ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပူတာအို၊ ဖတ်မာက တရားမဝင် ရွှေတူးသူတွေကို ဒေသခံတွေကိုယ်တိုင် တားမြစ်ဖယ်ရှား
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ဖတ်မာရွာ အနီးက တရားမဝင် ရွှေတူးသူတွေရဲ့ တူးဖော်နေတဲ့ စက်ပစ္စည်းတွေရဲ့ သော့တွေကို ဒေသခံတွေက သိမ်းယူတားမြစ်ခဲ့ကြပြီးနောက် တူးဖော်သူတွေ ဒီကနေ့ ဒေသကနေ ထွက်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေဟာ ဒီရွှေတူးဖော်မှုအကြောင်းကို သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို အကြောင်းကြားပေမဲ့ ဌာနဆိုင်ရာတွေက ဒေသခံရပ်မိရပ်ဖတွေအနေနဲ့သာ ဆောင်ရွက်ဖို့ ပြောဆိုလို့ အခုလို ဆောင်ရွက်ခဲ့ကြတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်း သတင်းတချို့မှာတော့ ဧကနဲ့ချီ စိုက်ပျိုးရေးလုပ်ကွက်တွေ ပျက်စီးတာကြောင့် ဒေသခံတွေက လူအင်အားနဲ့သွားရောက်ပြီး တူးဖော်ရေးလုပ်ငန်းခွင်နေရာတချို့ကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့ ရုပ်သံဖော်ပြမှုတချို့ကိုလည်း တွေ့ရပါတယ်။
ပူတာအိုမြို့က ဖတ်မာရွာ အနီးဝန်းကျင်မှာ တရားမဝင်ရွှေတူးဖော်သူတွေဟာ မေလ ၂၇ ရက်နေ့ကစပြီး ရွှေလာရောက်တူးဖော်တာ ဖြစ်ပါတယ်။
ဒီလို ရွှေတူးဖော်တာမှာ ဌာနဆိုင်ရာရဲ့ခွင့်ပြုချက်တွေမပါတဲ့အပြင် ဒေသခံ အုပ်ချုပ်ရေးနဲ့ ရွာသူ ရွာသားတွေနဲ့ လာရောက် ညှိုနှိုင်းတာတွေ မလုပ်ဘဲ ဒေသခံ ၃ယောက်နဲ့ ပူးပေါင်းပြီး ဝင်ရောက်လုပ်ကိုင်တာတာ ဖြစ်ပါတယ်။
အခုလို ဖတ်မာရွာအနီးဝန်ကျင်မှာ ရွှေတူးဖော်တာကြောင့် ဒေသခံတွေက ရွှေဆက်မတူးဖို့ အကြိမ်ကြိမ် တားမြစ်တာတွေအပြင် သက်ဆိုင်တဲ့ ဌာနဆိုင်ရာကိုလည်း သွားရောက်အကြောင်းကြားပေးမဲ့ အရေးယူနိုင်ခြင်းမရှိလို့ ဒေသခံ ရွာသူရွာသားတွေ ပူးပေါင်းပြီး ဇွန်လ ၁၂ ရက်နေ့က သွားရောက်ပြီး စက်ပစ္စည်းတွေရဲ့ သော့တွေသိမ်းယူခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
တရားမဝင်ရွှေတူးဖော်တာကို ကန့်ကွက်ရတာဟာ ရွှေတူးဖော်တဲ့ ရက်ပေါင်း ၂၀ အတွင်းမှာ ရွှေတူးတဲ့အနီးဝန်ကျင် တစ်ဝိုက်က ဒေသခံတွေလုပ်ကိုင်စားသောက်တဲ့ အခင်းမြေနေရာ ၂ ဧက ခန့် ဆုံးရှုံးမှု ရှိခဲ့သလို ဖတ်မာရွာသူရွာသားတွေ အားထားအသုံးပြုနေရတဲ့ ချောင်းရေ နောက်ကျိ အဆင် မပြေလာတဲ့အပြင် ငါးတွေမရှိတော့တာ၊ ရွှေတူးဖော်လိုက်တဲ့ ရက်ပေါင်း ၂၀ အတွင်းမှာ ဖတ်မာရွာဒေသခံတွေ လုပ်ကိုင်စားသောက်တဲ့ မုန့်ညှင်းခင်း၊ ငရုတ်ခင်း၊ငှက်ပျောခင်း အခင်းစိုက်တဲ့မြေနေရာတွေကို ဘတ်ဖိုး စက်ယန္တာယားကြီးတွေနဲ့ ရွှေတူးဖော်တာကြောင့် အခင်းလုပ်တဲ့နေရာတချို့ ပျက်စီးသွားတာဖြစ်လို့ ကန့်ကွက်ကြတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီလို ရွှေတူးဖော်တာကို သဘောမတူတဲ့ဒေသခံတွေက ဇွန်လ ၁၅ ရက်နေ့ မနက်မှာ ကျေးရွာ အဆင့် အုပ်ချုပ်ရေး ၊ ရပ်မိရပ်ဖတွေနဲ့ ရွှေလုပ်ငန်းရှင်ဘက်က ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့တာပါ။
ရွှေလုပ်ငန်းရှင်ဘက်ကတော့ ကိုယ်စားလှယ်သာ လာရောက်တာဖြစ်ပြီး လုပ်ငန်းရှင်မည်သူမည်ဝါဆိုတာကို ရှင်းရှင်းလင်းလင်း မသိရှိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဇွန်လ ၁၅ ရက်နေ့ရဲ့ ဆွေးနွေးမှု ရလဒ်မှာတော့ လုပ်ငန်းရှင်တွေ အမြန်ထွက်ခွာသွားပေးဖို့နဲ့ နောက်နောင် ဒီလို ရွှေတူးဖော်တာတွေကို ထပ်လာမလုပ်ဖို့ ခံဝန်ကတိတွေ လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညှိနှိုင်းပြီး ခံဝန်ထိုးခိုင်းခဲ့တဲ့နောက် ဇွန်လ ၁၆ ရက်နေ့ အပြီးထွက်သွားဖို့ သဘောတူညီမှု ရခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
သဘောတူညီမှု ယူပြီး ဇွန်လ ၁၇ ရက်နေ့မှာတော့ ရွှေတူးဖော်သူတွေဟာ စက်ယန္တရားပစ္စည်းတွေအပါအဝင် ပစ္စည်းအားလုံးကို သိမ်းပြီး ဖတ်မာရွာကနေ ထွက်သွားကြပြီးလို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ဖတ်မာဒေသခံတွေကတော့ ရွာအနီးတဝိုက်မှာ ဒေသခံတွေ လုပ်ကိုင်စားသောက်တဲ့ နေရာနဲ့ သဘာဝပတ်ဝန်ကျင်ပျက်စီးနိုင်တဲ့ လုပ်ငန်းတွေကို တားဖြစ်ဖို့ အစည်းအဝေး ပြုလုပ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့က တောင်သူလယ်သမားတွေဆိုတော့လယ်ယာပြီးသွားလို့ရှိရင် ရပ်မိရပ်ဖ အစည်းအဝေးလုပ်ပြီး ဒေသရွာကို ကာကွယ်ဖို့ စာတွေလဲတင်သွားမယ်။ အခုချိန်က ဒေသခံတွေက မိုးရာသီ စပါးစိုက်ချိန်ဖြစ်နေတာကြောင့် စပါးစိုက်ပြီးပါက ရပ်မိရပ်ဖ သဘောဆန္ဒကောက်ယူပြီးတော့ နောက်နောင်ဖတ်မာဒေသအတွက် ကာကွယ်ဖို့ အစီအစဉ်ပြုလုပ်သွားမယ်" လို့ ဆိုပါတယ်။
ဒေသခံတချို့ရဲ့ပြောဆိုချက်တွေအရကတော့ ဒီလမ်းကြောတစ်လျှောက်မှာ ရွှေတူးဖော် လုပ်ကိုင်သူတွေဟာ နိုင်ငံရေး တည်ငြိမ်မှု မရှိတာကို အခွင့်ကောင်းယူပြီး ဝင်လာတာဖြစ်သလို လုပ်ငန်းရှင်တချို့ကတော့ သူတို့နောက်မှာ အဖွဲ့အစည်းတွေရှိတယ်ဆိုပြီး ခြိမ်းခြောက်မှုတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းရဲ့ နေရာတချို့မှာတော့ စစ်ကောင်စီတပ်တွေအပြင် ကေအိုင်အေနဲ့ ပီဒီအက်ဖ် ပူးပေါင်းအဖွဲ့တွေကို တွေ့ရတာမျိုးတွေ ရှိတယ်လို့ မြစ်ကြီးနား-ပူတာအို ခရီးသွားတွေက ဆိုပါတယ်။
ဒါ့အပြင် မြစ်ကြီးနား-ပူတာအို လမ်းကြောဟာ နယ်မြေအေးချမ်းတဲ့ အနေအထားမျိုးမဟုတ်ဘဲ မကြာခဏဆိုသလို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေအပြင် ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ခဲ့ဖူးတဲ့လမ်းကြော ဖြစ်ပါတယ်။