ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျောက်တော်ရဲစခန်းက အရာရှိတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
ရခိုင်ပြည်နယ် ကျောက်တော်ရဲစခန်းက အရာရှိတစ်ဦး ဒီကနေ့ ညနေ ၇ နာရီကျော်လောက်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ စခန်းမှူးကိုယ်တိုင် ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စခန်းနဲ့ ပေ ၃၀ လောက်အကွာ မျက်နှာချင်းဆိုင်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်း ပစ်ခတ်ခံရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်သွားသူက ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပါဘူး။
ပစ်ခတ်ခံရပြီး နေရာမှာတင် အဲဒီ အရာရှိသေဆုံးသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး "ပထမ ပစ္စတိုလိုတချက် အသံထွက်တယ်။ နောက်ကတော့ အတွဲလိုက်ပေါ့နော်။ ပြီးရင် ရပ်သွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"စစ်တပ်ကတော့ စောစောက ပြီးခဲ့တဲ့နာရီဝက်လောက်က မြို့ထဲကိုဝင်လာတဲ့အသံတော့ ကြားနေရတယ်။ နှစ်ချက်ပစ်ပြီးတော့ ဝင်လာတယ်လို့တော့ ပြောကြတယ်" လို့ သူက ဆက်ပြောပါတယ်။
ပစ်ခတ်မှုကြောင့် မြို့ခံတွေ စိုးရိမ်ပြီး အပြင်မထွက်ကြတော့ဘူးလို့ လက်ရှိ ကျောက်တော်မြို့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
ကျောက်တော်မြို့မှာ ရဲအုပ်တစ်ဦး ဇွန်လတုန်းကလည်း သူ့နေအိမ်အနီးမှာ အမည်မသိ အမျိုးသား ၆ ဦးခန့်က ဓား၊ စကေဘာတွေနဲ့ ဝိုင်းဝန်းထိုးနှက်လို့ သေဆုံးခဲ့ပြီး အဲဒီတိုက်ခိုက်မှုကို အေအေတပ်ဖွဲ့က အရပ်သားအသွင်ဆောင်တိုက်ခိုက်ခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာလည်း မြို့နယ်ရဲတပ်ဖွဲ့မှူးတစ်ဦး ကျောက်တော် စက်လှေဆိပ်မှာ ဓားထိုးခံရမှု ဖြစ်ပွားခဲ့ပြီး ကျောက်တော်မြို့နယ်ဟာ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့အေအေ တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်ပွားတဲ့ မြို့နယ်တွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။