက် မနေ့ကလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ဒီအကြောင်းထပ်အတည်ပြုတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘယ်အချိန်မှာရွေးကောက်ပွဲလုပ်မယ်ဆိုတာကိုတော့ အတိအကျထည့်မပြောပါဘူး။
ရုရှားနဲ့အင်တာဗျူးမှာတော့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပြီးသွားရင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အာဏာပြန်လွှဲပြီး (၆) လအတွင်း ရွေးကောက်ပွဲ လုပ်မယ်လို့ စစ်ခေါင်းဆောင်က ဖြေထားပါတယ်။
ဒီအကြောင်း တပ်မတော်နေ့မိန့်ခွန်းမှာလည်း စစ်ခေါင်းဆောင်က အတည်ပြုခဲ့ပြီး လက်ရှိကျင့်သုံးနေတဲ့ အနိုင်ရသူအကုန်ယူစနစ်(First Past the Post-FPTP)အပြင် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation-PR)ကို ပေါင်းစပ်ကျင့်သုံး နိုင်ရေး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
‘’အရေးပေါ်ကာလကို သက်တမ်းထပ်မတိုးတော့ဘူးဆိုရင် နောက် ၆ လအတွင်း ရွေးကောက်ပွဲလုပ်မယ် ဆိုတဲ့သဘောပါပဲ’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။
လက်ရှိစစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်ဟာ လွှတ်တော်ထဲမှာအလိုအလျောက်နေရာရထားတဲ့ တပ်မတော်သား နှစ်ဆယ့်ငါးရာခိုင်နှုန်းနဲ့ ပေါင်းပြီးအစိုးရဖွဲ့ဖို့ အနည်းဆုံးအမတ်ရာခိုင်နှုန်း၂၆ ရာခိုင်နှုန်းရမယ့် ရွေးကောက်ပွဲကို လုပ်သွားမယ့်လမ်းကြောင်းလို့ နိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦးကလည်း သုံးသပ်ပါတယ်။