ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အဏုမြူဗုံးဒဏ်သင့်ခဲ့တဲ့ ၇၅ နှစ်ပြည့် အောက်မေ့ဖွယ်အထိမ်းအမှတ် ဟီရိုရှီးမားမြို့မှာ ကျင်းပ
ကမ္ဘာမှာ ပထမဆုံး အဏုမြူဗုံး ကျရောက်ခဲ့တဲ့ ၇၅ နှစ်ပြည့်အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ခေါင်းလောင်းတွေ ထိုးခဲ့ကြပါတယ်။
ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနှစ် အထိမ်းအမှတ်ပွဲတွေကို အကျဉ်းချုံးပြီး ကျင်းပခဲ့ပါတယ်။
၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့မှာ အမေရိကန် ဗုံးကြဲလေယာဉ်တစီးက ဟီရိုရှီးမားမြို့ကို ယူရေနီယမ် အဏုမြူဗုံးတလုံး ကြဲချခဲ့ပြီး ဒီဗုံးဒဏ်ကြောင့် လူပေါင်း ၁၄၀,၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပါတယ်။
နောက်သုံးရက်အကြာမှာတော့ နာဂါဆာကီမြို့ကို နောက်ထပ် နျူကလီးယားဗုံးတလုံး ကြဲချခဲ့ပါတယ်။
နှစ်ပတ်အကြာမှာတော့ ဂျပန်တို့ လက်နက်ချခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီး အဆုံးသတ်ခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ဟီရိုရှီးမားမြို့တော်ဝန်တို့ဟာ အဏုမြူဗုံးဒဏ်ကနေ အသက်ရှင် ကျန်ရစ်သူတွေ၊ သူတို့ရဲ့ နောက်မျိုးဆက်တွေနဲ့အတူ ဟီရိုရှီးမားငြိမ်းချမ်းရေး ပန်းခြံမှာ ကြာသပတေးနေ့ အစောပိုင်းက အခမ်းအနား အတူတက်ရောက်ခဲ့ပါတယ်။
ဒီအထိမ်းအမှတ်ပွဲကျင်းပတိုင်း ပန်းခြံထဲမှာ လူထောင်နဲ့ချီ ပြည့်နေ့လေ့ရှိပေမယ့် ဒီနှစ်မှာတော့ အခမ်းအနားတက်ရောက်သူဦးရေကို သိသိသာသာ လျှော့ချခဲ့ပါတယ်။
အဲဒီမှာ ထိုင်ခုံတွေကို နေရာချဲပြီး ခွဲထားသလို တက်ရောက်သူ အများစုကလည်း နှာခေါင်းစည်း တွေ တပ်ဆင်လာကြပါတယ်။
ဟီရိုရှီးမားမြို့ကို ဗုံးကျရောက်ခဲ့တဲ့ အချိန်ဖြစ်တဲ့ မနက် ၈ နာရီ ၁၅ မိနစ် မှာ ခဏတာ ငြိမ်သက် ဂါရ၀ပြုခဲ့ကြပါတယ်။
"၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့မှာ အဏုမြူဗုံးတလုံးက ကျွန်တော်တို့မြို့ကို ဖျက်ဆီးပစ်လိုက်တယ်။ ဒီမြေမှာ ၇၅ နှစ်လောက် ဘာမှ စိုက်မရ၊ပျိုးမရ ရှင်သန်နိုင်မှာ မဟုတ်ဘူးလို့ အဲဒီတုန်းက ကောလဟလတွေ ထွက်ခဲ့တယ်။ ဒါပေမဲ့ ဟီရိုရှီးမားမြို့ဟာ ငြိမ်းချမ်းရေး ပြယုဂ်ဖြစ်လာပြီး ပြန်လည် ဦးမော့လာခဲ့ပါပြီ" လို့ ဟီရိုရှီးမား မြို့တော်ဝန် ကာဇူမီ မာဆူအီက ပြောပါတယ်။
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ပေးပို့တဲ့ ဗီဒီယို သတင်းစကားမှာတော့ ဒီလိုလက်နက်တွေကို စွန့်လွှတ်ဖို့အတွက် နိုင်ငံအားလုံးက ထပ်မံကြိုးပမ်းအားထုတ်ကြဖို့ တောင်းဆိုထားပါတယ်။
"ကွဲပြားနေမှုတွေ၊ အယုံအကြည်ကင်းမဲ့မှုနဲ့ အပြန်အလှန် ပြောဆိုဆွေးနွေးမှုတွေ အားနည်းတာဟာ နျူကလီးယားလက်နက် ပြိုင်ဆိုင်မှုကို ထိန်းချုပ်လို့မရနိုင်တဲ့ ကမ္ဘာကြီးဆီ ပြန်ရောက်သွားနိုင်တယ်။ "
"နျူကလီးယားအန္တရာယ် ကျရောက်မှုကို အလုံးစုံ ပယ်ဖျက်နိုင်ဖို့ တခုတည်းသော နည်းလမ်းက နျူကလီးယားလက်နက်တွေ အားလုံးကို ဖျက်သိမ်းဖို့ပါ" လို့ သူက ပြောပါတယ်။
အသက်ကယ်ခဲ့တဲ့ ရထားခရီးစဉ်
၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက် မနက်ခင်းမှာ မီချီကို အတော်လေး အိပ်ရာထ နောက်ကျခဲ့ပါတယ်။
"ကျွန်မ ယိုကိုဂါဝါ ရထားဘူတာကို ပြေးခဲ့ပါတယ်။ တကယ့်အချိန်မီလေးပဲ ကျွန်မ စီးနေကျ ရထားပေါ်ကို အပြေးအလွှားမီအောင် တက်ခဲ့နိုင်တယ်" လို့ သူ့ရဲ့ နေ့စဉ်မှတ်တမ်းစာအုပ်ထဲမှာ ရေးခဲ့ပါတယ်။
မီချီကို ဘူတာရုံကို တဟုန်ထိုး ပြေးခဲ့မှုကြောင့် သူအသက် ဆက်ရှင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် စသုံးလိုက်တဲ့ နျူကလီးယားဗုံး သူ့ရဲ့ မြို့ ဟီရိုရှီးမားမြို့ကို ကျရောက်တော့ မီချီကိုဟာ သူ့အလုပ်ခွင်ထဲကို ဘေးမသီရန်မခ ရောက်နေခဲ့ပါပြီ။
"ကျွန်မ စီးနေကျ ရထားသာ လွတ်သွားခဲ့ရင် ယိုကိုဂါဝါနဲ့ ဟီရိုရှိးမား ရထားဘူတာနှစ်ခုကြား တနေရာမှာ ကျွန်မ သေနေလောက်ပြီ။"
၁၉၄၅ ခုနှစ်မှာ ဘာဖြစ်ခဲ့တာလဲ
ဂျာမနီနိုင်ငံဟာ မဟာမိတ်တပ်တွေကို ၁၉၄၅ ခုနှစ် မေလမှာ လက်နက်ချခဲ့ပါတယ်။
ဒါပေမဲ့ မဟာမိတ်တပ်တွေက ဂျပန်အင်ပါယာကို ဆက်တိုက်ခဲ့တာကြောင့် ဒုတိယ ကမ္ဘာစစ်ကြီး ဆက်ဖြစ်နေခဲ့ပါတယ်။
ငြိမ်းချမ်းရေးယူဖို့ ရာဇသံပေးချက်ကို အဲဒီနှစ်အစောပိုင်းတုန်းက ဂျပန်ဘက်က ပယ်ချလိုက်ပြီးနောက်ပိုင်း အမေရိကန်တို့က နျူကလီးယားဗုံးတလုံးကြဲလိုက်တာက စစ်မြေပြင်မှာ အမေရိကန်တပ်သားတွေ ထိခိုက်ကျဆုံးနိုင်တဲ့အန္တရာယ်မရှိဘဲ ဂျပန်ဘက်က လက်နက်မြန်မြန် ချနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။
"Little Boy" လို့ အမည်ဝှက်ပေးထားတဲ့ ပထမဆုံး အဏုမြူဗုံးကို ဩဂုတ်လ ၆ ရက်နေ့မှာ အမေရိကန်တို့က ဟီရိုရှီးမားမြို့ မှာ ကြဲချခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ စစ်ပွဲအတွင်း ပထမဆုံးအကြိမ် အသုံးပြုတဲ့ နျူကလီးယားလက်နက် ဖြစ်ပါတယ်။
ဒီဗုံးဒဏ်ကြောင့် လူပေါင်း ၇၀,၀၀၀ ထက်မနည်း အဲဒီနေရာမှာတင် ချက်ချင်း သေဆုံးသွားခဲ့တယ်လို့ ယူဆကြပါတယ်။ မြို့လည်း ပြားပြားဝပ်ပြီး အကုန်ပျက်စီးသွားပါတယ်။
နောက်ပိုင်း ရက်တွေ၊ သီတင်းပတ်တွေ၊ လတွေအတွင်းမှာ ဓာတ်ရောင်ခြည် အဆိပ်သင့်မှုကြောင့် နောက်ထပ် လူသောင်းနဲ့ချီ သေဆုံးခဲ့ပြန်ပါတယ်။
ဂျပန်ဘက်က ချက်ချင်း လက်နက်မချတာကြောင့် "Fat Man" လို့ အမည်ပေးထားတဲ့ နောက်ထပ် ဗုံးတလုံးကို ဟီရှိရှီးမားမြို့တောင်ဘက် ၄၂၀ ကီလိုမီတာ (၂၆၁ မိုင်) အဝေးက နာဂါဆာကီမြို့ကို နောက် သုံးရက်အကြာမှာ ထပ်ကြဲခဲ့ပါတယ်။
သေဆုံးသူ အရေအတွက်ဟာ ခန့်မှန်းတွက်ဆထားကြပေမယ့် အဲဒီတုန်းက လူဦးရေ ၃၅၀,၀၀၀ ရှိတဲ့ ဟီရိုရှီးမားမြို့မှာ အဏုမြူဗုံးဒဏ်ကြောင့် သေဆုံးသူ အရေအတွက် ၁၄၀,၀၀၀ ရှိခဲ့ပြီး နာဂါဆာကီမြို့မှာတော့ လူပေါင်း ၇၄,၀၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မှန်းဆကြပါတယ်။
နျူကလီးယားဗုံးလက်နက်ကို စမ်းသပ်တာ မဟုတ်ဘဲ တိုက်ခိုက်တဲ့အနေနဲ့ နျူလက်နက်တွေ ကြဲချခဲ့တာ ကမ္ဘာမှာ အဲဒီနှစ်ကြိမ်ပဲ ရှိခဲ့ပါတယ်။
ဒီဗုံးကြဲမှုတွေကြောင့် အာရှမှာ စစ်ပွဲ ချက်ချင်း အဆုံးသတ်ခဲ့ပြီး ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့မှာ မဟာမိတ်တပ်တွေကို ဂျပန်က လက်နက် ချခဲ့ပါတယ်။
ဒါပေမဲ့ ဝေဖန်သူတွေကတော့ ဂျပန်ဟာ အဏုမြုဗုံးတွေ အကြဲမခံရခင်ကတည်းက လက်နက်ချဖို့ လက်တကမ်းအလိုမှာ ရှိနေခဲ့ပြီး ဒီဗုံးတွေကြောင့် ပြည်သူအမြောက်အများမသေသင့်ပဲ သေခဲ့ရတယ်လို ပြောပါတယ်။
ဂျပန်ရဲ့ စစ်ပွဲအတွေ့အကြုံဟာ နိုင်ငံတွင်း စစ်ဆန့်ကျင်ရေးဝါဒီ ကြီးစိုးစေခဲ့ပါတယ်။
ဟီရိုရှီးမားမြို့မှာ နှစ်စဉ်ကျင်းပတဲ့ အောက်မေ့ဖွယ်အခမ်းအနားမှာ အစိုးရက သူတို့ပေးထားတဲ့ နျူကလီးယားလက်နက် ကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်စေဖို့ ကတိကဝတ်တွေကို ထပ်လောင်းအတည်ပြုလေ့ရှိပါတယ်။
စစ်ကြီးပြီးတော့ ဟီရိုရှီးမားမြို့ဟာ ငြိမ်းချမ်းရေးမြို့တော်ဖြစ်လာဖို့ သူတို့ဘာသာ ကြိုးစားပြောင်းလဲခဲ့ပါတယ်။ နောက်ပြီး ကမ္ဘာမှာ နျူကလီးလက်နက်တွေ ဖျက်သိမ်းဖို့ကိုလည်း ဆက်လက်တွန်းအားပေးခဲ့ပါတယ်။
ကမ္ဘာကြီးကို ပြောင်းလဲခဲ့တဲ့ ဗုံး
- "Little Boy" လို့ အမည်ဝှက်ပေးထားတဲ့ ဗုံးဟာ ပေါက်ကွဲစေတဲ့ TNT ယမ်း တန်ချိန်ပေါင်း ၂၀,၀၀၀ ပါတယ်လို့ ယူဆရပါတယ်။
- အီလီနွိုက်စ်ပြည်နယ်က အသက် ၃၀ အရွယ် ဗိုလ်မှူးကြီး ပေါလ် တိဘတ်စ်ဟာ အဏုမြူဗုံးကြဲမယ့် ဒီအစီအစဉ်ကို ဦးဆောင်ခဲ့တယ်။
- ဗုံးကြဲတုန်းက အသုံးပြုခဲ့တဲ့ လေယာဥ်ကိုပေးထားတဲ့ အီနိုလား ဂေး ဆိုတဲ့ အမည်ဟာ ဗိုလ်မှူးကြီး တိဘတ်စ်ရဲ့ အမေကို ချီးကျုးဂုဏ်ပြုပြီး ပေးထားတာဖြစ်တယ်။
- ဗုံးမကြဲခင် ၁ နာရီလောက်အလိုမှာ နောက်ဆုံးပစ်မှတ်ကို ရွေးချယ်ဆုံးဖြတ်ခဲ့တယ်။ အဲဒီအချိန် ဟီရိုရှီးမားမှာ ရာသီဥတုအခြေအနေကောင်းမှုဟာမြို့ကို ကြမ္မာဆိုးနဲ့ တိုးစေခဲ့ပါတယ်။
- ဗုံးကွဲသွားတဲ့အချိန်မှာ ထွက်လာတဲ့ အပူချိန်ပမာဏက ဒီဂရီ သန်းပေါင်းများစွာရှိပါတယ်။
- ဒီပေါက်ကွဲမှုကြောင့်ပြင်းထန်လှတဲ့ တုန်ခါမှု ဂယက်လှိုင်း ဖြစ်ပေါ်ခဲ့ပြီး အဆောက်အအုံတွေ ပျက်ဆီးကာ မြေပေါ်မှာ ပြားပြားဝပ်ကျသွားပါတယ်။
- မြေပြင်ပေါ်က လူတွေ ထောင်ပေါင်းများစွာ ချက်ချင်း သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့တယ်။