သီရိလင်္ကာသမ္မတ စစ်လေယာဥ်နဲ့ ပြည်တွင်းကနေ ထွက်ပြေး

ရေးသားခဲ့သည်။

ပြည်တွင်းမှာ စီးပွားရေးအကျပ်အတည်းကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ သီရိလင်္ကာသမ္မတ ဂိုတာဘာဟာ ရာဇပါစက ဟာ စစ်လေယာဥ်နဲ့ ပြည်တွင်းကနေ ထွက်ပြေးသွားပြီလို့ သိရပါတယ်။

သမ္မတဟာ ဇနီးဖြစ်သူ၊ နောက် လုံခြုံရေးအရာရှိ ၂ ဦးတို့နဲ့အတူ မော်ဒိုက်နိုင်ငံကို ထွက်ပြေးသွားပြီလို့ သီရိလင်္ကာလေတပ်က အတည်ပြုပါတယ်။

အခုတော့ သူတို့ဟာ မော်ဒိုက်မြို့တော်ကို ဒေသစံတော်ချိန် ၃ နာရီမှာရောက်သွားခဲ့ပြီလို့ ဘီဘီစီက နားလည်ရပါတယ်။

မစ္စတာ ရာဇပါစက အခုလို ထွက်ပြေးသွားပြီဖြစ်လို့ သူတို့တစ်မိသားစုလုံး သီရိလင်္ကာကို အစဥ်အဆက်အုပ်ချုပ်မှုလည်း တခန်းရပ်သွားပြီဖြစ်ပါတယ်။

သမ္မတ အိမ်တော်ကို လူထုက ဝင်ရောက်စီးနင်းမှုလုပ်ခဲ့တဲ့ စနေနေ့ကတည်းက သမ္မတဟာ လူမြင်ကွင်းကနေ ပုန်းအောင်းနေခဲ့တာဖြစ်ပါတယ်။

သမ္မတဟာ မော်ဒိုက်မှာနေမှာမဟုတ်ဘဲ တတိယနိုင်ငံတစ်နိုင်ငံကို ဆက်သွားဖို့ ရှိနေတယ်လို့ ဒီဖြစ်စဥ်ကို နီးနီးကပ်ကပ်သိရှိတဲ့ သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

သမ္မတရဲ့ညီဖြစ်သူ ဘဏ္ဍာရေးဝန်ကြီးဟောင်းဟာလည်း သီရိလင်္ကာနိုင်ငံကနေ ထွက်ခွါသွားပြီဖြစ်ပြီး အမေရိကန်ကို သွားနေပြီလို့ သိရပါတယ်။

မြို့တော် ကိုလံဘိုမှာတော့ ထောင်နဲ့ချီတဲ့သီရိလင်္ကာနိုင်ငံသားတွေဟာ ဆန္ဒပြစုဝေးကွင်းမှာ စုဝေးနေပြီး ရုန်းကန်မှုရဲ့အောင်ပွဲဆိုတဲ့အသံတွေကို ကြွေးကြော်နေကြပါတယ်။

ဆန္ဒပြသူအချို့ကတော့ မစ္စတာရာဇပါစက အခုလို နိုင်ငံထဲက ထွက်သွားတာဟာ တာဝန်မဲ့တယ်ဆိုပြီး ဒေါသထွက်နေကြပြန်ပါတယ်။

နိုင်ငံသားတွေကတော့ သမ္မတရာဇပါစက အစိုးရဟာ နိုင်ငံထဲမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းကို ဖြစ်စေခဲ့တယ်လို့ အပြစ်ဖို့ ပြောဆိုကြပါတယ်။

ဒါ့ပြင် လောင်စာဆီ၊ အစားအသောက်နဲ့ဆေးဝါးလို အခြေခံပစ္စည်းတွေ ပြတ်တောက်တာ၊ လျှပ်စစ်မီးနေ့စဥ်ပြတ်တောက်တာတွေလို အခက်အခဲတွေကို သီရိလင်္ကာနိုင်ငံသားတွေ ရင်ဆိုင်နေရာတာ လနဲ့ချီ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

သမ္မတဖြစ်ချိန် စွပ်စွဲပြစ်တင်ခံရပြီး တရားရင်ဆိုင်ရတဲ့အဖြစ်ကနေ ကင်းလွတ်ခွင့်ရခဲ့တဲ့ နိုင်ငံ့သမ္မတကတော့ အစိုးရသစ်တက်လာတဲ့အခါ ဖမ်းဆီးခံရမယ့်အရေးစိုးရိမ်ပြီး ရာထူးကနေ မဆင်းခင်ကတည်းက ပြည်ပထွက်ပြေးဖို့ တွေးကြံနေခဲ့သူလို့ နားလည်ရပါတယ်။