ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖိလစ်မင်းသားကြီးနဲ့ မိသားစု - အပြင်ပန်း မာကျောပုံရပေမဲ့ မိသားစုကို ချစ်တတ်တဲ့ ဖိလစ်
ဒုတိယမြောက် အဲလစ်ဇဘက်ဘုရင်မကြီး နန်းတက်တဲ့နေ့မှာ ဘုရင်မကြီး ရှေ့မှောက် ပထမဆုံး သစ္စာကျိန်ဆိုခဲ့တဲ့ ပုဂ္ဂိုလ်က အီဒင်ဘာရာ မြို့စားကြီး ဖြစ်ပါတယ်။
ကြင်ယာတော် အဲလစ်ဇဘက် ဘုရင်မကြီးဟာ သူ့ရဲ့ ဥသျှောင်အရှင်သခင် ဖြစ်လာခဲ့ပြီမို့ မင်းသားကြီး ဖိလစ်ဟာ လူမြင်ကွင်းမှာ ဘုရင်မကြီးကို အရာရာ ရှေ့တန်းတင် ဦးစားပေးတာ တွေ့ရမှာပါ။
ဒါပေမဲ့ ပုဂ္ဂလိက မိသားစုကိစ္စတွေမှာတော့ ဒီလိုမဟုတ်ပါဘူး။ တော်ဝင်မိသားစုကို ကုမ္ပဏီ တစ်ခုအဖြစ် ခိုင်းနှိုင်းပြောရရင် ဘုရင်မကြီးဟာ စီမံခန့်ခွဲရေး ဒါရိုက်တာ အနေနဲ့ ရှိမှာ ဖြစ်ပြီး ဥက္ကဋ္ဌ ဖြစ်တဲ့ သူ့ကို မတိုင်ပင်ဘဲ ဘာဆုံးဖြတ်ချက်မှ ချမှာ မဟုတ်ဘူးလို့ မင်းသားကြီး ဖိလစ်က အမြဲပြောလေ့ ရှိပါတယ်။
မင်းသားကြီး ဖိလစ်ရဲ့ ချစ်ခင်ကြင်နာမှု အတိုင်းအတာနဲ့ ပတ်သက်လို့ သူ့သားသမီးတွေမှာ မတူကွဲပြားတဲ့ အမြင်တွေ ရှိကြပါတယ်။ သူဟာ တစ်ယူသန်၊ အာဏာရှင်ဆန်တဲ့ပုံမျိုး ပေါက်ပေမဲ့ မိသားစုအပေါ်မှာ အရမ်းကို တန်ဘိုးထားသူ ဖြစ်ပါတယ်။ အထူးသဖြင့် သားသမီးတွေအပေါ်မှာပါ။
သားသမီးတွေက သူ့ကို ချစ်ကြသလို သူကလည်း သားသမီးတွေကို ချစ်တယ် လို့ ကွယ်လွန်သူ Mountbatten of Burma မြန်မာပြည်ဆိုင်ရာ မောင့်ဘက်တန် မြို့စားကတော်ကြီးက စာရေးဆရာ ဂျိုင်းလ်ဇ် ဘရန်ဒရက်သ် ကို ပြောခဲ့ဖူးပါတယ်။
"သားသမီးတွေ ငယ်ငယ်တုန်းက ဖိလစ်ဟာ သားသမီးတွေအပေါ် အရမ်းကို ကောင်းခဲ့တဲ့ ဖခင်ကောင်းတစ်ဦး ဖြစ်ခဲ့တယ်ဆိုတာ မေးစရာတောင် မလိုပါဘူး"လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း မင်းသားကြီး ဖိလစ်ဟာ သူ့ဘဝ ရှင်သန်ဖို့ အတွက် လက်တွေ့ကျကျ တွေးခေါ်မြော်မြင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးစိတ် ထားတတ်လာခဲ့ပါတယ်။
ဥရောပက တော်ဝင်နန်းလျာမိသားစု အများစုနဲ့ အမျိုးတော်စပ်နေပေမဲ့ ဖိလစ်ရဲ့ ငယ်စဉ်ဘဝဟာ သာမန်လူတစ်ဦးအနေနဲ့ ဖြတ်သန်းလာခဲ့ရတယ်လို့ ဆိုရမှာပါ။ အရပ်ထဲမှာ ပြောကြတဲ့ ဇာတ်လမ်းတွေအရတော့ ဖိလစ်ကို ဂရိနိုင်ငံ ကော်ဖူးကျွန်းမှာ ထမင်းစားစားပွဲတစ်ခုပေါ်မှာ မွေးခဲ့တာလို့ ဆိုကြပါတယ်။
ဖိလစ် ရင်ခွင်ပိုက်အရွယ်လောက်မှာပဲ သူ့ဖခင် ဂရိနိုင်ငံထဲကနေ နှင်ထုတ်ခံခဲ့ရတဲ့အတွက် ဖိလစ်လေးကို လိမ်မော်ရောင်ဗူးနဲ့ လုပ်ထားတဲ့ ခေါက်ကုတင်လေးထဲမှာ ထည့်ပြီး ဗြိတိသျှသင်္ဘောကြီးနဲ့ ဂရိနိုင်ငံကနေ ထွက်ခွာခဲ့ကြရပါတယ်။
သူ့မိခင်မှာ စိတ်ရောဂါ ရလာခဲ့ပြီး ဖခင်ကတော့ နောက်မိန်းမတစ်ယောက်နဲ့ ပြင်သစ်နိုင်ငံ တောင်ပိုင်းမှာ သွားအခြေချခဲ့ပါတယ်။
မင်းသား ဖိလစ်ဟာ သူ့ငယ်စဉ် ကလေးဘဝကို စည်းကမ်းတင်းကြပ်လွန်းလှတဲ့ ဘော်ဒါကျောင်းတွေနဲ့ ဆွေမျိုးတွေအိမ်မှာ တလှည့်စီ နေခဲ့ရပါတယ်။
သားဖြစ်သူ ချားလ်စ်နဲ့ အဆင်မပြေ
သူ့မိသားစုထဲမှာ တစ်ဦးတည်းသော သားယောက်ျားလေး ဖြစ်တဲ့ ဖိလစ်ဟာ သူ့အထက်က အစ်မကြီး လေးယောက်နဲ့ အရမ်းချစ်ကြပါတယ်။ ၁၉၃၇ ခုနှစ်မှာ အစ်မတွေထဲက တစ်ဦးဖြစ်တဲ့ ဆက်ဆီလီ လေယာဉ်ပျက်ကျ ကွယ်လွန်ခဲ့ချိန်မှာ ဖိလစ် အကြီးအကျယ် ယူကြုံးမရ ဖြစ်ခဲ့ရပါတယ်။
ငယ်စဉ်က ပြန်စရာအိမ်ရယ်လို့ မရှိခဲ့တဲ့ ဖိလစ်ဟာ ကျောင်းအားလပ်ရက်တွေမှာဆိုရင် စကော့တလန်ပြည်နယ် တောင်ပိုင်းက စည်းကမ်းတင်းကျပ်တဲ့ ဂေါ်ဒန်စတန် ယောက်ျားလေး ဘော်ဒါကျောင်းမှာပဲ နေနေခဲ့ရပြီး အားကစားဘက်မှာရော ကျောင်းစာဘက်မှာပါ တစ်ပြေးညီ ထူးချွန်ခဲ့ပါတယ်။
အဲဒီမှာနေရင်း သူဟာ ကိုယ့်ကိုယ်ကိုယ်အားကိုးတတ်တဲ့စိတ်၊ မာကျောတဲ့ သံမဏိစိတ်၊ လက်တွေ့ကျတဲ့ စိတ်တွေ မွေးတတ်လာခဲ့ပြီး အဲဒီစိတ်တွေကြောင့်ပဲ နောက်ပိုင်းမှာ သူ့ရဲ့သားကြီး ချားလ်စ်နဲ့ အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။
ဂေါ်ဒန်စတန် ဘော်ဒါကျောင်းက စိန်ခေါ်မှုအခြေအနေတွေက အားကိုးရာမဲ့ ဖိလစ်အတွက် ဘဝရှင်သန်ဖို့ အထောက်အကူ ဖြစ်ခဲ့ပေမဲ့ စိတ်ထိခိုက်လွယ်တဲ့ ချားလ်စ်အတွက်ကတော့ အကြီးအကျယ် အနေရကျပ်စေခဲ့ပါတယ်။ ငယ်စဉ်က ဖခင်နဲ့ အနီးကပ် မနေခဲ့ဖူးတဲ့ မင်းသားကြီး ဖိလစ်ဟာ သူ့ရဲ့သားကို ကောင်းစေချင်တဲ့ စိတ်နဲ့ စည်းကမ်း တင်းကျပ်တဲ့ နည်းကိုသုံးပြီး မာမာထန်ထန် ဆက်ဆံခဲ့ပါတယ်။
ချားလ်စ်ရဲ့ အထုပ္ပတ္တိစာအုပ် ရေးခဲ့တဲ့ ဂျော်နသန် ဒင်ဘယ်လ်ဘီ က မင်းသားကြီး ဖိလစ်ကို တစ်ယူသန် တစ်ဇွတ်ထိုးသမားကြီးတစ်ဦးအဖြစ် ပုံဖော်ရေးသားခဲ့ပါတယ်။ ဖိလစ်ဟာ သားဖြစ်သူကို အိမ်ထောင်ပြုဖို့ အတင်းဖိအားပေးခဲ့ပြီး တော်ဝင်မိသားစုဘဝရဲ့ လက်တွေ့ကျတဲ့ အမြင်တွေကို သူ့သားရဲ့ ခေါင်းထဲ ရိုက်သွင်းဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
အမြင်မတူတဲ့ သဘောထားတွေကြောင့် သားအဖ နှစ်ဦးစလုံး ထိခိုက်ခံစားခဲ့ကြရပါတယ်။ မင်းသားကြီး ဖိလစ်က "ငါက စိတ်ကူးမယဉ်တတ်တော့ ငါ့မှာ ခံစားချက်မရှိဘူးလို့ ထင်ကြတယ်"လို့ မကြေမနပ် ပြောခဲ့ဖူးပါတယ်။
နက်ရှိုင်းတဲ့ နားလည်မှု
မြို့စားကြီး ဖိလစ်ဟာ "သူ့အပေါ် လူထုက ဘယ်လိုမြင်မြင်၊ သူကတော့ သူလုပ်စရာ ရှိတာ လုပ်သွားမယ်" ဆိုတဲ့ သဘောထားနဲ့ပဲ ပြဿနာအများစုကို ရင်ဆိုင်ခဲ့တာပါ။ကျန်တဲ့ သားသမီးတွေနဲ့ ဆက်ဆံရေးကတော့ ပိုပြီး ချောချောမွေ့မွေ့ ဖြစ်ခဲ့ပါတယ်။ ဒုတိယသားတော် ယော့ခ်မြို့စား မင်းသား အင်ဒရူးက သူ့လိုပဲ ရေတပ်မှာ တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ပြီး မာကျောတဲ့ ဘဝအမြင် ရှိသူ ဖြစ်ပါတယ်။
အငယ်ဆုံးသားတော် မင်းသား အက်ဒွက် တော်ဝင် ရေတပ်ကနေ ထွက်ခဲ့ချိန်မှာ အဲဒီတုန်းက အများ ထင်ကြေးပေး ပြောခဲ့ကြသလောက်တော့ မိသားစုတွင်း အကြီးအကျယ် စိတ်ဝမ်းကွဲ စကားများတာတွေ မဖြစ်ခဲ့ပါဘူး။
တကယ်တမ်းမှာ တော်ဝင်ရေတပ်က ထွက်အပြီးမှာ မင်းသား အက်ဒွက်ဟာ သူ့ဖခင် တည်ထောင်ထားတဲ့ အီဒင်ဘာရာမြို့စားဆု စီမံကိန်းမှာ ကိုယ်ရောစိတ်ပါ နှစ်ပြီး ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် အဖေနဲ့ သား ပိုလို့တောင် ချစ်ခင်ရင်းနှီးလာခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း တခြားသူ အများစုလိုပဲ အက်ဒွက်ဟာ သူ့အဖေကို ဆက်ပြီး ချစ်ကြောက် ရိုသေနေဆဲပါ။
သမီးတော် မင်းသမီး အန်းကတော့ သူ့ဖခင်နဲ့ စိတ်နေသဘောထား တူသူ ဖြစ်ပါတယ်။ အိမ်ရှေ့မင်းသမီး အန်းဟာ သူ့စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောလေ့ ရှိသူ ဖြစ်ပြီး ဖခင်နဲ့ သမီးအကြား တစ်ဦးကို တစ်ဦး နက်နက်ရှိုင်းရှိုင်း နားလည်မှု ရှိကြပါတယ်။
ဒါပေမဲ့လည်း တစ်ခါတလေမှာတော့ သူတို့နှစ်ဦး ဆွေးနွေးပြောဆိုတဲ့ အခါမျိုးမှာ "ဘာမှ ပြန်ငြင်းမနေဘဲ ရေငုံနှုတ်ပိတ်နေတာ အကောင်းဆုံးပဲ" ဆိုတာကို မင်းသမီး အန်း သဘောပေါက်ခဲ့ရပါတယ်။
မြို့စားကြီး ဖိလစ်ဟာ သူ့ရဲ့ အိမ်ထောင်သက် နှစ်ပေါင်းများစွာအတွင်း လူမြင်ကွင်းမှာ အိမ်ထောင်ဖက် ကြင်ယာတော် ဘုရင်မကြီးအပေါ် မနားမနေ အားပေးကူညီ၊ ပူးပေါင်း ဆောင်ရွက်ခဲ့ပေမဲ့ သားသမီးတွေက သူ့နဲ့ စိတ်ညီလက်ညီ မရှိကြတဲ့အတွက် သူစိတ်ပျက်မယ်ဆိုလည်း နားလည်နိုင်ပါတယ်။
စိတ်ထိခိုက်ခံစားမှု
ဒါပေမဲ့လည်း မြို့စားကြီး ဖိလစ်ဟာ သူ့နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ချွေးမတော် ဝေလမင်းသမီး ဒိုင်ယာနာအပေါ် ထောက်ခံအားပေးခဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ်။ ယောက္ခမဖြစ်သူ မြို့စားကြီး ဖိလစ်ကို ရေးခဲ့တဲ့ စာတွေထဲမှာ "ချစ်ရတဲ့ ဖေကြီး"လို့ အစချီ ရေးထားတဲ့ ဒိုင်ယာနာမင်းသမီးရဲ့ စာတွေကို ဒိုင်ယာနာသေဆုံးမှု အမှုဖွင့် စုံစမ်းစဉ်အတွင်း လူထုကို ဖော်ပြခဲ့တာပါ။
ဝေလမင်းသား ချားလ်စ်နဲ့ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေချိန် ၁၉၉၂ ခုနှစ်က ရေးခဲ့တဲ့ စာတွေထဲမှာ မြို့စားကြီး ဖိလစ်က ဒိုင်ယာနာ မင်းသမီးအပေါ် အကြီးအကျယ် စာနာသနားစိတ် ဖြစ်နေတဲ့ပုံ တွေ့ရပြီး အိမ်ထောင်ရေး မပြိုကွဲအောင် သူကြိုးစားပေးဖို့ စိတ်ဆန္ဒပြင်းပျခဲ့တယ် ဆိုတာကို အလေးအနက် ဖော်ပြနေပါတယ်။
စာတစ်စောင်မှာဆိုရင် "သမီးနဲ့ ချားလ်စ်အတွက် အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကူညီပေးသွားပါ့မယ်"လို့ မင်းသားကြီး ဖိလစ်က ရေးထားတာ တွေ့ရပါတယ်။ "ဒါပေမဲ့ အိမ်ထောင်ရေးကိစ္စ ကြားဝင်ညှိပေးနိုင်တဲ့ အတတ်ပညာတော့ ငါ့မှာ မရှိဘူးဆိုတာ ဝန်ခံထားပါရစေနော်" လို့လည်း ဆက်ရေးထားပါတယ်။
မင်းသမီး ဒိုင်ယာနာရဲ့ စျာပန အခမ်းအနားမှာ အခေါင်းနောက်ကနေ လမ်းလျှောက်လိုက်ဖို့ ဒိုင်ယာနာရဲ့ သားနှစ်ယောက်က တွန့်ဆုတ်နေချိန်မှာလည်း ဒိုင်ယာနာအပေါ် ချစ်ခင်သနားတဲ့ မင်းသားကြီး ဖိလစ်ရဲ့ စိတ်ခံစားမှုကို အလားတူ တွေ့ခဲ့ရပါတယ်။
ဒိုင်ယာနာရဲ့ အခေါင်းနောက်ကနေ လမ်းလျှောက်လိုက်ဖို့ အစီအစဉ် မရှိခဲ့တဲ့ မင်းသားကြီး ဖိလစ်က သူ့မြေး မင်းသား ဝီလျံကို " အဲဒီလို မလျှောက်ဘူး ဆိုရင် နောက်ပိုင်းမှာ မင်း နောင်တရ မဆုံး ဖြစ်လိမ့်မယ်။ တကယ်လို့ အဖိုးလျှောက်ရင် မင်းလိုက်လျှောက်မလား" လို့ ဆိုပြီး တိုက်တွန်းပြောခဲ့ပါတယ်။
မိဘတွေအနားမှာ မရှိဘဲ ကြီးပြင်းခဲ့ရတဲ့ ဖိလစ်ဟာ ကြင်ယာတော် အဲလစ်ဇဘက် ဘုရင်မကြီးနဲ့ အိမ်ထောင်ကျတော့မှ သူအရင်က မကြုံခဲ့ရဖူးတဲ့ တည်ငြိမ်မှုကို ရခဲ့ပါတယ်။
ကလေးဘဝကနေ ဖြစ်ပေါ်လာခဲ့ရတဲ့ ကိုယ့်ကိုယ်ကိုယ် အားကိုးခဲ့ရတဲ့ စိတ်၊ လက်တွေ့ကျကျ ပြုမူလုပ်ကိုင်မှုတွေကြောင့် သူ့မှာ စိတ်ခံစားချက် မရှိဘူးဆိုတဲ့ ပုံမျိုး တစ်ခါတလေ တွေ့ရတတ်ပါတယ်။ ဒါပေမဲ့လည်း သူ့နဲ့ နီးစပ်သူတွေကတော့ ဒါဟာ မမှန်ပါဘူးလို့ အခိုင်အမာ ပြောခဲ့ကြပါတယ်။
"ဖိလစ်နဲ့ အဲလစ်ဇဘက်၊ တော်ဝင်အိမ်ထောင်ရေးတစ်ခုရဲ့ ပုံတူဇာတ်လမ်းအကြောင်း" ဆိုတဲ့ စာအုပ်ကို ရေးခဲ့တဲ့ စာရေးဆရာ ဂျိုင်းလ်စ် ဘရန်ဒရက်ဒ်က မင်းသားကြီး ဖိလစ်ကို သူ့သားသမီးတွေနဲ့ အဆင်မပြေ ဖြစ်ခဲ့တဲ့ အကြောင်းတွေကို မေးမြန်းခဲ့ဖူးပါတယ်။
"ဒို့တွေက မိသားစုတစ်စုပဲလေ။ ဘာများ မျှော်လင့်ထားလို့လဲ" လို့ မင်းသားကြီး ဖိလစ်က ပြန်ဖြေခဲ့ပါတယ်။
ဓာတ်ပုံများအားလုံးတွင် မူပိုင်ခွင့် ရှိပါသည်။