အိုမီခရွန်ကူးစက်မှု လာမယ့်သီတင်းပတ်အတွင်း အမြင့်ဆုံးဖြစ်မယ်လို့ ခန့်မှန်းမှုတချို့ရှိ

ရေးသားခဲ့သည်။

ပြည်တွင်းမှာ တကျော့ပြန်ကိုဗစ်အဖြစ်ပြန်ဝင်ရောက်လာတဲ့ အိုမီခရွန်ရောဂါကတော့ ကူးစက်မှုမြန်ဆန်တာကြောင့် ဖြစ်ပွားသူဦးရေ တရိပ်ရိပ် မြင့်လာပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့စာရင်းအရ ဖေဖော်ဝါရီ ၁၅ တရက်တည်းမှာတင် ကူးစက်သူ ၂၄၆၇ ယောက်နဲ့ အမြင့်ဆုံးစံချိန် စတင်ခဲ့ပါတယ်။ ဒီကနေ့မှာလည်း ၂၇၀၀ ကျော် ထပ်တိုးလာလို့ ကူးစက်သူ နေ့စဥ် ၂၀၀၀ ကျော်လာတာ နှစ်ရက် ဆက်တိုက် ဖြစ်လာပါပြီ။

အဲဒီမတိုင်ခင်က တစ်ပတ်လောက် ကူးစက်သူ နေ့စဥ် ၁၀၀၀ ကျော်နှုန်း ရှိခဲ့တာပါ။

ဒီစာရင်းအရမဟုတ်ဘဲ ပြင်ပမှာကူးစက်နေသူတွေ နေအိမ်နဲ့ဆေးခန်းတွေမှာ ကုသနေသူ အရေအတွက်ကလည်း ခန့်မှန်းလို့မရတဲ့ အနေအထား ဖြစ်ပြီး တရားဝင်စာရင်းထက် ကူးစက်သူ အများအပြား ရှိနေနိုင်ပါတယ်။

ဆရာဝန်တွေ ကိုယ်တိုင်ကူးစက်ခံရလို့ ဆေးရုံတွေ ယာယီပိတ်

ရန်ကုန်က အစိုးရဆေးရုံကြီးတွေမှာတော့ ကျန်းမာရေးဝန်ထမ်းတွေကိုယ်တိုင် ကိုဗစ်ရောဂါကူးစက်ခံထားရတာကြောင့် ကျန်းမာရေးဌာန ၆ ခုအထိ ခေတ္တပိတ်ထားရပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ နှလုံးဆေးကု၊ ဟော်မုန်းရောဂါအထူးကု၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆေးကု၊ အကြောအဆစ်အထူးကု၊ ကင်ဆာဆေးကုနဲ့ အထွေထွေအထူးကု သမားတော် ဌာနတွေက ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်ကူးစက်ခံနေရတာကြောင့် ရက်သတ္တပတ် အနည်းငယ် ခေတ္တပိတ်ထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်ကလေးဆေးရုံကြီး မှာလည်း ဦးနှောက်နဲ့ အာရုံကြောဌာနကို ယာယီပိတ်ထားပါတယ်။

ရန်ကုန်မျက်စိဆေးရုံကြီးမှာ တော့ အရေးပေါ်လူနာတွေကိုသာ လက်ခံကုသပေးတော့တယ်လို့ သိရပါတယ်။

ကိုဗစ်ကူးစက်မှုကြောင့် အခုလို ဆေးရုံကြီးတွေရဲ့ ဌာနတချို့ယာယီပိတ်တာကြောင့် ဒီဌာနတွေမှာ ပြသနေတဲ့လူနာတွေမှာလည်း အခက်အခဲ ရှိလာတယ်လို့ ဆိုပါတယ်။

ဘာတွေပြင်ဆင်ထားလဲ

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနဘက်ကတော့ လက်ရှိမှာ ရန်ကုန်တိုင်းအတွင်း ကိုဗစ်ကူးစက်မှု တဖန်မြင့်တက်လာတာအတွက် ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းတွေကို အဓိကထား လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အောက်ဆီဂျင်နဲ့ ပတ်သက်ပြီး ပြင်ဆင်ထားမှုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ လေ့ကျင့် သင်ကြားထားတဲ့ အပိုင်းတွေနဲ့ ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းတွေ၊ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု စတာတွေ ပြင်ဆင်ထားပြီး လူနာလက်ခံနိုင်တဲ့အရေအတွက်တွေ ပြည့်မီအောင် ဆောင်ရွက်ပြင်ဆင်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

ရန်ကုန်ပြီးရင် နယ်တွေ ဆက်ဖြစ်နိုင်ခြေရှိတယ်လို့ ခန့်မှန်း

တဖက်မှာလည်း အိုမီခရွန်ကူးစက်မှုဟာဆိုရင် လာမယ့် အပတ်ထဲမှာ ရန်ကုန်မြို့မှာ အမြင့်ဆုံး အခြေအနေကို ရောက်သွားနိုင်ပြီး ရန်ကုန်တိုင်းအတွင်းကနေ တဆင့်နယ်မြို့တွေဆီဘက်မှာ အမြင့်ဆုံးအခြေအနေတွေ ဆက်ဖြစ်မယ်လို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ပါတယ်။

အခု ဖေဖော်ဝါရီ တတိယအပတ်အထိ ရန်ကုန်တိုင်းအတွင်းက ကိုဗစ်လူနာလက်ခံတဲ့ ပုဂ္ဂလိကဆေးရုံ ကြီးတွေမှာပါ လူနာတွေပြည့်နေသလို အဲဒီနောက်မှာတော့ လာမယ့် တစ်လ၊ နှစ်လအတွင်းမှာ အိုမီခရွန်ကူးစက်မှုနှုန်း ပြန်လည်ကျဆင်းသွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

လက်ရှိမှာတော့ ဆေးရုံတွေ စင်တာတွေမှာ လူပြည့်လုနီးပါး ရှိနေပြီဖြစ်ပြီး ကိုဗစ်လူနာတွေကို လက်ခံကုသပေးနေတဲ့ ပုဂ္ဂလိက ဆေးရုံတွေမှာလည်း လူနာတွေ ပြည့်နေပါတယ်။

ကူးစက်မှုထပ်တိုးလာနိုင်ချိန် ဆေးရုံကြီးတချို့ ခုလို ပိတ်ထားရတဲ့အထိ ဖြစ်လာတဲ့နောက် ကိုဗစ်မဟုတ်တဲ့ တခြားလူနာတွေအတွက်လည်း ရောဂါကုသရေးအခက်အခဲတွေ ရှိလာနေပါတယ်။

လက်ရှိမှာလည်း ပြည်တွင်းမှာအာဏာသိမ်းမှုဖြစ်စဉ်ပြီးတဲ့နောက်ပိုင်းမှာ ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုတွေ ဆက်ဖြစ်နေတဲ့အချိန် အစိုးရဆေးရုံတွေ အခုလို ပိတ်ထားချိန်မှာလည်း ကျွမ်းကျင်မှုအလိုက် ကုသရေးမှာလည်း ဝန်ထမ်းမျှတထားပေးဖို့ ခက်တာကြောင့် လူနာတွေအနေနဲ့ ပုဂ္ဂလိကကုသမှုအပိုင်းကိုပဲ အားထားရမယ်လို့ ဆရာဝန်ကြီးတွေက သုံးသပ်ပါတယ်။

အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်ဟာ ကူးစက်ပိုမြန်ပြီး ရောဂါလက္ခဏာ မပြင်းထန်ဘူး ဆိုပေမဲ့လည်း လုံးဝပေါ့ဆလို့မရဘဲ ကျန်းမာရေးစောင့်ရှောက်မှု ဂရုတစိုက်ခံယူဖို့လိုတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းက ထောက်ပြပြောဆိုကြပါတယ်။