ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စက်တင်ဘာ ၁၁ ရက်ထိပ်တန်းသတင်းများ - တနိုင်း - နန်းယွန်းလမ်းမှာတပ်သားစုဆောင်းမှုရှိနေ
ကချင်ပြည်နယ်ထဲက လီဒိုလမ်းမကြီးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တနိုင်း-နန်းယွန်းလမ်းပိုင်းမှာ တပ်သားစုဆောင်းရေးတွေရှိနေတာကြောင့် လူငယ်တွေ သတိထားသွားလာနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူသစ်စုဆောင်းတာမှာ နာဂလူမျိုးနဲ့ ကချင်လူမျိုးဆိုရင် အမေးအမြန်းမရှိ ခေါ်ဆောင်ပြီး မနှစ်တုန်းကဆိုရင် လမ်းမှာခေါ်ဆောင်တာမျိုးမဟုတ်ဘဲ အိမ်အရောက်လိုက်ခေါ်တဲ့အထိ ဖြစ်ခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။
"စုဆောင်းရေးကို ကြောက်ရတာပေါ့။ မြစ်ကြီးနား၊ နန်းယွန်း၊ ပန်ဆောင် အဲ့ဖက်တကြောမှာလက်ရှိက ကေအိုင်အေ လုပ်တာရှိတယ်။ အရင်တုန်းကဆိုရင် ကြမ်းကြမ်းတမ်းတမ်းလုပ်တာတွေရှိတယ်။ အိမ်ထိတက် ခေါ်တာတွေလည်းရှိခဲ့ဖူးတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီလမ်းတကြောမှာ ကချင်လွတ်လပ်ရေးတပ်(ကေအိုင်အေ)ကနေ လူသစ်စုဆောင်းနေတာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ဆင်ရေးအချိန်အခါဖြစ်တာကြောင့်လို့ ကေအိုင်အေက ဝန်ခံထားပါတယ်။
ကေအိုင်အေရဲ့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်တာဖြစ်ပြီး ခေါ်ဆောင်ချိန်မှာ ဖမ်းဆီးနှိပ်စက်တာမျိုးမရှိဘူးလို့ ကေအိုင်အို ဗဟို သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။
တနိုင်း - နန်းယွန်းလမ်းပိုင်းဟာ နာဂလူမျိုးနဲ့ ကချင်လူမျိုးတို့ အများစု နေထိုင်ကြပြီး လက်နက်ကိုင်တပ်တွေလည်း လှုပ်ရှားမှုရှိကြပါတယ်။ အရှေ့ နာဂကာကွယ်ရေးတပ် (ENNO / ENDA) ကတော့ လူအင်အားသစ် စုဆောင်းတာ မလုပ်ကြောင်း စက်တင်ဘာ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
"ဒီလမ်းမှာ ကေအိုင်အေ၊ ကေပီဒီအက်ဖ်၊ ENNO/ENDA ပါဝင်မှု အချို့ ရှိပါတယ်။ နာဂတောင်တန်းကို ဆက်သွယ်ထားတဲ့လမ်းဟာ ဒီတစ်ကြောင်းပဲ ရှိပါတယ်။ ကချင်ပြည်နယ်ကနေ ဆက်သွယ်ထားတဲ့လမ်းကြောင်းလည်းဖြစ်တယ်။ ဒါကြောင့် စစ်ရေးအရှိန် ရှိလာရင် ဒီလမ်းကြောင်းက ပြည်သူတွေက ခံရတာပေါ့" လို့ ENNO တာဝန်ရှိသူ ဗိုလ်ကြီး မောရှေ့က ဘီဘီစီကို ပြောပါတယ်။
မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ်မှာ အင်္ဂလိပ်ခေတ်ကတည်းက ဖောက်လုပ်ခဲ့တဲ့ နာမည်ကျော် လီဒို လမ်းမကြီးတည်ရှိပြီး ဒီလမ်းမကြီးရဲ့ တနိုင်း-နန်းယွန်း လမ်းပိုင်းဟာ အိန္ဒိယ နယ်စပ်ထိ သွားလာလို့ရတဲ့ လမ်းဖြစ်ပါတယ်။
မြန်မာ့လက်နက်ကိုင်တော်လှန်ရေး ဓာတ်ပုံအက်ဆေးနဲ့ ဗြိတိန်သတင်းထောက် ဆုရ
မနှစ် စက်တင်ဘာလအတွင်း စစ်ရေးပြင်းထန်နေတဲ့ ကယား (ကရင်နီ) ပြည်နယ်ကို သွားရောက်ခဲ့ပြီး မြန်မာ့လက်နက်ကိုင်တော်လှန်ရေးအကြောင်း သတင်းဓာတ်ပုံအက်ဆေးဖော်ပြခဲ့တဲ့ အီတလီလူမျိုး ဗြိတိန်သတင်းထောက် Siegfried Modola ကို ၂၀၂၃ ခုနှစ်အတွက် Visa d'or News Award ဆုချီးမြှင့်ခဲ့ပါတယ်။
ကရင်နီဒေသမှာ ခုနစ်ပတ်တာ သူဖြတ်သန်းခဲ့ရတဲ့ စစ်ပွဲမြင်ကွင်းတွေ၊ မြေပြင်အခြေအနေတွေကိုရိုက်ကူးထားတဲ့ "Inside Myanmar’s armed uprising" အမည်ရ သတင်းဓာတ်ပုံအက်ဆေးကို သြဇာကြီးမားတဲ့ ကနေဒါသတင်းစာစောင် The Globe and Mail မှာ မနှစ်ဒီဇင်ဘာလတုန်းက ဖော်ပြခဲ့ပါတယ်။
Siegfried Modola ရဲ့ ဓာတ်ပုံပေါင်း ၂၀ ကျော်နဲ့ ဖော်ပြထားတဲ့ အက်ဆေးမှာ ကရင်နီပြည်နယ်ထဲက လက်နက်ကိုင်တော်လှန်ရေးလုပ်ဆောင်တဲ့ လူငယ်တွေရဲ့ မြင်ကွင်း၊ ဗုံးခိုကျင်းထဲက ကရင်နီကလေးငယ်တွေအကြောင်းသာမက စစ်မြေပြင်ကြားက ကရင်နီဆေးရုံတွေနဲ့ စစ်ပွဲကြားက လူမှုဘဝအကြောင်းကို တင်ဆက်ထားပါတယ်။
"ကမ္ဘာ့တဝှမ်းက ထိပ်တန်းသတင်းတွေ၊ ယူကရိန်းသတင်းတွေကြားမှာ ဒီဆုကို ရဖို့မလွယ်ကူခဲ့ပါဘူး။ မြန်မာနိုင်ငံဟာ နည်းနည်းမေ့ပျောက်နေကြ တဲ့ ပဋိပက္ခတခုဖြစ်နေတယ်" လို့ ဆုရ ဓာတ်ပုံသတင်းထောက် Siegfried Modola က The Globe and Mail သတင်းစာကို ပြောပါတယ်။
ဒါဟာ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်းနဲ့ပတ်သက်ပြီး Visa d'or News Award မှာ ဒုတိယအကြိမ်မြောက်ဆုရရှိတာဖြစ်ပြီး ၂၀၂၁ ခုနှစ်တုန်းကလည်း အမည်မဖော်ပြလိုတဲ့ မြန်မာဓာတ်ပုံသတင်းထောက်တစ်ဦးဆုရရှိခဲ့ပါသေးတယ်။
မုံရွာထောင်ထဲ အစာငတ်ခံဆန္ဒပြနေသူတွေကို နိုင်ကျဉ်းဟောင်းတွေ ဝန်းရံ
မုံရွာအကျဉ်းထောင်ထဲမှာ အစာငတ်ခံပြီး အကျဉ်းသားအခွင့်အရေးပေးဖို့ တောင်းဆိုနေကြတဲ့ နိုင်ငံရေးအကျဉ်းသား ၁၄ ဦးနဲ့အတူ ရပ်တည်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ သပိတ်အင်အားစုတွေပူးပေါင်းပြီး "သံဖြတ်လွှ" လို့ အမည်ပေးထားတဲ့ ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှု ဒီကနေ့ ပြုလုပ်ကြပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ သောကြာနေ့ စက်တင်ဘာ ၈ ရက်နေ့က အကျဉ်းထောင်အထူးရှာဖွေရေးဆိုပြီး သိမ်းဆည်းယူဆောင်သွားတဲ့ အကျဉ်းသားတွေရဲ့ အသုံးအဆောင်တွေကို ပြန်ပေးဖို့၊ ထောင်ဝင်စာစည်းကမ်းတွေကို ကန့်သတ်ချုပ်ချယ်တာမလုပ်ဖို့ကို အစာငတ်ခံတောင်းဆိုနေတဲ့အပေါ် ဝန်းရံပေးတာလို့ သပိတ်အင်အားစုတွေဆီက သိရပါတယ်။
"အကျဉ်းထောင်ထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ဒီလူတွေရဲ့ ကျန်းမာရေးကိုပါ ထောင်ဘက်က တာဝန်ယူပေးရမယ်ဆိုတဲ့အချက်ကိုပါ ထပ်တိုးတောင်းဆိုထားပါတယ်" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဘီဘီစီကို ပြောပါတယ်။
ဒီလို အစာငတ်ခံဆန္ဒပြနေသူတွေကို သောကြာနေ့ညနေကတည်းက သီးသန့်ခွဲထားတယ်လို့သိရပြီး ဒီကနေ့အထိ နောက်ဆက်တွဲမသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။ ဆန္ဒပြသူ ၁၄ ဦးစလုံးဟာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်ပြီး တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ကိုဝင်းကျော်ဂေါင်နဲ့ ကိုဘုန်းမြင့်အောင်တို့ပါဝင်တယ်လို့ ကနဦးသိထားရပါတယ်။
မုံရွာအကျဉ်းထောင်ထဲကို အကျဉ်းဉီးစီး၊ ထွေအုပ်၊ မီးသတ်၊ ရဲ၊ စစ်သားစတဲ့ပူးပေါင်းအဖွဲ့ကနေအထူးရှာဖွေရေးလုပ်ရတဲ့ အကြောင်းအရင်းကို မသိရဘူးလို့ နိုင်ကျဉ်းအသိုင်းအဝိုင်းကပြောသလို စစ်ကောင်စီဘက်ကလည်း ဒါနဲ့ပတ်သက်ပြီး ထုတ်ပြောထားတာမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများအရေးလှုပ်ရှားသူတွေကတော့ အခုနှစ်ထဲ အကျဉ်းသားအခွင့်အရေးတွေ အချိုးဖောက်ခံရဆုံးအနေအထားလို့ ထောက်ပြကြပါတယ်။
ပွင့်ကြီးယာဉ်ရပ်နားစခန်း လေကြောင်းတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အလောင်းတော်ကဿပဘုရားဆီသွားရာလမ်းပေါ်မှာရှိတဲ့ ကပိုင်ရွာအနီးက ပွင့်ကြီးယာဉ်ရပ်နားစခန်းကို မနေ့ နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
"အဲဒီလမ်းက သစ်ခိုးထုတ်တဲ့သူတွေသွားနေကြလမ်းဖြစ်လို့ ကျွန်တော်တို့ကင်းရှိတယ်ဗျ။ အဲဒီကင်းစခန်းကို လေကြောင်းနဲ့လာပစ်တာပါ၊ ရဲဘော်တစ်ယောက်ထိသွားပါတယ်" လို့ ယင်းမာပင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မြေပြင်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိဘဲ လေကြောင်းနဲ့လာရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အလောင်းတော်ကဿပသွားရာလမ်း ယင်းမာပင်အနောက်ခြမ်းမှာသာမက ယင်းမာပင်အရှေ့မြောက်ခြမ်း ချင်းတွင်းမြစ်တကြောမှာပါ သစ်ခိုးထုတ်မှုတွေရှိနေတာကြောင့် လုံခြုံရေးယူပေးနေရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောကြပါတယ်။
ယင်းမာပင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အပြောအရ ချင်းတွင်းမြစ်ကမ်းတကြောက သစ်တွေကို စစ်ကောင်စီတပ်တွေက ရေကြောင်းနဲ့သယ်ယူနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် စက်တင်ဘာလပထမအပတ်အတွင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး ချင်းတွင်းမြစ်ကမ်းတလျှောက်မှာ စစ်ရေးတင်းမာနေတယ်လို့ မြေပြင်မှာရှိနေသူတွေဆီက သိရပါတယ်။
"စက်တင်ဘာ ၆ ရက်နေ့ကဆိုရင် စည်သူသစ်ကွင်းထဲကသစ်တွေကို စစ်အုပ်စုက လာခိုးထုတ်တာ။ ပြည်သူတွေကလည်း ဒါကိုကိုင်တွယ်ပေးဖို့ပြောကြတော့ ကျွန်တော်တို့လည်း သူတို့ကို ဝင်လုံးပြီး တိုက်ပွဲဖြစ်ခဲ့ပါတယ်၊ သူတို့ဘက်က သေဆုံးတာရှိသလို လက်နက်ခဲယမ်းလည်း သိမ်းဆည်းရမိတယ်" လို့ တိုက်ပွဲမှာပါဝင်တဲ့ ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့ဦးဆောင်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က သစ်တွေသယ်ယူနေတယ်ဆိုတဲ့ ကာကွယ်ရေးအဖွဲ့တွေရဲ့ပြောဆိုချက်အပါအဝင် ယင်းမာပင်မြို့နယ်ထဲက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
စစ်ခေါင်းဆောင်ရဲ့ ရှမ်းပြည်ခရီးစဉ်မှာ ကျည်ကာကား အသုံးပြုခဲ့တယ်လို့ လေ့လာစောင့်ကြည့်သူတွေပြော
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအများအပြားရှိတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုရောက်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ခရီးစဉ်မှာ ကျည်ကာကားကို အသုံးပြုခဲ့တယ်လို့ လုံခြုံရေးဆိုင်ရာလေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက် လားရှိုးမြို့နဲ့ အနီးတဝိုက်ကို သွားရောက်စဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ Lexus အမျိုးအစား ကျည်ကာကား အနက်ရောင်ကို အသုံးပြုခဲ့တာဖြစ်ပြီး ဒါဟာ တခြားပြည်တွင်း ခရီးစဉ်တွေမှာ အသုံးပြုနေကျကားတွေမဟုတ်ဘူးလို့ လုံခြုံရေးဆိုင်ရာ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
လားရှိုးနဲ့ အနီးတဝိုက်မြို့နယ်တွေမှာ ပလောင်တပ်(TNLA) နဲ့ ကိုးကန့်တပ်(MNDAA) တို့ လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရှမ်းပြည်(မြောက်ပိုင်း)က ဌာနေပြည်သူ့စစ်တွေနဲ့လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။
သူ့ရဲ့ ခရီးစဉ်ထဲမှာ ကွမ်းလုံမြို့နယ်မှာ ရှိတဲ့ ကွမ်းလုံကြိုးတံတား(အသစ်)ကို သွားဖို့ ပါဝင်ခဲ့ပေမဲ့ အဲဒီခရီးစဉ် နဲ့ပတ်သက်လို့ စက်တင်ဘာ ၁၁ ရက်အထိ သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။
လားရှိုးကနေ ကွမ်းလုံမြို့နယ်ကိုသွားတဲ့ ပြည်ထောင်စုလမ်းမတလျှောက်ဟာ လုံခြုံရေးအရ အချိန်မရွေး တိုက်ခိုက်ခံရနိုင်ခြေရှိလို့ အခုလိုကျည်ကာကား စီစဉ်တာဖြစ်နိုင်တယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မဖြစ်ခင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကွပ်ကဲရတဲ့ အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ လားရှိုးမြို့ထဲရှိနေချိန်မှာ မြို့တွင်းမှာရော မြို့အဝင်အထွက်ကိုပါ စစ်တပ် လုံခြုံရေးတင်းကြပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ြပပါတယ်။
ဖာပွန်လေကြောင်းတိုက်ခိုက်မှု ဆရာနဲ့ကျောင်းသား ၄ ဦးသေဆုံး
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်ရဲ့ ပြီးခဲ့တဲ့ရက်တွေအတွင်းလေကြောင်းတိုက်ခိုက်မှုမှာ ဆရာနဲ့ကျောင်းသူ ကျောင်းသား ၄ ဦးသေဆုံးခဲ့ပြီး ကျေးရွာဆယ်ချီက စာသင်ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်ခရိုင်)ထဲက ထီးဂေါ်ထာကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၇ ရက်မှာပြုလုပ်တဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း ဆရာနဲ့ကျောင်းသူကျောင်းသားတွေ ထိခိုက်ဒဏ်ရာရခဲ့ရာမှာ ၅ ဦးသေဆုံးပြီး နောက်ထပ် ၇ ဦး ဒဏ်ရာရခဲ့တာလို့ KNU အာဘော် မူတြော် သတင်းက ဖော်ပြပါတယ်။
ဖာပွန်ခရိုင်ထဲက စစ်ကောင်စီတပ်ရဲ့ ခေးပူစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့အပြီးမှာ စစ်တပ်က စက်တင်ဘာလ ၆ ရက်၊ ၇ ရက်နဲ့ ၈ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်းကို လေကြောင်းတိုက်ခိုက်တာအပြင် တာဝေးစိန်ပြောင်းနဲ့ ပစ်ခတ်နေတာတွေကြောင့် ကျေးရွာပေါင်း ဆယ်ရွာထက်မနည်းက စာသင်ကျောင်း ၁၁ ကျောင်း ပိတ်ထားရပြီး စိုးရိမ်ကြောက်လန့်မှုတွေကြားကနေ စာသင်နေရတဲ့ကျေးရွာတွေလည်း ရှိနေတယ်လို့ မူတြော် သတင်းက ဆိုပါတယ်။
ကမ္ဘာတဝန်း ပညာရေးအဆောက်အအုံ တိုက်ခိုက်ခံရမှုမှာ ယူကရိန်းပြီးရင် မြန်မာက အများဆုံးဖြစ်နေတယ်လို့ ကုလသမဂ္ဂဘက်က အပြည်ပြည်ဆိုင်ရာပညာရေးကဏ္ဍအကာအကွယ်ပေးရေးနေ့မှာ ပြောထားပါတယ်။