ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၁ မြန်မာစစ်အာဏာသိမ်း - ကမ္ဘာတဝန်းက မြန်မာတွေစစ်ကောင်စီကို ကန့်ကွက် ဆန္ဒပြ
မတ်လ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ တော်လှန်ရေးနေ့ အထိမ်းအမှတ် အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာ နိုင်ငံသားတွေက စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ သြစတြီးယား၊ နော်ဝေ၊ အီတလီနဲ့ ဘယ်လ်ဂျီယံ၊ အမေရိကန်နိုင်ငံတွေ အပါအဝင် ဥရောပနိုင်ငံတွေနဲ့ အာရှတိုက်က နိုင်ငံတွေမှာ ကန့်ကွက်ဆန္ဒပြပွဲတွေ၊ စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးခဲ့ရသူတွေ အတွက် ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကောင်စီကို ဖိအားပေးဖို့ ဥရောပ ပါလီမန်ကို ဘယ်လ်ဂျီယံရောက် မြန်မာတွေ တိုက်တွန်း
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြတဲ့ လက်နက်မဲ့ ပြည်သူတွေကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်နေတာတွေ ရပ်တန့်အောင် ဥရောပ ပါလီမန် အနေနဲ့ စစ်ကောင်စီကို ဖိအားပေးဖို့ ဘယ်လ်ဂျီယံရောက် မြန်မာတွေနဲ့ ဥရောပ နိုင်ငံသား မြန်မာ့မိတ်ဆွေတွေက တိုက်တွန်းလိုက်ပါတယ်။
ဘရပ်ဆဲလ်မြို့တော်မှာ လူပေါင်း ၆၀ လောက် တက်ရောက်တဲ့ ဒီကနေ့ ဆန္ဒပြပွဲမှာ ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ ကိစ္စတွေမှာ ထိထိရောက်ရောက် ဆောင်ရွက်လာအောင် ဥရောပ ပါလီမန်က တိုက်တွန်းပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီက ခန့်အပ်ထားတဲ့ အစိုးရကို အသိအမှတ်ပြုပေးဖို့၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် အစိုးရ အဖွဲ့ ခေါင်းဆောင်တွေ၊ ဥပဒေမဲ့ ဖမ်းဆီးထားသူတွေ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးရေးမှာ တတ်နိုင်သလောက် ဆောင်ရွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
ကဗျာဆရာကြီး ဦးတင်မိုးရဲ့ မြေး ရွတ်တဲ့ကဗျာ
ဘရပ်ဆဲလ် မြို့တော် Luxembourg Square မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ ကဗျာဆရာ ဇေယျာလင်းက ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ်ရေးစပ်ထားတဲ့ " ညမှာ လမ်းထဲဝင်ရောက်ပစ်ခတ်ခြင်း ပုံတူ" လို့ မြန်မာလို ခေါင်းစဉ်တပ်ထားတဲ့ ကဗျာကို ကဗျာဆရာကြီး ဦးတင်မိုးရဲ့ မြေးဖြစ်သူ မမိုးပွင့်က ရွတ်ဆိုခဲ့ပြီး ချင်းတိုင်းရင်းသူ Sweety Lalnun Tluangi က အဲဒီကဗျာကိုပဲ အင်္ဂလိပ်လို ရေးထားတဲ့ " Portrait of Nocturnal Shooting" ကဗျာကို အင်္ဂလိပ်လို ရွတ်ဖတ်ခဲ့ပါတယ်။