ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်ပြည်က အကျိတ်ပလိပ်၊ အတွင်းမွန်ဂိုးလီးယားမှာ ပလိပ်ဖြစ်လို့ ကာကွယ်ရေးတွေလုပ်
တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေက မြို့တစ်မြို့မှာ အကျိတ်ပလိပ် လူနာတစ်ယောက် တွေ့လို့ တရုတ် အာဏာပိုင်တွေက တားဆီးဖို့ ကြိုးစားနေကြပါတယ်။
ကူးစက်ခံရသူက မြင်း၊ ကုလားအုပ်စတဲ့ တိရစ္ဆာန်တွေ မွေးပြီး လှည့်လည်နေထိုင်တဲ့သူ ဖြစ်ပါတယ်။ ဒီလူနာကို သီးသန့်ခွဲထားပြီး အခြေအနေ မစိုးရိမ်ရဘူးလို့ တရုတ်အစိုးရ သတင်းအရ သိရပါတယ်။
နောက်သံသယလူနာတစ်ယောက်ကိုလည်း စစ်ဆေးနေကြောင်း အာဏာပိုင်တွေက ပြောကြားတယ်လို့ တရုတ် ဂလိုဘယ်တိုင်းသတင်းစာက ရေးသားပါတယ်။
အကျိတ်ပလိပ်ရောဂါဟာ ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံးရောဂါတွေထဲမှာ တခါက ပါခဲ့ဖူးပေမယ့် ခုတော့ အလွယ်တကူ ကုသနိုင်ပြီ ဖြစ်ပါတယ်။
ပထမဆုံး ပလိပ်လူနာကို စနေနေ့က ဘယန်နာမြို့ ဆေးရုံမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။
လူနာ ဒီရောဂါ ဘယ်လိုကူးလာသလဲ ဆိုတာ မသိရသေးဘဲ ရှိနေပါတယ်။
ဒုတိယ သံသယလူနာကတော့ ၁၅ နှစ်အရွယ်ရှိပြီး ခွေးတွေ အမဲလိုက်ထားတဲ့ မားမတ်ခေါ် ရှဥ့်တစ်မျိုးကို ကိုင်တွယ်ခဲ့ပုံရတယ်လို့ ဂလိုဘယ်တိုင်းသတင်းစာက ရေးပါတယ်။
အခု အဲဒီဒေသမှာ ပလိပ်ကို အဆင့်သုံးအနေနဲ့ တပ်လှန့်ထားပြီး ဒီနှစ်ကုန်အထိ ပလိပ်ပိုးသယ်နိုင်တဲ့ရှဥ့် တွေကို အမဲလိုက် စားသောက်တာကို တားမြစ်ထားသလို ပလိပ်လို့ မသင်္ကာတဲ့လူနာတွေ တွေ့ရင် အကြောင်းကြားဖို့လည်း ပြည်သူတွေကြားမှာ နှိုးဆော်ထားပါတယ်။
အကျိတ်ပလိပ်ဆိုတာဘာလဲ
ဘက်တီးရီးယားပိုးတစ်မျိုးက သယ်ဆောင်လာတဲ့ အကျိတ်ပလိပ်ရောဂါဟာ လူ့သမိုင်းမှာ အဆိုးဆုံး အနက်ရောင်သေမင်းဆိုတဲ့ ကပ်ဘေးကြီးကို ဖြစ်ပွားစေခဲ့ပါတယ်။ (၁၄) ရာစု အာဖရိက၊ အာရှနဲ့ ဥရောပက လူသန်း ၅ဝ လောက် ဒီကပ်ဘေးနဲ့ သေဆုံးခဲ့တာပါ။
အဲဒီနောက်မှာလည်း ပလိပ်ရောဂါတွေ ဆက်ဖြစ်ခဲ့ပါတယ်။ ၁၆၆၅ မှာဖြစ်တဲ့ လန်ဒန်က ပလိပ်ဘေးကြီး အတွင်း လူဦးရေ ငါးပုံတစ်ပုံ သေခဲ့ပြီး (၁၉) ရာစု တရုတ်ပြည်နဲ့ အိန္ဒိယမှာ ဖြစ်တဲ့ ပလိပ်ကပ်တွေအတွင်း လူ (၁၂) သန်းကျော် သေကြေခဲ့ပါတယ်။
အခုခေတ်မှာတော့ ဒီရောဂါကို ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပါပြီ။ မကုဘဲ နေရင်တော့ သေနှုန်းက ၃ဝ ကနေ ၆ဝ ရာခိုင်နှုန်းထိ ရှိပါတယ်။ လူတွေကို အလှေးတွေကတစ်ဆင့် တိရစ္ဆာန်တွေကနေ ကူးစက်တတ်ပါတယ်။
ပလိပ်ရောဂါ လက္ခဏာတွေထဲမှာ အဖျားကြီးတာ၊ ချမ်းတုန်တာ၊ အော့အန်တာ၊ အားနည်းတာနဲ့ လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံက အကျိတ်တွေ ရောင်တာတွေ ပါပါတယ်။
နောက်ထပ် ကပ်ရောဂါ ဖြစ်လာနိုင်သလား
အကျိတ်ပလိပ်ရောဂါ ဖြစ်တာနည်းသွားပေမဲ့ တစ်ခါတလေမှာ ပြန်ပေါ်လာတာတွေ ရှိပါတယ်။
အာဖရိကတိုက်နားက မက်ဒါဂါစကာကျွန်းမှာ ၂ဝ၁၇ က ပလိပ်ရောဂါဖြစ်ပြီး လူ သုံးရာကျော် ကူးစက်ခဲ့ပါတယ်။ ဒါပေမဲ့ သေသူက လူ (၃ဝ) မရှိဘူးလို့ လန်းဆတ် ဆေးပညာဂျာနယ်က ရေးပါတယ်။
မနှစ် မေလကလည်း မွန်ဂိုလီးယားနိုင်ငံမှာ မာမတ်ရှဥ့်အသားစိမ်းကို စားမိတဲ့ လူနှစ်ယောက် ပလိပ်နဲ့ သေပါတယ်။ အခု ဒုတိယပလိပ် သံသယလူနာလည်း ဒီရှဥ့်တစ်ကောင်ကိုပဲ ကိုင်ခဲ့မိတာပါ။
ဒါပေမဲ့လည်း ဒီလူနာတွေကနေ ကပ်ဘေးထိ ဖြစ်သွားဖို့က ဖြစ်နိုင်ခြေမရှိပါဘူး။
" (၁၄) ရာစုနဲ့ မတူတော့ဘူး၊ ဒီရောဂါ ဘယ်လိုကူးတယ်ဆိုတာ အခု သိနေပါပြီ"
လို့ စတန်းဖို့ဒ် တက္ကသိုလ် က ကူးစက်ရောဂါ ပညာရှင် ဒေါက်တာ ရှန်တီ ကပ်ပါဂိုဒါက ပြောပါတယ်။
" အခု ဘယ်လို ကာကွယ်ရမယ်ဆိုတာ သိနေပြီ၊ လူနာတွေကိုလည်း အစွမ်းထက်တဲ့ ပဋိဇီဝဆေးတွေနဲ့ ကုနိုင်နေပြီ" လို့ သူက ဆိုပါတယ်။