ဇူလိုင် ၁၇ ရက်ထိပ်တန်းသတင်းများ - တက်ကြွလှုပ်ရှားသူ ဒေါ် သူဇာမောင်နဲ့ မိသားစု မလေးရှားမှာ ပြန်ပေးဆွဲခံရ

ရေးသားခဲ့သည်။

မြန်မာဒုက္ခသည်လည်းဖြစ်၊ တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ဒေါ် သူဇာမောင်နဲ့ မိသားစုဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၄ ရက်နေ့ကတည်းက အမည်မသိလူတစ်စုရဲ့ပြန်ပေးဆွဲတာခံထားရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)က ပြောလာပါတယ်။

မလေးရှားအစိုးရအနေနဲ့ ဒေါ်သူဇာမောင်နဲ့ မိသားစု ပြန်ပေးဆွဲခံရတဲ့ကိစ္စကို ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းဖော်ထုတ်ပေးဖို့ HRW က တောင်းဆိုပါတယ်။

ဒေါ်သူဇာမောင်၊ ခင်ပွန်း စောသန်းတင်ဝင်း၊ သမီး ပိုးခင်မောင်၊ သား အောင်မြင့်မောင်နဲ့ သုခမောင်တို့ ၅ ဦးဟာ ကွာလာလမ်ပူမြို့၊ အမ်ပန်ဂျာယာအရပ်က သူတို့နေအိမ်မှာ အမည်မသိအမျိုးသားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ သိရတယ်ဆိုပြီး HRW ကပြောပါတယ်။

လာရောက်ဖမ်းဆီးသွားသူတွေက ရဲတပ်ဖွဲ့နံပါတ်ပြားတပ်ထားတဲ့ကားနဲ့ရောက်လာပြီး ဂိတ်လုံခြုံရေးကို ရဲတပ်ဖွဲ့ကလာတယ်လို့ပြောကာ ဒေါ်သူဇာမောင်နဲ့ မိသားစုကို ဖမ်းဆီးသွားပေမဲ့ နောက်ပိုင်းစစ်ဆေးတဲ့အခါ ရဲကားနံပါတ်ပြားမဟုတ်တာကို သိခဲ့ရတယ်လို့ မျက်မြင်သက်သေတွေနဲ့ လုံခြုံရေးကင်မရာကနေရိုက်ကူးထားတဲ့ရုပ်သံတွေကို အခြေခံပြီး HRW က သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

ဒေါ်သူဇာမောင်ဟာ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို ရောက်ရှိတဲ့ ဒုက္ခသည်ဖြစ်ပြီးအဲဒီမှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့အခွင့်အရေးလုပ်ဆောင်ပေးနေသူဖြစ်ပါတယ်။

‘‘သူနဲ့သဘောထားမတိုက်ဆိုင်သူတွေက ရဲအယောင်ဆောင်ပြီး ဖမ်းသွားတာမျိုးလားလို့လည်း ယူဆချက်ရှိနေတယ်။ သူ့တပည့်တွေဘာတွေက သွားကြည့်တော့ အိမ်မှာ ဘယ်သူမှမရှိတော့ ရဲဆီ အစီရင်ခံစာ(report) တိုင်ချက်ဖွင့်ထားတာလည်းရှိတယ်။ လာဘ်စားမှုတိုက်ဖျက်ရေးကပဲဖြစ်ဖြစ်၊ ရဲကပဲဖြစ်ဖြစ်၊ လဝကကပဲဖြစ်ဖြစ်ဖမ်းတယ်ဆိုရင်တော့ အခုဆို သူတို့သတင်းထုတ်ပြန် လောက်ပါပြီ။ ဒါပေမဲ့ အာဏာပိုင်တွေဘက်က အခုထိ သတင်းထုတ်ပြန်တာမရှိသေးဘူး’’လို့ မလေးရှားက မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အခုတော့ မလေးရှား ရဲတပ်ဖွဲ့က ဒီဖြစ်စဥ်ကို စုံစမ်းစစ်ဆေးနေပြီလို့ သိရပါတယ်။

ကြာအင်းဆိပ်ကြီးရဲစခန်းတိုက်ခိုက်ခံရ၊ ရဲတစ်ဦးသေဆုံး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့လယ်မှာရှိတဲ့ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ မြေစာရင်းရုံးတွေကို မနေ့ည ၁၀ နာရီဝန်းကျင်မှာ Drop Bomb ချပြီး တိုက်ခိုက်ခဲ့တယ်လို့ Cloud Wings အဖွဲ့ကပြောပါတယ်။

ရဲတစ်ဦးသေဆုံးတယ်လို့ Cloud Wings က ပြောသလို စစ်ကောင်စီနဲ့ နီးစပ်တဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း သေဆုံးသူရှိတဲ့အကြောင်း ရေးသားထားပါတယ်။

"ကြာအင်းဆိပ်ကြီးမြို့ကိုက တပ်တွေက အပြင်က ပတ်ပတ်လည်ဝိုင်းထားပြီး မြို့လယ်မှာလည်း စုပေါင်းရုံးတွေစုထားတာပါ။ ဒါကို ကျွန်တော်တို့တိုက်ခိုက်ခဲ့တာပါ" လို့ Cloud Wings တာဝန်ရှိသူက ပြောပါတယ်။

ကရင်နဲ့ မွန်နယ်စပ်ဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်က ခလယ် - တံခွန်တိုင်ရွာဘက်ကိုလည်း စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးခဲ့တာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ပူးပေါင်းတပ်နဲ့ ဒီရက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

ဒီတိုက်ပွဲအတွင်း အရပ်သား ၂ ဦး သေဆုံးလည်း သေဆုံးခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေဆီက သိရပါတယ်။

မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားသိန်းချီ ထိုင်းမှာ အထောက်အထားလုပ်ခွင့်ရမယ်

မြန်မာအပါအဝင် ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက တရားမဝင်ရွှေ့ပြောင်းလုပ်သား ၅ သိန်းကျော်ကို ထိုင်းက တရားဝင်အထောက်အထားလက်မှတ်ထုတ်ပေးဖို့ပြင်နေပါတယ်။

အထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းသက်သေခံ လက်မှတ်(CI) ထုတ်ပေးရေးရုံးတွေမှာ စာရွက်စာတမ်းတွေစုပြီး အခုလ ၃၁ ရက်မတိုင်ခင် သွားရောက်လျှောက်ထားရမှာဖြစ်ပါတယ်။

ဒီလိုထုတ်ပေးဖို့ လက်ရှိထိုင်းအိမ်စောင့်အစိုရဝန်ကြီးအဖွဲ့က အခုလအစောပိုင်းမှာပြုလုပ်တဲ့ အစည်းအဝေးမှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ် သက်တမ်းရှိပြီး အလုပ်လုပ်ကိုင်ခွင့်သက်တမ်းမတိုးရသေးသူတွေ၊ နှစ်နိုင်ငံလုပ်သားသဘောတူညီချက်(MOU)နဲ့လာရောက်ပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ်သက်တမ်းကုန်သူတွေ၊ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာပြီး အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်ခွင့်မလျှောက်ထားသူတွေ အကျုံးဝင်တယ်လို့ သိရပါတယ်။

‘‘အထောက်အထားလက်မှတ်အတွက် ထိုင်းဘက်က အခုလိုစာရင်းလာတင်ကြဖို့ ပြောပေမဲ့ ပြီးခဲ့တဲ့နှစ် ၇ လပိုင်းတုန်းကတစ်ကြိမ်နဲ့ အခုနှစ် ၂ လပိုင်းမှာတစ်ကြိမ် အထောက်အထားတင်ထားပေမဲ့ CI ပြန်မကျသူတွေရှိနေသေးတယ်။ အဓိကတော့ အလုပ်သမားမှတ်ပုံတင်စာရွက်၊ အလုပ်ရှင်ကနေ အလုပ်ခန့်ထားတယ်ဆိုတဲ့စာရွက်၊ ရဲစခန်းမှာ မှတ်ပုံတင်ထားတဲ့စာရွက် အဲဒါတွေကို ရဖို့က ကြန့်ကြာတယ်။ အဓိကကတော့ ထိုင်းအစိုးရဘက်က စာရွက်စာတမ်းရတာမျိုး ကြန့်ကြာတော့ လုပ်ငန်းစဥ်က မလွယ်ကူ၊ မရိုးရှင်းပြန်ဘူး’’ လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအရေးဆောင်ရွက်ပေးနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားထုဟာ ကပ်ဘေးအလွန် ထိုင်းလုပ်သားကဏ္ဍအတွက် အရေးပါတဲ့အင်အားစုဖြစ်တာကြောင့် အခုအစီအစဥ်ကို ထပ်မံပြုလုပ်တာလို့ဆိုပါတယ်။

လက်နက်ကြီးကြောင့် လူသေဆုံးမှုဆက်တိုက်ရှိနေတယ်လို့ KNU ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၁ နဲ့ ၃ နယ်မြေတွေထဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အခုလပထမ လဝက်ပိုင်းမှာတင် အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိနေတဲ့အကြောင်း KNU ရဲ့ သတင်း‌ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။

တပ်မဟာ ၁ နယ်မြေ၊ မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ အမှတ်- ၃၁၄ အမြောက်တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဇူလိုင် ၇ ရက်မှာ အမျိုးသမီး တစ်ဦးသေဆုံးခဲ့သလို ‌ဇူလိုင် ၁၁ ရက်မှာ ရွှေရောင်းပြရွာရဲ့ စာသင်ကျောင်း၊ ဆေးခန်းအပြင် လူနေအိမ် ၂ လုံးပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

တပ်မဟာ ၃ ထဲက ပဲခူးတိုင်း၊ ဆောထိ(ရွှေကျင်)မြို့နယ်မှာတော့ စစ်ကောင်စီရဲ့ အမှတ် ၂၀ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၂၆၄ ခြေလျှင်တပ်ရင်းတို့ရဲ့ စစ်ကြောင်းကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ ၃ ဦးဖမ်းဆီးခံရပြီး နေအိမ် ၃ လုံးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာပေါင်း ၁၆ ရွာက ဒေသခံ ၁ သောင်းကျော်လည်း ဘေးလွတ်ရာပြေးနေရတယ်လို့ KNU က ဆိုပါတယ်။

တပ်မဟာ ၃ နယ်မြေထဲကပဲ မူး(မုန်း)မြို့နယ်မှာလည်း စစ်ကောင်စီတပ်က ၁၀ ရက်ကြာတဲ့အထိ တပ်စွဲနေထိုင်ခဲ့တဲ့ ရေတွင်းကုန်းကြီးရွာမှာ အမျိုးသား ၁ ဦး သတ်ဖြတ်ခံခဲ့ရသလို နေအိမ် ၇၆ လုံး မွှေနှောက်ဖျက်ဆီးခံခဲ့ရတယ်လို့လည်း ဖော်ပြပါတယ်။ ဇူလိုင် ၁၃ ရက်မှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘန်းလောင်းရွာနဲ့ ကျောက်စောင်းရွာက ဒေသခံ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

စစ်ရေးအခြေအနေအရ အခုနှစ် ပထမ ၆ လတာ အတွင်း KNU ရဲ့ တပ်မဟာအကုန်လုံးမှာ တိုက်ပွဲပေါင်း ၂၅၀၀ နီးပါးဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေများခဲ့တာကို တွေ့ရပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်က KNU နဲ့ စစ်ရေးအခြေအနေအကြောင်း ဒီကနေ့အထိ တစုံတရာသတင်းထုတ်ပြန်တာမရှိပါဘူး။ဒါပေမဲ့ စစ်ကောင်စီနဲ့ နီးစပ်တဲ့တယ်လီဂရန်ချန်နယ်တွေမှာတော့ စစ်ကောင်စီအနေနဲ့ ပဲခူးတိုင်းကို စစ်ရေးအရ ဖိအားပေးဖို့ လှုံ့ဆော်ရေးသားနေတာကို အခုလထဲ သိသိသာသာတွေ့နေရပါတယ်။

သုံးနိုင်ငံအဝေးပြေးလမ်းမ စီမံကိန်းပြီးစီးဖို့ အိန္ဒိယနဲ့စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဆွေးနွေး

ပြီးစီးဖို့ နှစ်ရှည်ကြန့်ကြာနေတဲ့ အိန္ဒိယ - မြန်မာ - ထိုင်းအဝေးပြေးလမ်းမ စီမံကိန်းအရေးကို အိန္ဒိယနဲ့ မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ ၁၂ ကြိမ်မြောက် မဲခေါင် - ဂင်္ဂါပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ အိန္ဒိယနဲ့ စစ်ကောင်စီရဲ့ ဝန်ကြီးတို့ သီးသန့်တွေ့ဆုံပြီး အခုလိုဆွေးနွေးခဲ့ကြတာပါ။

ကီလိုမီတာ ၁၄၀၀ နီးပါးရှည်တဲ့ဒီအဝေးပြေးလမ်းမစီမံကိန်းဟာ ဒေသအတွင်း တိုးချဲ့ ဆက်သွယ်မှုတခုဖြစ်ပြီး ‌ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတွေနဲ့ပါ အဝေးပြေးလမ်း ထပ်တိုးချဲ့ဖို့ အိန္ဒိယက ဒီအစည်းအဝေးမှာထည့်ဆွေးနွေးသွားတာပါ။ ဒါဟာ နယ်စပ်လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအတွက် အရေးပါတယ်လို့ ပြောပါတယ်။

အဝေးပြေးလမ်းစီမံကိန်းအတွက် ထိုင်းနိုင်ငံဘက်ခြမ်းက တည်ဆောက်ရေးပြီးစီးပြီဖြစ်ပြီး အိန္ဒိယဘက်ခြမ်းကတော့ အခုနှစ်အကုန်မှာ ပြီးနိုင်ချေရှိတယ်လို့ တရားဝင်ပြောထားပါတယ်။ မြန်မာဘက်က ပြီးစီးမှုအခြေအနေကတော့ အသေးစိတ်မသိရှိရသေးပါဘူး။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ အခုလိုသီးသန့်တွေ့ဆုံချိန်မှာ နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့မယ့်အပြင် နှစ်နိုင်ငံနယ်စပ်တွေမှာ လူကုန်ကူးမှုနဲ့ ‌မူးယစ်ဆေးဝါးတရားမဝင်ကုန်ကူးတာတွေနဲ့ ပတ်သက်လို့လည်း ပူးပေါင်းဆောင်ရွက်ဖို့တွေပါ ပြောခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီဝန်ကြီးတက်ရောက်ခွင့်ရခဲ့တဲ့ မဲခေါင် - ဂင်္ဂါပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးမှာ နယ်ပယ်တွေအလိုက် ဦးဆောင်နိုင်ငံထားရှိမယ့်စနစ်အကောင်အထည်ဖော်ဖို့၊ စီးပွားရေးကောင်စီ ထူထောင်သွားဖို့ဆိုတဲ့ အချက်တွေကိုလည်း သဘောတူညီခဲ့ကြပါတယ်။

နောက်လာမယ့် မဲခေါင် - ဂင်္ဂါ အစည်းအဝေးကို မြန်မာနဲ့ အိန္ဒိယက ပူးတွဲဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်သွားဖို့ရှိနေပါတယ်။မဲခေါင် - ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုကို ၂၀၀၀ ပြည့်နှစ်ကတည်းက စတင်ခဲ့ကြပြီး အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတို့ပါဝင်ပါတယ်။

ထိုင်းဘက်ကို တိမ်းရှောင်တဲ့ ကရင်နီစစ်ရှောင် ၉ ထောင်ကျော်ရှိလာ

မြန်မာနိုင်ငံအတွင်းက ကယား(ကရင်နီ)ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတဲ့ ကရင်နီစစ်ရှောင် ၉ ထောင်ကျော်အထိရှိလာပြီလို့ ထိုင်းအာဏာပိုင်တွေဘက်ကပြောပါတယ်။

အဲဒီစစ်ရှောင်တွေဟာ မြန်မာဘက်ခြမ်း မယ်စဲ့မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့ကြားဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဇွန်လလယ်ပိုင်း ကတည်းက ထိုင်းဘက်ခြမ်းက မယ့်ဟောင်ဆောင်ခရိုင်ထဲကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

အခုတော့ ပြီးခဲ့တဲ့ဇူလိုင် ၁၂ ရက်မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က ‌‌ဒေါ့ကူးခူ စစ်ရှောင်စခန်းကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ ကရင်နီစစ်ရှောင်တွေ ထိုင်းဘက်ခြမ်းကို ထပ်မံ ထွက်ပြေးလာတာလို့ သိရပါတယ်။

အခုတော့ ဒီကရင်နီစစ်ရှောင်တွေကို ထိုင်းအာဏာပိုင်တွေက မဲ့ဟောင်ဆောင်ခရိုင်ထဲမှာရှိတဲ့ စစ်ရှောင် စခန်း ၅ ခုမှာ နေရာချထားပေးတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေကိုပါ လေကြောင်းကနေ တိုက်ခိုက်နေ တာကြောင့် စစ်ရှောင်တွေအတွက် နေစရာရှားပါးလားတာကလည်း ထိုင်းဘက်ခြမ်းကို တိမ်းရှောင် ထွက်ပြေးကြတဲ့အရေအတွက် မြင့်တက်လာတာလို့ ကရင်နီစစ်ရှောင်အရေးကူညီသူတွေက ဘီဘီစီကို ပြောပါတယ်။