ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟွာဝေး 5G ပစ္စည်းတွေ ယူကေမှာ ၂၀၂၇ အပြီးဖယ်ရှားရမယ်
ယူကေ မိုဘိုင်းဖုန်း ကုမ္ပဏီတွေကို တရုတ် ဟွာဝေး ကုမ္ပဏီထုတ် 5G ဆက်သွယ်ရေး ပစ္စည်းတွေ အသစ်မဝယ်ယူတော့ဖို့ ဒီဇင်ဘာ ၃၁ ရက် နောက်ပိုင်းကစပြီး တားလိုက်ပါတယ်။
အဲဒီကုမ္ပဏီတွေရဲ့ ဆက်သွယ်ရေးကွန်ရက်တွေမှာ ဟွာဝေး 5G ပစ္စည်းတွေ အားလုံး ၂၀၂၇ အပြီး ဖြုတ်ရမှာလည်း ဖြစ်ပါတယ်။
အဲဒီ ဆုံးဖြတ်ချက်ကို ဒစ်ဂျစ်တယ်ရေးရာ ဝန်ကြီး အိုလစ်ဗာ ဒေါင်ဒန်က ဗြိတိန်အောက်လွှတ်တော်မှာ ပြောကြားတာ ဖြစ်ပါတယ်။
ဟွာဝေးရဲ့ပစ္စည်းတွေက နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်တယ်ဆိုပြီး အမေရိကန်အစိုးရက ပိတ်ပင်ပြီးနောက်ပိုင်းမှာ ယူကေရဲ့ ဒီဆုံးဖြတ်ချက်ဟာ ဖြစ်လာတာပါ။
ဒီလိုလုံခြုံရေးခြိမ်းခြောက်မှုရှိတယ်ဆိုတာကိုတော့ ဟွာဝေးဘက်က ငြင်းထားပါတယ်။
အခုလို ဆုံးဖြတ်လိုက်တာကြောင့် ယူကေမှာ 5G ဆက်သွယ်ရေး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးကတော့ တစ်နှစ်နောက်ကျသွားမှာဖြစ်တယ်လို့ မစ္စတာ ဒေါင်ဒန်က ပြောပါတယ်။
အခုတားမြစ်မှုအပါအဝင် အခုနှစ်အတွင်း ဟွာဝေးအပေါ် တားမြစ်ခဲ့တာတွေအတွက် စုစုပေါင်းတန်ဖိုးက ပေါင်နှစ်ဘီလျံအထိ ရှိနိုင်မယ်လို့လည်း သူက ဆိုပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ယူကေက မိုဘိုင်းဖုန်းရှိတဲ့သူတွေအားလုံးအတွက် သတင်းဆိုးပဲလို့ ဟွာဝေးဘက်က ပြောပါတယ်။
ဗြိတိန်ကို ဒစ်ဂျစ်တယ်နည်းပညာပိုင်းမှာ နှေးကွေးတဲ့လမ်းကြောင်းပေါ်တွန်းပို့လိုက်တာဖြစ်တယ်၊ စရိတ်တွေကြီးစေတယ် ပြီးတော့ နည်းပညာ ကွာခြားမှုပိုကြီးမားသွားစေမယ်လို့လည်း ဟွာဝေးက ပြောပါတယ်။
အခု ပိတ်ပင်တားမြစ်မှုမှာ ဟွာဝေးထုတ် broadband ဆက်သွယ်ရေး ပစ္စည်းတွေ သုံးတာကိုလည်း ပါပါတယ်။
ဒါ့အပြင် ယူကေအနေနဲ့ ဟွာဝေးကို မသုံးတော့တာကြောင့် နိုကီရာပစ္စည်းတွေ အပေါ်မှာပဲ မှီခိုနေရတာ မဖြစ်အောင် ရှောင်နိုင်ဖို့လည်း လိုတယ်လို့ ဝန်ကြီးက ပြောပါတယ်။
ဒါပေမဲ့ အခု တားမြစ်ချက်က ဟွာဝေးမိုဘိုင်းဖုန်းတွေကို ရောင်းချမှုကိုတော့ မသက်ရောက်ပါဘူး။