စစ်တပ်နဲ့ ပထမဆုံးတွေ့တဲ့နှစ်ဖွဲ့ ဘာတွေ ထဲထဲဝင်ဝင် ဆွေးနွေးထားလဲ

ရေးသားခဲ့သည်။

"ပြောင်းပြန်လို၊ နဂိုအခြေအနေနဲ့ ပြောင်းလဲသွားတာပေါ့နော်။ အရင်ကလို upper hand (အထက်စီးဆန်) လို မရှိဘူး အခုဟာက။ တန်းတူညီတူ တကယ်ကို ပြေပြေလည်လည် အနေအထားရှိတယ်။"

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့အပြီးမှာ ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီရဲ့ ခေါင်းဆောင်ထဲက တစ်ဦးဖြစ်သူ စိုင်းငင်းက စစ်ခေါင်းဆောင်နဲ့တွေ့ဆုံတဲ့တွေ့ဆုံရမှုအပေါ် အခုလို မှတ်ချက်ပေးခဲ့တာပါ။

စစ်ကောင်စီက သူတို့ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေး‌နွေးပွဲကို တက်ကြမယ်လို့ ဆိုထားတဲ့ အဖွဲ့တွေနဲ့ မေလ ၂၀ရက်နေ့က စပြီး နေပြည်တော်မှာ တစ်ဖွဲ့ချင်းစီ တွေ့ဆုံနေပါတယ်။

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဟာ စစ်ကောင်စီခေါင်းဆောင်နဲ့ ပထမဆုံးစတင်တွေ့ဆုံတဲ့အဖွဲ့ ဖြစ်လာပါတယ်။

မေလ ၂၀ရက်နေ့ကနေ ၂၂ ရက် ထိ RCSS နဲ့ ၃ ရက်ကြာ တွေ့ဆုံခဲ့အပြီးမှာတော့ မွန်ပြည်သစ်ပါတီ(NMSP) နဲ့ မေလ ၂၃ ရက်ကနေ့ ၂၅ ရက်နေ့အထိ သီးခြားတွေ့ဆုံထားပါတယ်။

စစ်ကောင်စီဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်းရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA - PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမိုကရက်တစ်ယူနီယံ (LDU) တို့နဲ့ NCA လက်မှတ်မထိုးထားသေးတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ဝပြည်သွေးစည်းညီညွတ်‌ရေး ပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) အဖွဲ့တို့ တက်ကြမှာပါ။

အခုဆွေးနွေးပွဲတက်မယ့် ၁၀ ဖွဲ့က ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစပြုလာတဲ့ အချိန်က သတ်မှတ်ထားတဲ့ လက်နက်ကိုင်အဖွဲ့ပေါင်း ၂၁ ဖွဲ့ထဲက အဖွဲ့တွေလည်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်လုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက စစ်အာဏာသိမ်းထားတဲ့အဖွဲ့အပေါ်မှာ ရှိနေတဲ့ အဘက်ဘက်ကနိုင်ငံရေး၊ နိုင်ငံတကာအရေးအပါအဝင် ဖိအားတွေကို လျှော့နိုင်ဖို့ ဟန်ပြသက်သက်သာလုပ်တဲ့ပွဲမျိုးလို့ မကျင်းပမီကကို ဝေဖန်ခံနေရတာလည်းရှိပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့ လက်နက်ကိုင်အဖွဲ့တွေက စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့အဖွဲ့ အများစုလို့ ယူဆပြောဆိုတာတွေလည်း ရှိနေပါတယ်။

ကျန်တဲ့အခြား တိုင်းရင်းသားလက်နက်ကိုင် တွေအနေနဲ့ကလည်း သူတို့လိုချင်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ရနိုင်မယ် မထင်လို့ နေပြည်တော်ကို မသွားကြတာလို့ တိုင်းရင်းသားအရေးလေ့လာသူတွေက ပြောပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ဒီတခါငြိမ်းချမ်းရေးဆွေးပွဲပုံစံကတော့ သူနဲ့ဦးစွာအရင်တွေ့ဆုံပြီး နောက် ၂ ရက်ကိုတော့ သူကိုယ်တိုင်ထပ်မံဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဆွေး‌နွေးရေးအဖွဲ့ နဲ့ ဆွေး‌နွေးစေတာပါ။

အဲဒီ ငြိမ်းချမ်းရေးဆွေး‌နွေးရေးအဖွဲ့ ကိုတော့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်ပြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် တို့စတဲ့ စစ်ဘက်ရေးရာထိပ်တန်းအရာရှိ သုံးဦးတည်းနဲ့သာ ဖွဲ့စည်းထားပါတယ်။

ဆွေးနွေးပြီးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ခုလုံးရဲ့ ပြောပြချက်တွေအရတော့ တထိုင်တည်းဆုံးဖြတ်နိုင်တဲ့ ကိစ္စ ရပ်တွေ မရှိခဲ့ဘဲ ဆက်လက်ပြီး တွေ့ဆုံရဖို့ ရှိနေသေးတယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့ နောက်ဘယ်တော့ထပ်တွေ့ဆုံကြမယ်ဆိုတာကိုတော့ ၂ ဖွဲ့လုံးကိုယ်တိုင်က ရှင်းရှင်းလင်းလင်း မသိကြရ သေးပါဘူး။

နှစ်ဖွဲ့လုံး စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေး၊ ပါတီစုံဒီမိုကရေစီစနစ် အကောင်အထည်ဖော်ရေးစတဲ့ ယေဘုယျဆန်တဲ့အချက်တွေကိုသာ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။

အဲဒီလိုအချက်တွေအပေါ်မှာ အကောင်ထည်ဖော်လျှောက်လှမ်းဖို့ ဆိုင်ရာအချက်တွေကိုတော့ နှစ်ဖွဲ့လုံးက စစ်ကောင်စီနဲ့ လက်မှတ်ထိုးသဘောတူထားတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်သစ်က ဘာတွေတောင်းဆိုခဲ့လဲ

စစ်ခေါင်းဆောင်နဲ့တွေ့ဆုံတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြည်‌ထောင်စုဖက်ဒရယ်ပုံစံတည်ဆောက်တဲ့ နေရာမှာ လိုအပ်မယ့် အခြေခံမူတွေကို တင်ပြခဲ့တယ်လို့ အဖွဲ့ပြောခွင့်ရသူ နိုင်အောင်မငေးက ဘီဘီစီကို ပြောလာပါတယ်။

ဒါ့အပြင် မွန်တိုင်းရင်းသားတွေကို အခြေခံပြီး ဘုံသဘောတူညီချက်တွေရရှိထားတဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး အခြေခံမူတွေကို တင်ပြလာခဲ့တယ်လို့ သိရပါတယ်။

ပြည်နယ်ဖွဲ့စည်းပုံ အခြေခံမူတွေထဲမှာတော့ အမျိုးသားတန်းတူရေး၊ ပြည်နယ်ရဲ့ ဥပ‌ဒေပြုခွင့်ဆိုင်တဲ့ကိစ္စ၊ မွန်ပြည်နယ်ရဲ့ တည်နေရာ၊ ပြည်ထောင်စု အဖွဲ့ဝင်ဖွဲ့စည်းပုံ၊ ဖက်ဒရယ်ပြည်ထောင်စု စုဖွဲ့မှုအပါအဝင် ခေါင်းစဥ်ပေါင်း ၂၀ လောက်ရှိတယ်လို့ နိုင်အောင်မငေးက ပြောပြပါတယ်။

အခြားအတိအကျအချက်တွေကတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့အဖွဲ့ကိုပေးအပ်ခဲ့တာဖြစ်ပြီး ထုတ်ပြောပြနိုင်ဖို့ မရှိသေးဘူးလို့ ဆိုပါတယ်။

နိုင်ငံရေးရာအပြင် မွန်ပြည်နယ်အတွင်းမှာ မွန်သံဃာများစွာနဲ့ ဖွဲ့စည်းခဲ့ဖူးတဲ့ ရာမညနိကာယဂိုဏ်းကို ဖွဲ့စည်း ခွင့်အတွက် စစ်ခေါင်းဆောင်ကတဆင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို လျှောက်ထားပေးဖို့၊ အရင်ကတည်းကခွင့်ပြုထားပေမယ့် အကောင်အထည်မဖော်သေးတဲ့ မွန်လူမျိုး အများစုရှိတဲ့နေရာမှာ မွန်စာပေကို အခြေခံကျောင်းတွေမှာသင်ကြားပေးဖို့၊ အလယ်တန်းအဆင့်အထိတိုးမြှင့်သင်ကြားပေးဖို့ စတာတွေကိုတော့ မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်တွေက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကိုယ်တိုင်ပြောခွင့်ရခဲ့တယ်လို့ သိရပါတယ်။

RCSS က ဘာတွေတောင်းဆိုခဲ့လဲ

နိုင်ငံရေး၊ စစ်မက်ရေးရာ၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေး ဆိုတဲ့ ခေါင်းစဥ်လေးမျိုးအောက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အဖွဲ့ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး အုမ်းခေးက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေးကဏ္ဍအောက်မှာတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ်၊ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေး၊ အနာဂတ်ပြည်ထောင်စုကို ပုံဖော်ခြင်းစတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်မက်ရေးရာမှာတော့ လက်ရှိရှမ်းပြည်နယ်အတွင်းက နယ်မြေတွေအရေးအပါအဝင် စစ်ရေးဆိုင်ရာ အကြောင်းအရာတွေကို စစ်ကောင်စီဘက်နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကိုင်တွေအကြားနဲ့ စစ်ကောင်စီတို့အကြား နယ်မြေဆိုင်ရာကိစ္စတွေကို ‌ဆွေးနွေနိုင်ရေးတင်ပြချက်တွေမှာလည်း ပါဝင်ပေမယ့် အခြားသက်ဆိုင်ရာအဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့လိုအပ်တာကြောင့် ချက်ချင်းဆုံးဖြတ်ခဲ့တာမျိုး မရှိဘူးလို့ ဒုဗိုလ်မှူကြီး အုမ်းခေးက ပြောပါတယ်။

စစ်ကောင်စီကိုတင်ပြခဲ့တဲ့ နယ်မြေကိစ္စအတိအကျကိုတော့ RCSS ဘက်က ဘီဘီစီကို ပြောပြနိုင်တာ မရှိသေးပါဘူး။

ဒါ့အပြင် အဖွဲ့ရဲ့စီးပွားရေးနဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာအချက်အလက်တွေထဲက အချက်တွေကိုတော့ မေးမြန်းသိရှိရတာမျိုး မရှိခဲ့ပါဘူး။

ဆွေးနွေးဘက်ပေါ် ဘယ်လောက်ယုံကြည်ထားကြလဲ

စစ်တပ်နဲ့ စကားပြောပြီးနောက်ပိုင်း နှစ်ဖက် သဘောတူဆွေး‌နွေးချက်တွေ တိုက်တွန်းချက်တွေကို အမှန်တကယ် ဖြစ်လာမလား၊ အကောင်အထည်ဖော်မယ်လို့ ယုံကြည်မှုရှိနေကြလားဆိုတာကိုတော့ လုပ်ဆောင် အကောင်ထည်ဖော်မှုတွေကိုသာ စောင့်ကြည့်ပြီး ပြောပြနိုင်မယ်လို့ စစ်တပ်နဲ့တွေ့ခဲ့ပြီးတဲ့ နှစ်ဖွဲ့လုံးက ဘီဘီစီကို ပြောကြပါတယ်။

"ရာခိုင်နှုန်းများများ ထိထိရောက်ရောက်ရှိတဲ့အဆင့်လောက်ရှိတယ်လို့‌တော့ မပြောနိုင်ဘူးပေါ့လေ။ ဒါပေမဲ့ ဘယ်လိုပဲဆိုနေပါစေဦးတော့ အခြေခံကောင်း အလားလာကောင်းတဲ့ သဘောမျိုးတော့ မြင်ရပါတယ်...။ ရာနှုန်းပြည့်အတွက်ကိုတော့ ပြောဖို့စောပါသေးတယ်" လို့ RCSS ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး အုမ်းခေးက ဘီဘီစီကို ပြောပါတယ်။

"လူမျိုးရေးရာကိစ္စတွေကို သူ့ကိုတိုက်ရိုက်တင်ပြတယ်။ ရာမဏနိကာယဂိုဏ်းကို ဗိုလ်ချုပ်မှူးကြီးက မဟနကို တင်ပြပေးဖို့၊ မွန်အများစုနေတဲ့နေရာတွေမှာ မွန်စာသင်ဖို့... စတာတွေကိုလုပ်ပေးမယ့် သူ့ဆီက စကားကြားရတော့ ကျွန်တော်တို့အတွက် မျှော်လင့်ချက်ရရှိသွားတယ်လို့ ပြောရမယ်ပေါ့" လို့ မွန်ပြည်သစ် ပါတီပြောခွင့်ရသူ နိုင်အောင်မငေးက ဘီဘီစီကို ပြောပြပါတယ်။

နိုင်အောင်မငေးနဲ့ ဒုတိယ ဗိုလ်မှူးကြီး အုမ်းခေးတို့ကတော့ ဗိုလ်ချုပ်မှူးကြီးဆီကို အခုတင်ပြတဲ့အချက်တွေ အမှန်တကယ် အကောင်အထည်ဖော်ပြုလုပ်ပေးမယ်လို့ ယုံကြည်မှုရှိထားလားဆိုတာကိုတော့ ဘီဘီစီကို တိတိပပ ပြန်လည်‌ဖြေကြားထားတာမရှိပါဘူး။

"လုံးဝရာခိုင်နှုန်းပြည့်မျှော်လင့်ချက်ကြီးစွာနဲ့ သို့မဟုတ် အရင်တုန်းကထက်စာလို့ရှိရင် လွန်စွာကောင်းမွန်တယ်လို့ မပြောနိုင်ရင်တောင်မှ နည်းနည်းတော့ ဆွေးနွေးရတာ ပိုလွယ်တယ်၊ နှစ်ဖက်နားလည်မှုတွေပိုပြီး ရင်းရင်းနှီးနှီးဆွေးနွေးပြီးတော့ အငြင်းပွားမှုတွေ သိပ်မရှိဘူးပေါ့လေ၊ အဆင်ပြေပါတယ်လို့ပဲ ပြောလို့ရတာပေါ့နော်" လို့ ဒုဗိုလ်မှူးကြီး အုမ်းခေးက ဘီဘီစီကို ပြောပါတယ်။

ဆွေးနွေးပွဲလား အပေးအယူလား

စစ်ခေါင်းဆောင်နဲ့ ဆွေးနွေးပြီးခဲ့တဲ့အဖွဲ့တွေက သူတို့ဘက်ကတင်ပြချင်တဲ့အရာတွေ တောင်းဆိုချင်တဲ့ အရာတွေကို တောင်းဆိုခဲ့ကြသလို စစ်တပ်ဘက်ကလည်း သူတို့တင်ပြချက်တွေကို မှတ်တမ်းတင်ထားကာ ဆက်လက်ဆွေးနွေးဖို့ သဘောတူထားတယ်လို့ သိရပါတယ်။

ဖိအားပေါင်းစုံရှိနေချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာထက် စစ်ခေါင်းဆောင်က လက်နက်ကိုင်အဖွဲ့တွေကို အပေးအယူလုပ်ဖို့ ခေါ်တွေ့တဲ့ပုံစံမျိုးဖြစ်တယ်လို့ ဆွေးနွေးပွဲမတက်တဲ့အဖွဲ့တွေနဲ့ အရပ်ဘက်ခေါင်းဆောင်တွေ၊ လေ့လာသူတွေက ဝေဖန်ကြပါတယ်။

"ထုံးစံတိုင်းပဲလေ သူ့ဘက်ဖြစ်ချင်တာနဲ့ ကိုယ့်ဘက်ဖြစ်ချင်တာနဲ့၊ သူဘာလိုက်လျောနိုင်မလဲ ကိုယ်ဘာလိုက် လျောနိုင်မလဲဆိုတဲ့ အတင်းအလျော့လေးတော့ ရှိတာပေါ့။ ဒါပေမဲ့ အရင်တုန်းကလို စီးပွားရေးနဲ့ ငြိမ်းချမ်း ရေးဆိုတဲ့ အလဲအလှယ်ပုံစံမျိုးတော့မဟုတ်ဘူးပေါ့လေ" လို့ RCSS ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး အုမ်းခေးက ပြောပါတယ်။

စစ်ခေါင်းဆောင်နဲ့ RCSS အကြားတွေ့ဆုံခဲ့တဲ့ တွေ့ဆုံမှုမှာ ဘယ်လိုသဘောတူချက်မျိုးကိုမှ အဖွဲ့လိုက်ဆီကို လုပ်ပေးတာမျိုးမရှိသလို၊ ဘယ်လိုအရာမျိုးကိုမှ သဘောတူ လတ်မှတ်ထိုးရယူခဲ့တာမရှိဘူးလို့လည်း သူက ပြောလာပါတယ်။

"ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစနစ် ဖော်ဆောင်ရေး၊ ဒေသဖွံ့ဖြိုးရေးကို ဝိုင်းဝန်း ကူညီမယ်ဆိုတာတွေကိုပဲ သဘောတူညီချက် လက်မှတ်ထိုးခဲ့တာ၊ တခြားကိုယ့်အဖွဲ့ရဲ့ ကိုယ်ကျိုးစီးပွားတွေ ဘာမှလက်ခံထားတာမရှိပါဘူး" လို့ မွန်ပြည်သစ်ပါတီ ပြောခွင့်ရသူ နိုင်အောင်မငေးက ဘီဘီစီကို ပြောပါတယ်။

တွေ့ဆုံခဲ့ပြီးခဲ့တဲ့ ၂ ဖွဲ့လုံးကတော့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေး တိုက်တွန်းပြောဆိုတဲ့ အဖွဲ့ရှိပေမယ့် အကျပ်အတည်းနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းက ခေါင်းဆောင်တွေကို လွှတ်ပေးပြီး ဆွေးနွေးတာတွေ လုပ်ဖို့ကိုတော့ နှစ်ဖက်တင်းမာနေချိန်ဖြစ်လို့ တိုက်တွန်းပြောဆိုခဲ့တာမရှိဘူးလို့ သိရပါတယ်။

အာဏာသိမ်းကာလမတိုင်ခင်ကတည်း RCSS နဲ့ TNLA၊ RCSS နဲ့ SSPP တို့အကြား ရှမ်းပြည်တောင်ပိုင်းက နယ်မြေတွေ၊ ရှမ်းပြည်‌မြောက်ပိုင်းဘက်က နယ်မြေအချို့တို့မှာ အဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး RCSS နယ်မြေတွေဆုံးရှုံးခဲ့တာမျိုး တွေရှိခဲ့တယ်လို့ RCSS ဘက်ကပြောထားပါတယ်။ ဒါပေမယ့် SSPP၊ TNLA တို့ဘက်ကလည်း အဲဒီနယ်မြေတွေက ဒီမတိုင်ခင်ကတည်းက သူတို့ထိန်းချုပ်နယ်မြေတွေဖြစ်ခဲ့ပြီး သူတို့ကတိုက်ခိုက်နေတာမဟုတ်ဘဲ နယ်မြေတွေအတွက် ကာကွယ်နေရတာလို့ဆိုထားကြပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆက်ခရိုင်၊ မုံးထော်၊ မုန်းထဒေသဘက်မှာလည်း UWSA ဝ တပ်ဖွဲ့နဲ့ ပြီးခဲ့တဲ့ ဧပြီလမှာ နယ်မြေစိုးမိုးမှုပေါ်မူတည်ပြီး နှစ်ဘက်တပ်တွေအကြားပစ်ခတ်မှုတွေဖြစ်ခဲ့ပါသေးတယ်။

စစ်တပ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ပုံစံနဲ့ တိုင်းရင်းသားတွေရဲ့ ဆန္ဒထပ်တူကျသလား

စစ်တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ့် အဖွဲ့ ၁၀ခုထဲမှာ မေလ ၂၅ရက်နေ့အထိကို လက်နက်ကိုင် ၂ ဖွဲ့ နဲ့ဆွေးနွေးထားပြီး ပြီးပြတ်အောင်ဆွေးနွေးနိုင်တာမျိုး မရှိဘဲ ထပ်မံတွေ့ဆုံဆွေးနွေးကြဖို့ လိုသေးတယ်လို့ ဆွေးနွေးပြီး တဲ့ အဖွဲ့တွေထံက သိရပါတယ်။

လိုက်လျောနိုင်တာအားလုံးကို လိုက်လျောပြီး ချက်ချင်းလုပ်ဆောင်ပေးမယ်လို့ ဆွေးနွေးပွဲမတိုင်ခင်ကတည်းက စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း စစ်တပ်က နိုင်ငံရဲ့ တရားဝင်အစိုးရမဟုတ်တာကြောင့် တိုင်းရင်းသားတွေလိုအပ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စတာတွေကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် သဘောတူညီချက်တွေ မရနိုင်ဘူးလို့ဆိုကာ အင်အားကြီးလက်နက်ကိုင်အများစုက စစ်တပ်နဲ့ငြိမ်းချမ်းရေး မဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က "စစ်တပ်က ဆွေးနွေးတဲ့ ဖက်ဒရယ်လို့ပြောတဲ့အခါ ပြည်‌ထောင်စုနဲ့ ပြည်နယ်အကြား အာဏာခွဲဝေရေးပဲ ဖြစ်နေတယ်။ ဘယ်သူကနေ ဘယ်သူ့ကို အာဏာပေးရမယ်ဆိုတဲ့ အတွေးအခေါ်က ဖက်ဒရယ်အတွေးအခေါ် မဟုတ်ပါဘူး။ ချုပ်ကိုင်မှုလျော့ချတဲ့ဟာ ဖြစ်တယ်။ တက်နိုင်သလောက်ပေးမယ်၊ လုပ်ပေးနိုင်တာ လုပ်ပေးမယ်ဆိုတဲ့ အတွေးအခေါ်က ချုပ်ကိုင်မှုစနစ်နဲ့ ကျွန်တော်တို့ရဲ့ အမျိုးသားတန်းတူရေး၊ တရားမျှတရေးကို ချေဖျက်နေတာဖြစ်တယ်၊ အဲဒီထဲကိုက မှားနေတာ။"

KNPP အပါအဝင် လက်နက်ကိုင်တွေ ဖြတ်သန်းခဲ့တဲ့ စစ်ကောင်စီအပါအဝင် ၁၉၆၃ခုနှစ်ကနေ ၂၀၁၂ ခုနှစ် အထိခေါ်ခဲ့တဲ့ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက လက်နက်ဖြုတ်သိမ်းရေးကိုသာအဓိကဦးတည် နေတာလို့လည်း သူကပြောပါတယ်။

ဒါပေမဲ့လည်း တိုင်းရင်းသားလက်နက်ကိုင်တွေအကြားမှာတော့ နိုင်ငံရေးရပ်တည်ချက်ကွဲပြားမှု၊ နိုင်ငံရေး ခံယူချက်၊ အကျိုးစီးပွားတွေကွဲပြားမှုတွေကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေအရ စစ်တပ်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တက်ရောက်နေကြသူတွေ ရှိနေကြတာလို့ ဦးအောင်ဆန်းမြင့်က သုံးသပ်ပါတယ်။

စစ်ကောင်စီနဲ့ လက်ရှိမှာဆွေးနွေးပြီးတဲ့ အဖွဲ့ ၂ ဖွဲ့ရဲ့ ပြောပြချက်အရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်း ဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေက အရင်အစိုးရအဆက်ဆက်ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုတွေထက်ကို သာလွန်စွာလုပ်ပေးနိုင်မှု မရှိတာကို သိမြင်နိုင်ပါတယ်။

တင်ပြလာတဲ့အချက်တွေကို အပြည့်အစုံထပ်မံဆွေးနွေးဖို့ နှစ်ဖက်သဘောတူခဲ့ပေမယ့် ဘယ်အချိန်မှာ ပြန်တွေ့ကြရမယ်ဆိုတာကိုတောင် တိတိကျကျမသိနိုင်တဲ့အခြေအနေမျိုးကြောင့် အချိန်ကာလတခုအထိ နိုင်ငံတကာ မျက်နှာစာမှာအပြလှဖို့လုပ်တဲ့ ဆွေးနွေးပွဲမျိုးသာ ဖြစ်သလို ပါဝင်သင့်သူတွေမပါဝင်ဘဲ လုပ်တဲ့ ဆွေး‌နွေးပွဲလို့ လက်နက်ကိုင်တွေ၊ တိုင်းရင်းသားနဲ့ ငြိမ်းချမ်းရေးအရေးဆောင်ရွက်နေသူတွေက ထောက်ပြနေကြပါတယ်။

အခုလိုဆွေး‌နွေးမှုတွေထဲကနေ တရားမျှတတဲ့ ရလဒ်တွေပေါ်လာစရာအကြောင်းမရှိဘူး၊ နောင်အခါ တကယ်တမ်း ဖက်ဒရယ်၊ တန်းတူညီမျှရေးတွေကို ဆွေး‌နွေးပြီးဆိုရင် အခုအခါမှာ သဘောတူထားတဲ့ အချက်တွေ ကနောင်မှာအဟန့် အတားတွေ ဖြစ်လာနိုင်တယ်။ ဒါကတော့ သက်ဆိုင်ရာအဖွဲ့တွေက သတိထားဖို့တော့ ကောင်းတယ်" လို့ ဦးအောင်ဆန်းမြင့်က စစ်တပ်နဲ့ဆွေးနွေးထားသူတွေအပေါ် အခုလို သုံးသပ်ပြောပြလာပါတယ်။

အခုစစ်တပ်နဲ့ ဆွေးနွေးရတာ အရင်နဲ့မတူဘဲ တန်းတူညီတူရှိတယ်လို့ ဆွေးနွေးပွဲတက်ခဲ့တဲ့အဖွဲ့တွေက ပြောလာတာ ရှိပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲ တက်ရောက်ဖို့ နောက်ထပ်အဖွဲ့တွေ ကျန်နေသေးပြီး သူတို့တွေရဲ့ သဘောထား မှတ်ချက်တွေ ထွက်ပေါ်လာကြဦးမှာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း နှစ်ပေါင်း ၇၀ ကျော် မြန်မာနိုင်ငံရေးမှာ တိုင်းရင်းသားတွေအတွက် အမျိုးသားတန်းတူရေး၊ တရားမျှတရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်စတာတွေ ဘာတခုမှ မရခဲ့သေးဘူးလို့ လက်နက်ကိုင်အများစုဘက်က ပြောဆိုနေကြတာလည်း ရှိပါတယ်။