ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကာဘူးလ်လေဆိပ်မှာ နောက်တစ်ကြိမ်တိုက်ခိုက်မှုဖြစ်လာနိုင်တယ်လို့ သမ္မတ ဘိုင်ဒန်ပြော
အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်က ဟာမစ်ကာဇိုင်းလေဆိပ်မှာ ဒီနေ့ တနင်္ဂနွေနေ့ မှာ နောက်ထပ်တိုက်ခိုက်မှု ဖြစ်လာနိုင်ချေမြင့်တယ်လို့ တပ်မှူးတွေက ပြောထားတယ် ဆိုပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောလာပါတယ်။
တိကျခိုင်လုံတဲ့ခြိမ်းခြောက်မှုရှိနေတာကြောင့် လေဆိပ်နားကို မသွားဖို့ အမေရိကန်နိုင်ငံသား တွေအားလုံးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်တွေ ဆက်လုပ်နေပေမဲ့ ဗြိတိသျှ တပ်သားတွေ၊ သံတမန်တွေနဲ့ အရာရှိတွေကတော့ ကာဘူးလ်ကနေ အကြာခင်လေးတင်ကပဲ ထွက်ခွါသွားပြီဖြစ်ပါတယ်။
လေဆိပ်အနီးမှာ ကြာသပတေးနေ့တုန်းက ဖြစ်ခဲ့တဲ့ အသေခံဗုံးဖောက်ခွဲမှုကြောင့် လူ ၁၇၀ နီးပါးဆုံးပါးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တာဆိုပြီး အိုင်အက်စ်အဖွဲရဲ့ အာဖဂန်အဖွဲ့ခွဲ IS-K အဖွဲ့က ပြောထားပါတယ်။
ဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဟာ အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ မောင်းသူမဲ့ဒရုန်းလေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပြီး IS-K အဖွဲ့ထဲမှာ အရာရောက်သူ ၂ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီလူ ၂ ဦးဟာ အဖွဲ့ပေါ်လာဖို့အစီအစဉ်ဆွဲသူနဲ့ ညှိနှိုင်းဆောင်ရွက်သူလို့ ဖော်ပြခံရပြီး ကာဘူးလေဆိပ်တိုက်ခိုက်မှုအတွက် စီမံရာမှာ တိုက်ရိုက်ပါဝင်ပတ်သက်လားဆိုတာ ရှင်းရှင်းလင်းမသိရသေးပါဘူး။
''အဲဒီလေကြောင်းတိုက်ခိုက်မှုက နောက်ဆုံးအကြိမ်မဟုတ်ပါဘူး။ ရွံရှာစက်ဆုပ်ဖွယ် ဒီတိုက်ခိုက်မှုမှာပါတဲ့သူ ဘယ်သူကိုမဆို ကျွန်တော်တို့ မြေလှန်ရှာပါမယ်။ ပြန်လည်းပေးဆပ်ခိုင်းမယ်။''လို့ သမ္မတဘိုင်ဒန်က စနေ့နေ့တုန်းက ထုတ်ပြန်တဲ့ကြေညာချက်တစ်စောင်မှာပြောထားပါတယ်။
IS-K ဟာ အာဖဂန်နစ္စတန်နိုင်ငံထဲက ဘာသာရေးအစွန်းရောက်စစ်သွေးကြွအုပ်စုတွေထဲမှာ အစွန်းအရောက်ဆုံးအဖွဲ့ဖြစ်ပြီး နိုင်ငံ့နေရာတော်တော်များများကို ထိန်းချုပ်ထားတဲ့ တာလီဘန် လက်နက်ကိုင်တွေနဲ့လည်း မတူကွဲပြားပါတယ်။ သူတို့အဖွဲ့ကတော့ တာလီဘန်တွေဟာ အမေရိ ကန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ စစ်မြေပြင်ကို စွန့်လွှတ်သူတွေလို့ စွပ်စွဲပြောဆိုထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုကိုတော့ တာလီဘန်အဖွဲ့က ရှုတ်ချထားပြီး အမေရိကန်တွေအနေနဲ့ သူတို့နဲ့ အရင်တိုင်ပင်သင့်ခဲ့တယ်လို့ တာလီဘန်ပြောခွင့်ရတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။
ကာဘူးလ်ကနေ အာဖဂန်ပြည်သူတွေကို ကယ်ထုတ်နေတဲ့ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် ကိစ္စတွေ စတင်ချိန်ကတည်းကဆိုရင် လာမယ့်ရက်ပိုင်းဟာ အန္တရာယ်အမြင့်ဆုံး ဖြစ်တယ်လို့ အိမ်ဖြူတော် အရာရှိတွေက ပြောထားပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်အတွင်း တပ်သား ၅၀၀၀ လောက်ရှိခဲ့တဲ့ လေဆိပ်မှာလည်း အမေရိကန်တပ်ဖွဲ့ တွေဟာ ရုပ်သိမ်းဆုတ်ခွါမှု စတင်ပြီစြဖ်ပါတယ်။
လေဆိပ်ထဲက ကယ်ဆယ်ရေးလုပ်ငန်းစဉ် ဘယ်အချိန်အဆုံးသတ်မယ်ဆိုတာ မဆုံးဖြတ်ရသေးပေမဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ ပြန်ရုပ်သိမ်းတဲ့နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ အနောက်နိုင်ငံလုံခြုံရေးအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အဲဒီမှာ လေယာဉ်နဲ့ကယ်ထုတ်ရမယ့် အရပ်သား ၁၀၀၀ ကျော်ပဲ ရှိတော့တယ်လို့လည်း အဲဒီအရာရှိက ပြောပါတယ်။
အမေရိကန်တွေဆီက နောက်ဆုံးခေါင်းညိတ်အချက်ပြမှုရတာနဲ့ တာလီဘန်နည်းပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေက လေဆိပ်ကို လက်လွှဲပြောင်းယူဖို့ အသင့်ပဲဆိုပြီးတော့လည်း တာလီဘန် ခေါင်းဆောင်တစ်ဦးက ပြောထားပါတယ်။
တာလီဘန်တွေဟာ လေဆိပ်ပတ်ဝန်းကျင်မှာ စစ်ဆေးရေးဂိတ် အဆင့်ဆင့်ကို ထပ်ချထားသလို အာဖဂန်အများစုကို ဖြတ်သန်းသွားလာခွင့်မပြုထားဘူးလို့ AP သတင်းဌာနက သတင်းဖော်ပြပါတယ်။
အခုဆိုရင် ပြီးခဲ့တဲ့သီတင်း ၂ ပတ်ကျော်ကတည်းကစတဲ့ ရွှေ့ပြောင်းကာဘူးလ်လေဆိပ်ကနေ ကယ်ဆယ်ရေး လေကြောင်းခရီးစဉ်တွေကနေတဆင့် အာဖဂန်နဲ့ ပြည်ပနိုင်ငံသားအများစုပါတဲ့ ၁၁၀,၀၀၀ ကျော်ကို ကယ်ထုတ်ထားပြီးဖြစ်ပါတယ်။
စနေနေ့တုန်းကတော့ အာဖဂန်နစ္စတန်ကနေပျံတက်သွားတဲ့ အီတလီရဲ့ နောက်ဆုံး ကယ်ဆယ် ရေးလေယာဉ်ဟာ ရောမမြို့ကိုရောက်ပြီဖြစ်ပါတယ်။ အီတလီကတော့ ကာဘူးလ်ကနေ အာဖဂန် နိုင်ငံသား ၅၀၀၀ နီးပါးကို ကယ်ထုတ်ခဲ့တယ်လို့ ဆိုတာကြောင့် ဒါဟာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေထဲမှာ အများဆုံးကယ်ထုတ်မှုဖြစ်ပါတယ်။
ပြင်သစ်ကတော့ သြဂုတ်လ ၁၇ ရက်ကတည်းက လူပေါင်း ၂၈၀၀ ကျော်ကို ကယ်ထုတ်ခဲ့တယ် လို့ပြောသလို ဂျာမနီကတော့ အာဖဂန် ၄၀၀၀ နီးပါးကို ခေါ်ယူခဲ့တယ်လို့ပြောပါတယ်။
ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတို့ကတော့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်အထောက်အကူဖြစ်စေဖို့ ဘေးကင်းဇုန်တစ်ခုကို ကာဘူးလ်မြို့မှာ သတ်မှတ်ပေးဖို့ ကုလသမဂ္ဂကို တိုက်တွန်း သွားမယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။
အဲဒီအစီအစဉ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လူသားချင်းစာနာမှုတွေ ဆက်လုပ်ခွင့် ရှိစေမှာဖြစ်ပြီး တာလီဘန်တွေကိုလည်း ဖိအားပေးမှု ဆက်ထိန်းထားနိုင်မယ်လို့ သမ္မတက ပြောပါတယ်။
တာလီဘန်အဖွဲ့က ကာဘူးလ်မြို့ကို သြဂုတ်လ ၁၅ ရက်မှာ ထိန်းချုပ်လိုက်ပြီးကတည်းက အကူအညီပေးရေးအလှူရှင်တွေက ရန်ပုံငွေတွေကို ထုတ်ယူလွှဲပြောင်းလို့ မရအောင်လုပ်လိုက် တာ၊ ထိတ်ထိတ်ပြာပြာဖြစ်နေတဲ့ငွေအပ်သူတွေက ဘဏ်တွေကနေ ငွေတွေကို ထုတ်ယူနေတာ တွေကြောင့် အာဖဂန်စီးပွားရေးဟာ အဟန့်အတားမရှိ ဆက်ကျဆင်းနေပါတယ်။
စနေနေ့တုန်းကတော့ မြို့တော် ကာဘူးလ်က ဘဏ်တွေအရှေ့မှာ ဆန္ဒပြလူအုပ်တွေ စုဝေးခဲ့ကြ ပါတယ်။
''ဒီအခြေအနေဆက်သွားနေမယ်၊ အစိုးရဝန်ထမ်းတွေလည်း လစာ မရဘဲရှိမယ်၊ စီးပွားရေး လုပ်သူတွေကလည်း ကုန်သွယ်ဖို့ ဘဏ်ကနေ ပိုက်ဆံမထုတ်နိုင်ဖြစ်မယ်ဆိုရင် ရလဒ်ဟာ အတော်လေးဆိုးရွားနိုင်ပါတယ်။ လူမှုအဖွဲ့အစည်းအတွင်းမှာလည်း ဆင်းရဲမွဲတေမှု ရှိလာမယ်။ ဘယ်သူမှ ဒီပြဿနာကို မဖြေရှင်းနိုင်ဘူး'' လို့ ဆန္ဒပြသူအမျိုးသားတစ်ဦးက ပြောပါတယ်။