ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့လက်ရှိ အခြေအနေနဲ့ ရွေးကောက်ပွဲ လုပ်နိုင်မယ့် အနေအထား
စစ်ကောင်စီဥက္ကဋ္ဌက ၂၀၂၃ သြဂုတ်မှာ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ပြောထားပေမဲ့ မြန်မာနိုင်ငံမှာ အခုအချိန်က ရွေးကောက်ပွဲကျင်းပရမယ့်အချိန်မဟုတ်သေးဘူးလို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန လက်ထောက်အတွင်းဝန် မစ္စမယ်လီဇာ ဘရောင်းက ပြောပါတယ်။
လက်ရှိ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ လုပ်ရပ်ဟာ စစ်တပ် အုပ်ချုပ်နေတဲ့ တိုင်းပြည်မှာ အကြမ်းဖက်မှုတွေ ပိုဖြစ်လာအောင် လှုံ့ဆော်ပေးရာကျတယ်လို့ သူပြောတာကို ကိုးကားပြီး မလေးရှားနိုင်ငံထုတ် The Star သတင်းစာက ဖော်ပြပါတယ်။
မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်လို့ မယုံကြည်တဲ့အကြောင်း မစ္စမယ်လီဇာဘရောင်း က မလေးရှားခရီးစဥ်အတွင်းမှာ ပြောလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ ဒီမိုကရေစီ အခြေအနေကို မူလအတိုင်းပြန်ရဖို့၊ မတရားဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ဖို့ စတာတွေကို အမေရိကန်အစိုးရ အနေနဲ့ ပြင်းပြင်းထန်ထန် ဆက်လက် တိုက်တွန်း သွားမယ်လို့လည်း သူကပြောပါတယ်။
အမေရိကန်က ဘာကြောင့် ဒီလိုပြော
အမေရိကန်ဘက်က ဒီလို ပြောဆိုတာဟာ စစ်အာဏာရှင် စနစ်ကျဆုံးရေးမှာ သူတို့ဘက်က ပံ့ပိုးကူညီမယ်ဆိုတဲ့ အဓိပ္ပာယ်လို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မြင်ပါတယ်။
တကယ်လို့ စစ်ကေင်စီ က ရွေးကောက်ကျင်းပပြီးတဲ့နောက် ရွေးကောက်ပွဲအလွန်ကာလမှာ မဖြစ်မနေ ပေါ်ပေါက်လာမယ့် အစိုးရ တစ်ရပ်ကို သူတို့ ဘယ်လို ဆက်ဆံရမလဲ ဆိုတဲ့ မူဝါဒနဲ့ ပတ်သက်တယ်လို့ ဒေါက်တာ အေးမောင်က သုံးသပ်ပါတယ်။
လောလောဆယ်မှာ စစ်ကောင်စီဘက်က ဦးသိန်းစိန် အစိုးရ လက်ထက်ကလို ပုံစံမျိုးဖြစ်အောင် ကြိုးစားနေပြီး အဲဒီလို အစိုးရ တစ်ရပ်နဲ့ ဆက်ဆံရမယ့် ပေါ်လစီကို အမေရိကန်ဘက်က စိုးရိမ်နေလို့ မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ မသင့်သေးဘူးလို့ ပြောတာ ဖြစ်နိုင်ကြောင်းလည်း သူက ဆိုပါတယ်။
မြန်မာ နိုင်ငံမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက မကြာသေးခင်က ပါတီညီလာခံ လုပ်ခဲ့တာနဲ့ ပြည်သူ့ပါတီက နေပြည်တော်မှာ ရုံးခွဲ ဖွင့်လှစ်တာကလွဲရင် နိုင်ငံရေးပါတီအများစုက ပါတီလုပ်ငန်းတွေရပ်ဆိုင်းသလောက် ဖြစ်နေတယ်လို့ ပါတီခေါင်းဆောင်တချို့က ပြောပါတယ်။
ရွေးကောက်ပွဲ လုပ်နိုင်ဖို့ အဓိက စိန်ခေါ်ချက်
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတဝန်းက မတည်ငြိမ်မှုတွေက လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲတစ်ခု ကျင်းပနိုင်ဖို့ အဓိကစိန်ခေါ်ချက် ဖြစ်တယ်လို့ နိုင်ငံရေးပါတီ တချို့နဲ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေကပြောကြပါတယ်။
လောလောဆယ် ပတ်ဝန်းကျင် အခြေအနေ၊ စီမံခန့်ခွဲမှု အခြေအနေ၊ တရားဥပဒေစိုးမိုးမှု အခြေအနေနဲ့ဆို ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လုပ်ဆောင်နိုင်ဖို့ အလွန်ခက်ခဲနေပြီလို့ ဝါရင့်နိုင်ငံရေးသမားဦးစိုင်းညွန့်လွင်က သုံးသပ်ပါတယ်။
လာမယ့်ရွေးကောက်ပွဲကို လက်ရှိ အခြေအနေနဲ့ လှမ်းကြည့်တဲ့အခါ လက်ရှိ အခြေအနေမှာ မဲစာရင်းက ကောက်လို့ ရနိုင်တယ်၊ ဒါပေမဲ့ ရွေးကောက်ပွဲကို အကူညီပေးမယ့်သူတွေ၊ အထူးသဖြင့် ကော်မရှင် လုပ်မယ့်သူတွေ၊ မဲရုံ စောင့်ရှောက်မယ့်သူ မဲရုံ လုပ်မယ့်သူတွေ စသဖြင့် ဆောင်ရွက်ပေးမယ့်သူတွေ ခက်ခဲလိမ့်မယ် ဆိုတဲ့သဘော သူက မြင်ပါတယ်။
အခုလောလောဆယ်မှာ ရွေးကောက်ပွဲ ဝင်သင့် မဝင်သင့် ကိစ္စကိုပဲ အမြင်တွေ အမျိုးမျိုးနဲ့ ပြောဆိုငြင်းခုန် နေကြတာတွေ့ရတယ်လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လက်ရှိ လုပ်ဆောင်မှု
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမှာအသုံးပြုမယ့် မဲပုံးနဲ့ မဲရုံသုံး ပစ္စည်းတွေကို တင်ဒါခေါ်ထားတဲ့အပြင် မဲစာရင်းစစ်ဆေးမှုတွေကို ဆက်တိုက်လုပ်ဆောင် နေပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌက ၂၀၂၃ သြဂုတ်မှာ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ပြောထားပေမဲ့ ရွေးကောက်ပွဲနေ့ရက်ကို ကြေညာခြင်းမရှိသေးပါဘူး။