လွတ်မြောက်ဖို့ကြိုးစားရင်း လေယာဉ်ကနေ ပြုတ်ကျသေဆုံးခဲ့သူ အာဖဂန်ဘောလုံးသမားငယ်

ရေးသားခဲ့သည်။

အာဖဂန်လူငယ်ဘောလုံးသမားတစ်ဦးဟာ ကာဘူးလ်မြို့လေဆိပ်ကနေ ထွက်ခွါတဲ့ အမေရိကန် စစ်ဘက်လေယာဉ်တစ်စင်းပေါ်မှာ ခိုလိုက်ပါဖို့ ကြိုးစားရင်း ပြုတ်ကျသေဆုံးခဲ့တယ်ဆိုပြီး အာဖဂန်နစ္စတန် အာဏာပိုင်တွေက အတည်ပြုပြောဆိုလာပါတယ်။

အသက် ၁၉ နှစ်အရွယ် ဇာခီ အန်ဝါရီဟာ အာဖဂန်လူငယ်အမျိုးသားဘောလုံးအသင်းအတွက် ကစားခဲ့သူဖြစ်ပါတယ်။

သူ ဘယ်တုန်းက သေဆုံးခဲ့တယ်ဆိုတဲ့နောက်ထပ်အချက်အလက်အသေးစိတ်တော့ မသိရှိ ရသေးပါဘူး။

တာလီဘန်လက်နက်ကိုင်တွေက အာဖဂန်နစ္စတန်နိုင်ငံကို ပြန်လည်သိမ်းပိုက်လိုက်ကတည်းက ထောင်နဲ့ချီတဲ့ အာဖဂန်လူထုဟာ အနောက်နိုင်ငံတွေက သူတို့ရဲ့နိုင်ငံသားတွေနဲ့ အာဖဂန် လုပ်ဖော်ကိုင်ဖက်တွေကို အပူတပြင်းရွှေ့ပြောင်းဖို့ ကြိုးစားနေတဲ့ ကာဘူးလ်မြို့က လေဆိပ်ကို တိုးဝှေ့ရောက်ရှိနေကြတာဖြစ်ပါတယ်။

တနင်္လာနေ့(သြဂုတ်လ ၁၆ ရက်)တုန်းကထွက်လာတဲ့ရုပ်သံတွေမှာဆိုရင် ရာနဲ့ချီတဲ့လူတွေဟာ လေယာဉ်ပြေးလမ်းပေါ်ပြေးနေပြီဖြစ်တဲ့ အမေရိကန်လေတပ်လေယာဉ် တစ်စင်းနောက်ကို အပြေးလိုက်နေကြတာကို တွေ့ရပါတယ်။ တချို့ဆိုရင် လေယာဉ်ဘေးဘက်ကို တွယ်ကပ်နေ တာကိုတောင်မြင်ခဲ့ရပါတယ်။

အဲဒီလေယာဉ် ပျံအတက်မှာ လူ ၂ ဦးထက်မနည်း ပြုတ်ကျသေဆုံးခဲ့တယ်လို့ အာဖဂန် မီဒီယာတွေက သတင်းဖော်ပြပါတယ်။ ကာတာကို အဲဒီလေယာဉ် ဆင်းသက်တဲ့အခါ ပြေးလမ်းပေါ်လေယာဉ်အဆင်း ဘီးချတဲ့နေရာမှာ လူ့ကိုယ်ခန္ဓာအစိတ်အပိုင်း အကြွင်းအကျန်တွေကို တွေ့ခဲ့ရတယ်လို့လည်း အမေရိကန်လေတပ်က အတည်ပြုပါတယ်။

အာဖဂန်အားကစားနဲ့ကာယပညာညွှန်ကြားမှုဦးစီးဌာနကတော့ မစ္စတာ အန်ဝါရီအတွက် ဝမ်းနည်းကြောင်းစာကို ဖေ့ဘွတ်ခ်မှာ တင်ထားပါတယ်။

''သူ ကောင်းကင်ဘုံမှာငြိမ်းချမ်းပါစေ။ ကျန်ရစ်သူမိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ကစားဖော်ကစားဖက်တွေ အတွက်လည်း ဘုရားသခင်ဆီမှာ ဆုတောင်းပေးနေပါတယ်'' ဆိုတဲ့စာကို အဲဒီဌာနက တင်ထားတာပါ။

တခြားလူတွေကလည်း လူမှုကွန်ယက်မှာ သူ့အတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုနေ ကြပါတယ်။

လူမှုကွန်ယက် အင်စတာဂရမ် သုံးသူတစ်ယောက်က ဆိုရင် '' သူ့ရဲ့နုတ်ဆက်ထွက်ခွါမှုက တကယ့်ကို ဝမ်းနည်းစရာပါပဲ။ မင်းအတွက် အမှတ်တရတွေကို ဆက်ပြီး သတိရနေမှာပါ'' လို့ ရေးထားတာတွေ့ရပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်က ခါဇိုင်းနိုင်ငံတကာလေဆိပ်ကို အမေရိကန်တပ်သား ၄,၅၀၀ နီးပါးက ယာယီ ထိန်းချုပ်ထားပါတယ်။

တာလီဘန်လက်နက်ကိုင်တွေကလည်း ခရီးသွားစာရွက်စာတမ်းပြည့်ပြည့်စုံစုံမရှိသူတွေကို လေဆိပ်ထဲဝင်ခွင့် မပေးဘဲ ပိတ်ဆို့နေပါတယ်။ ဒီအခြေအနေမှာ တရားဝင် ခွင့်ပြုချက် စာရွက်စာတမ်းရှိသူတွေတောင် ခက်ခဲနေတာဖြစ်ပါတယ်။

လေဆိပ်မှာ ကသောင်းကနင်းမြင်ကွင်းတွေထွက်လာပေမဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အာဖဂန်နစ္စတန်နိုင်ငံထဲကနေ အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းတာနဲ့ပတ်သက်လို့ ခုခံပြောဆိုထားပါတယ်။

မစ္စတာ ဘိုင်ဒန်ကတော့ အမေရိကန်တပ်ဖွဲ့တွေဟာ အဲဒီကရွှေ့ပြောင်းနေရာချမှုတွေကို ဆက်ကူညီဖို့ တာလီဘန်တွေနဲ့ သဘောတူညီထားတဲ့အတိုင်း တပ်တွေကို သြဂုတ်လ ၃၁ ရက် နောက်ဆုံးထားရုပ်သိမ်းထွက်ခွါမယ့်ကနဦးအစီအစဉ်ကို ကျော်လွန်ပြီး အာဖဂန်မှာ ဆက်နေကောင်း နေရလိမ့်မယ်လို့ ပြောထားပါတယ်။