ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မဲမသမာမှုနဲ့ ရခိုင်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးဟောင်းကို ထောင် ၄လ သို့မဟုတ် ဒဏ်ငွေ ၅သောင်းချမှတ်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနဲ့ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို တရားစွဲဆိုထားတဲ့ ရွေးကောက်ပွဲမဲမသမာမှုအတွက် ဧပြီလ ၆ ရက် ဒီကနေ့ အမိန့်ချပါတယ်။
အဲ့ဒီအမှုကို စစ်တွေအကျဉ်းထောင်အထူးတရားရုံးမှာ ရက်ပေါင်း ၁၂၀ အကြာရင်ဆိုင်ခဲ့ရပြီး ဧပြီလ ၆ ရက်ဒီကနေ့မှာ တစ်ဦးကို ငွေဒဏ် ငါးသောင်း သို့မဟုတ် ထောင်ဒဏ် ၄ လစီကျခံရမယ်လို့ အပြီးသတ်မိန်ချမှတ်လိုက်တာဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ မဲမသာမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲအရာရှိ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ခါ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ ဦးညီပုကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က) နဲ့ ဦးမင်းအောင်ကို ၁၃၀ (က)၊ ၁၀၉ တို့နဲ့ နောက်တိုးအမှုတွေအဖြစ် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
တရားသူကြီးက ချမှတ်ခဲ့တဲ့ပြစ်ဒ်နှစ်ရပ်အနက် ကာယကံရှင်တွေဖြစ်တဲ့ ဦးညီပုနဲ့ ဦးမင်းအောင်တို့က ငွေဒဏ်ငါးသောင်းကို မပေးဆောင်ဘဲ ထောင်ဒဏ် ၄လစီကျခံဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် စစ်တွေမြို့နယ် NLD ရုံး၊ ပါတီဝင်တစ်ဦးက တရားရုံးသို့လာရောက်ပြီး တစ်ဦးကိုကျပ်ငွေ ငါးသောင်းစီ ကိုယ်စားဆောင်ပေးခဲ့တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ အထက်တန်းရှေ့နေ ဦးကျော်စိုးလင်းက ပြောပါတယ်။
"တရားသူကြီးက ငွေဒဏ် ငါးသောင်းစီဆောင်ရမယ် မဆောင်ရင် ထောင်ဒဏ် ၄လကျမယ်ဆိုတော့ သူတို့က ငွေဒဏ်မဆောင်ကြဘူး။ ထောင် ၄လကျခံကြတယ်။ နောက် သူတို့ပါတီကတစ်ယောက် တရားရုံးကိုလာပြီးတော့ ငွေတစ်သိန်းပေးဆောင်သွားတယ်လို့ တရားသူကြီးက ပြောတယ်"လို့ ဦးကျော်စိုးလင်းက ပြောပါတယ်။
ဒီမတိုင်မီကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ ဦးညီပုက ပြစ်ဒဏ်ထောင်ဒဏ် ၉ နှစ်၊ ဦးမင်းအောင်က ပြစ်ဒဏ် ၇နှစ် အပြင်၊ ပုဒ်မ ၅၀၅ (ခ) နဲ့ လည်း နှစ်ယောက်လုံးကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံထားရတာပါ၊၊