ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တမူးနယ်စပ်ပိတ် ၊ ဘီဘီစီကို မဖိနှိပ်ဖို့ တောင်းဆို၊ လူမျိုးရေး ခွဲတဲ့ကား မပြဖို့ဆုံးဖြတ်
အီတလီ ဆိုင်တွေ အားလုံးပိတ်
တရုတ်နိုင်ငံအပြင်ဘက်မှာ အဆိုးဆုံး ကူးစက်ပြန့်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်ရောဂါကို ထိန်းချုပ်ဖို့ စျေးဆိုင်တွေ၊ ပျော်ပွဲစားရုံတွေနဲ့ အရက်ဆိုင်တွေ အားလုံးကို ပိတ်ထားမယ်လို့ အီတလီ အစိုးရက ကြေညာခဲ့ပါတယ်။
မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်ဆိုင်တွေနဲ့ ဆေးဆိုင်တွေကိုပဲ ဆက်ဖွင့်ထားမှာ ဖြစ်ပါတယ်။ ဒီကနေ့ကစပြီး နှစ်ပတ်တိတိ ဒီလို ပိတ်ထားမှာပါ။
အီတလီမှာ ဒီဗိုင်းရပ်ကြောင့် မနေ့က နောက်ထပ် လူနှစ်ရာကျော်လောက် ထပ်သေတဲ့အတွက် ရှိနေပြီး သေသူစုစုပေါင်း ရှစ်ရာကျော်သွားပြီ ဖြစ်ပါတယ်။
ကူးစက်ခံရသူကတော့ တသောင်းနှစ်ထောင်ကျော် ရှိနေပြီ ဖြစ်ပါတယ်။
အီတလီမှာ ဗိုင်းရပ်ကို ထိန်းချုပ်ဖို့အတွက် ခရီးသွားလာမှုကို တင်းကျပ်တာ၊ လူစုလူဝေးကို တားမြစ်တာနဲ့ လူတွေကို အိမ်မှာပဲ နေခိုင်းတာတွေလည်း လုပ်ခဲ့ပြီး ဖြစ်ပါတယ်။
ဒိန်းမတ်မှာ ကျောင်းတွေပိတ်
ကိုရိုနာဗိုင်းရပ် ကူးစက်မှု မြင့်တက်လာနေတာကို ထိန်းချုပ်တဲ့အနေနဲ့ ဒိန်းမတ် နိုင်ငံမှာ ကျောင်းနဲ့ တက္ကသိုလ်တွေ အားလုံးကို နှစ်ပတ် ပိတ်လိုက်ပြီ ဖြစ်ပါတယ်။ အရေးကြီးမဟုတ်တဲ့ အစိုးရ ရုံးဝန်ထမ်းတွေကိုလည်း ခွင့်နဲ့ အိမ်ပြန် နေခိုင်းခဲ့ပါတယ်။
အိန္ဒိယမှာတော့ ဧပြီလလယ်အထိ ပြည်ဝင်ခွင့် ဗီဇာတွေ အားလုံးနီးပါးကို ရပ်ဆိုင်းထားပါတယ်။
ယူဂန်ဒါမှာတော့ ပြည်ပက လေကြောင်းနဲ့ ဝင်လာသူတိုင်းကို ပိုးသတ်ဆေးရည်တွေ စဖျန်းမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အီရန်မှာတော့ ဒုတိယသမ္မတ အက်စ်ဟာ့က် ဂျဟန်ဂရီးပါ ဒီဗိုင်းရပ်ပိုးကူးတယ်လို့ သိရပါတယ်။
တမူးဂိတ်တွေပိတ်
မြန်မာနဲ့ အိန္ဒိယနိုင်ငံခြားက နယ်စပ်ဂိတ်ပေါက်အားလုံးကို မတ် ၁၀ ရက်နေ့ကတည်းက အိန္ဒိယ ဘက်ကနေ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ တမူးမြို့ခံတွေက ပြောပါတယ်။
အိန္ဒိယဘက်ကနေ မတ် ၁ဝ ရက်နေ့ကစပြီး မြန်မာနဲ့ ဆက်စပ်နေတဲ့ နယ်စပ်အဝင်အထွက် ဂိတ်အားလုံးကို ရုတ်တရက် ပိတ်ပစ်လိုက်တဲ့အတွက် နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှုအပါအဝင် နှစ်ဘက်ကူးသန်းသွားလာမှုအားလုံး ရပ်ဆိုင်း သွားတယ်လို့တမူးမြို့ခံတွေကပြောပါတယ်။
နှစ်နိုင်ငံ ဝင်ပေါက်တွေကို အခုလို ရုတ်တရက် ပိတ်လိုက်တာဟာ ကမ္ဘာတလွှားမှာ ရိုက်ခတ်နေတဲ့ ကိုဗစ် - ၁၉ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဖြစ်တယ်လို့ အိန္ဒိယပြည်နယ်အစိုးရ ဘက်ကနေ တမူးမြို့ အာဏာပိုင်တွေ ဘက်ကို အကြောင်းကြားလာခဲ့တယ်လို့ တမူးမြို့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက ဘီဘီစီကိုပြောပါတယ်။
အိန္ဒိယနိုင်ငံဘက်က နယ်စပ်ဂိတ်ပေါက်တွေပိတ်လိုက်တဲ့အတွက် တမူးမြို့ပေါ်က အဓိက ဈေးကြီး ဖြစ်တဲ့ နန့်ဖာလုံဈေးမှာလည်း ဈေးဝယ်သူ ရောင်းချသူတွေမရှိတော့သလောက်ဖြစ်ပြီး လတ်တလော အရောင်းအဝယ် ရပ်သွားတဲ့ အခြေအနေ ဖြစ်နေတယ်လို့လည်း တမူးမြို့ခံတွေ ထံကသိရပါတယ်။
နယ်စပ်ဂိတ်ပေါက်တွေ ပိတ်ထားတဲ့အတွက် အိန္ဒိယဘက်ကို အဓိကအားထားရောင်းချနေရတဲ့ အသီးအနှံ သည်တွေလည်းအခက်ကြုံနေရတယ်လို့ တမူးမြို့ခံ ဒေါ်ငိုင်ငိုင်းက ဘီဘီစီကိုပြောပြပါတယ်။
မတ် ၁၀ ရက်နေ့ကနေ မတ် ၁၁ ရက်နေ့အထိ အိန္ဒိယဘက်ကနေ တရားဝင်ဂိတ်တွေသာမက တောလမ်းဘက်က ဝင်တဲ့ကြားပေါက်ဂိတ်နေရာတွေမှာပါ စစ်သားတွေနဲ့ စောင့်ကျပ်ထားပြီး မြန်မာဘက်က အဝင်ကို လုံးဝခွင့်မပြုဘဲ တင်းတင်း ကျပ်ကျပ် ပိတ်ပင်ထားတယ်လို့ တမူးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အီရတ်စစ်စခန်း ဒုံးကျည်မှန်
အီရတ် နိုင်ငံ ဘဂ္ဂဒက်မြို့တော်နားက စစ်စခန်းတခုကို ဒုံးကျည်နဲ့ တိုက်ခိုက်ခံရလို့ အမေရိကန် စစ်သားနှစ်ယောက်နဲ့ ဗြိတိသျှ စစ်သား တယောက် သေဆုံးခဲ့ပါတယ်။ တာဂျီ တပ်စခန်းမှာ နောက်ထပ် လူတဒါဇင်ကျော် ထိခိုက်ဒဏ်ရာရတယ်လို့လည်း သိရပါတယ်။
အမေရိကန်နဲ့ ဗြိတိသျှ ညွန့်ပေါင်းတပ်တွေက အီရတ်စစ်သားတွေကို အဲဒီမှာ လေ့ကျင့်ပေးနေကြတာပါ။ ဘယ်ကပစ်တဲ့ ဒုံးကျည်ဆိုတာ မသိရပေမယ့် အီရန်နဲ့ နွှယ်တဲ့ စစ်သွေးကြွအုပ်စုတွေ လက်ချက်လို့ ယူဆနေကြပါတယ်။
အီရတ်မှာ အမေရိကန်တပ်တွေ ရှိနေတာကို အဲဒီ အုပ်စုတွေက အပြင်းအထန် ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
ဘီဘီစီ ပါးရှားဌာနကို မဖိနှိပ်ဖို့ ကုလတောင်းဆို
ဘီဘီစီ နဲ့ တခြား အသံလွှင့်ဌာနတွေအတွက် အလုပ်လုပ်နေကြတဲ့ သတင်းထောက်တွေကို ညှဉ်းပန်း ခြိမ်းခြောက်တွေ ရပ်တန့်ဖို့ အီရန် အစိုးရကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက တောင်းဆိုခဲ့ကြပါတယ်။
ဒီသတင်းထောက်တွေကို ခြိမ်းခြောက်တာ၊ ရာဇဝတ်ကြောင်းအရ စစ်ဆေးတာတွေနဲ့ နာမည်ဖျက်တာတွေ ရှိနေတယ် ဆိုပြီး အဲဒီ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။
သတင်းထောက်တွေရဲ့ မိသားစုတွေပါ ပစ်မှတ်ထားခံနေရတယ်လို့လည်း ဆိုပါတယ်။
တချို့ကိစ္စတွေမှာ သူတို့ရဲ့ဆွေမျိုးတွေ ဘီဘီစီ ပါးရှား အစီအစဉ်မှာ မလုပ်ဖို့ အတင်းအကျပ် ဖမ်းဆီး ဖိအားပေးတာတွေ ရှိတယ်လို့လည်း သိရပါတယ်။
မကြာခင်က အီရန်မှာ ဖြစ်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ လုံခြုံရေး တပ်ဖွဲ့တွေက ရာနဲ့ချီတဲ့ ပြည်သူတွေကို ပစ်သတ်ခဲ့ပြီးနောက် ဘီဘီစီ ဝန်ထမ်းတွေကို ညှဉ်းပန်းတာတွေ ပိုဆိုးလာတာ ဖြစ်ပါတယ်။
လူမျိုးရေး ခွဲတဲ့ကား မပြဖို့ဆုံးဖြတ်
၁၉၄၆ က ရိုက်ကူးခဲ့တဲ့ တောင်ပိုင်းရဲ့ တေးသံ ရုပ်ရှင်ကားကို ဒစ္စနီပလပ်စ် အင်တာနက် ရုပ်သံလွှင့်အစီအစဉ်မှာ ပြသမှာ မဟုတ်ကြောင်း ဒစ္စနီ ကုမ္ပဏီက အတည်ပြု ပြောဆိုပါတယ်။ အမေရိကန် တောင်ပိုင်း ဂျော်ဂျီယာ ပြည်နယ် စိုက်ခင်းတွေမှာ အခြေခံ ရိုက်ကူးတဲ့ ဒီရုပ်ရှင်ကို လူမည်းသရုပ်ဆောင်တွေအပေါ် လူမျိုးရေး ခွဲခြားမှုနဲ့ ပုံဖော် ရိုက်ကူးခဲ့တယ် ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။
ဒီရုပ်ရှင်ကားဟာ ဒီနေ့ခေတ် ကမ္ဘာနဲ့ မဆီလျော်ဘူးဆိုပြီးကုမ္ပဏီ ရှယ်ယာရှင်များ အစည်းအဝေးမှာ ဒစ္စနီ ကုမ္ပဏီ ဥက္ကဋ္ဌနဲ့ အမှုဆောင် အရာရှိချုပ်ဟောင်း ဘော့ဘ် အိုက်ဂါက ပြောပါတယ်။
ဒမ်ဘို လို ရုပ်ရှင်တချို့ကိုတော့ ခေတ်ကုန်နေတဲ့ ယဉ်ကျေးမှု သရုပ်ဖော်ချက်တွေ ဖြစ်ပါတယ် ဆိုပြီး ကြေညာပြီးမှ ပြသမယ်လို့လည်း သိရပါတယ်။
တောင်ပိုင်းရဲ့ တေးသံဇာတ်ကားက ဇာတ်ဝင်သီချင်း ဖြစ်တဲ့ ဇစ်ပါ ဒီဒူးဒါး သီချင်းက အော်စကာဆု ဆွတ်ခူးခဲ့ပြီး အဲဒီရုပ်ရှင် နောက်ခံနဲ့ ဒစ္စနီလင်း ကစားကွင်းတွေမှာ ရေပွက်တောင်တန်းဆိုတဲ့ ရေလွှာလျှောစီးတဲ့ နေရာတွေ ထားတယ်လို့ ဆိုပါတယ်။