ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်တပ်က စွဲထားတဲ့ အမှုရှစ်မှုမှာ လေးမှု ဆက်ရင်ဆိုင်ရဖို့ရှိ
တပ်မတော်ကို သံချပ်ထိုးဝေဖန်ခဲ့တယ် ဆိုတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၃ ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃနဲ့ ထောင်ခြောက်လ ထပ်ချခဲ့ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ဗိုလ်တထောင်တရားရုံးက အခုလို အမိန့်ချခဲ့တာဖြစ်ပါတယ်။
သံချပ်အဖွဲ့ဝင်တွေ ဖြစ်တဲ့ ကိုဇေယျာလွင် ၊ ကိုပိုင်ဖြိုးမင်း၊ ကိုပိုင်ရဲသူ၊ ကိုဇော်မင်းထွဋ်၊ ကိုငြိမ်းချမ်းစိုး၊ မဆုရတနာမြင့်နဲ့ မကေခိုင်ထွန်းတို့ကို ဒီပုဒ်မနဲ့ တရားစွဲတာဖြစ်ပြီး သူတို့ထဲက ကိုပိုင်ဖြိုးမင်း၊ မဆုရတနာမြင့်နဲ့ မကေခိုင်ထွန်းတို့ကို အခုလို ထောင်ချခဲ့တာ ဖြစ်ပါတယ်။
ကျန်လေးဦးကိုတော့ တရားသေလွှတ်ပေးခဲ့ပါတယ်။
ဒီကနေ့အမိန့်ဟာ တရားမျှတမှု မရှိဘူးလို့ ပြစ်ဒဏ်ချခံရတဲ့ မဆုရတနာမြင့်က ဘီဘီစီကိုပြောပါတယ်။
"ဒါ ပထမဆုံးတစ်ခေါက်တော့မဟုတ်ပါဘူး။ ဒါ မတရားမှုဆိုတာကျိန်းသေတယ်။ ဒီ ၆၆ ဃနဲ့ မရမ်းကုန်းမှာစွဲတုန်းက သက်သေတွေကိုပဲ ဒီဗိုလ်တထောင်မှာ ပြန်တင်တယ်။ ဒီဖြစ်စဉ်ဒီအမှုနဲ့ပဲ ကျွန်မကို တပ်က စွဲလို့မရမ်းကုန်းမှာ ထောင်ခြောက်လ ကျပြီးပြီ။ ဒါပေမဲ့ အခု ဗိုလ်တထောင်မှာထပ်ချတယ်ဆိုတော့ ဘယ်လိုမှလက်သင့်ခံနိုင်စရာအကြောင်းမရှိဘူး" လို့ သူက ပြောပါတယ်။
ဒီကနေ့ ဗိုလ်တထောင်တရားရုံးက ၆၆ ဃ နဲ့စွဲထားတဲ့ ၇ ဦးထဲမှာ ကိုငြိမ်းချမ်းစိုးက လွဲလို့ ကျန်တဲ့ ၆ ဦးဟာ တပ်က စွဲထားတဲ့ပုဒ်မ ၅၀၅(က)နှစ်မှု၊ ၆၆ ဃ တစ်မှုနဲ့ ယခင်တည်းက ထောင်ဒဏ်အသီးသီး ကျခံနေရတာပါ။
အခု ခြောက်လ ထပ်ကျတဲ့သုံးယောက်မှာ ကိုပိုင်ဖြိုးမင်းက အရင်အမှုသုံးခုရဲ့ ပြစ်ဒဏ်တွေနဲ့ပေါင်းရင် စုစုပေါင်း ထောင်ဒဏ်သုံးနှစ် ရှိသွားပြီဖြစ်ပြီး မဆုရတနာမြင့်က ထောင်နှစ်နှစ်နဲ့ မကေခိုင်ထွန်းက ထောင်နှစ်နှစ်ခွဲ ရှိသွားပါပြီ။
ဖေဖော်ဝါရီလ ၁၇ ရက် ဒီကနေ့မှာ ဗိုလ်တထောင်တရားရုံး က ချမှတ်လိုက်တဲ့ အမှုမှာတော့ ဒေါင်းတို့မျိုးဆက် သံချပ်ထိုးတဲ့ပုံတွေ ဗီဒီယိုဖိုင်တွေကို ဒီသံချပ်အဖွဲ့ဝင် သုံးယောက်က သူတို့ရဲ့ ကိုယ်ပိုင်လူမှုကွန်ရက်အကောင့်မှာ မျှဝေခဲ့တာကြောင့် အခုလို စွဲခံရတာဖြစ်ပါတယ်။
ကိုငြိမ်းချမ်းစိုးကတော့ ယခင်အမှုတွေမှာတည်းက တရားသေလွတ်ခဲ့တာဖြစ်ပါတယ်။
၆၆ ဃ ပုဒ်မဟာ တက်ကြွလှုပ်ရှားသူလူငယ်တွေ၊ နိုင်ငံရေးသမားတွေကို ခြိမ်းခြောက်နေတဲ့ပုဒ်မဖြစ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်နေတဲ့ပုဒ်မလည်း ဖြစ်တယ်လို့ မဆုရတနာမြင့်က တရားခွင်အပြီးမှာ ဝေဖန်ပြောကြားပါတယ်။
"ဒီပုဒ်မရှိနေခြင်းအားဖြင့် နိုင်ငံရေးအာဏာ ရှိသူတွေက သူတို့ မကျေနပ်တဲ့သူကို အချိန်မရွေး ထောင်ချပစ်လို့ ရတယ်။ တရားစွဲခံရရင်လည်း တရားစွဲခံရသူကထော င်ကျခံရတယ်။ ရှေ့မှာလည်း သက်သေတွေ အများကြီးရှိတယ်။ ဒီ ဆက်သွယ်ရေးပုဒ်မက မရှိသင့်တဲ့ ဖျက်သိမ်းသင့်တဲ့ ပုဒ်မပဲ" လို့ သူကပြောပါတယ်။
သံချပ်အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ရုံးချိန်းမှာကတည်းက တရားရုံးကို မပူးပေါင်းတဲ့အနေနဲ့ သူတို့ရဲ့ ရှေ့နေပါဝါကို ရုတ်သိမ်းခဲ့ပြီး ပြန်လှန်မေးခွန်းတွေမေးမြန်းတာ၊ ဖြေကြားတာ မလုပ်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
"အဓိကက အမှုကို မြန်မြန်ဖြတ်ချင်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အမှုတိုင်းက ဒီပုံစံအတိုင်းပဲ သွားနေတယ်။ လျှောက်လဲချက်ပေးလည်း မထူးဘူး။ ဒါကြောင့် ရှေ့နေပါဝါ ရုတ်လိုက်တာ" လို့ အမှုကနေ တရားသေပြန်လွတ်လာတဲ့ သံချပ်အဖွဲ့ဝင် ကိုငြိမ်းချမ်းစိုးက ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် သင်္ကြန်ကာလမှာ တပ်မတော်ကို ဝေဖန်တိုက်ခိုက်တဲ့ စာသားတွေနဲ့ သံချပ်ထိုးခဲ့တာကြောင့် ဆိုပြီး တပ်မတော်က စုစုပေါင်း အမှု ရှစ်မှုနဲ့ သံချပ်အဖွဲ့ဝင်တွေကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းမှာ ၄ မှုနဲ့ ဧရာဝတီတိုင်းမှာ ၄ မှု စုစုပေါင်း ၈ မှု စွဲထားတဲ့အနက် ရန်ကုန်က မရမ်းကုန်းနဲ့ ဗိုလ်တထောင်တရားရုံးတို့မှာ စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (က) နှစ်မှုစီနဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နှစ်မှုစီ ကို အမိန့်ချပြီး ဖြစ်ပါတယ်။ ပုဒ်မ ၅၀၅(က) နှစ်မှုလုံးကို ထောင်တစ်နှစ်စီ ချထားပြီး ၆၆ ဃနဲ့ကတော့ ထောင်ခြောက်လစီ ချထားတာဖြစ်ပါတယ်။
လက်ရှိမှာ သံချပ်အဖွဲ့ဝင်တွေကို အင်းစိန်ထောင်မှာပဲ ထားရှိထားပါတယ်။
ဧရာဝတီတိုင်းမှာ စွဲဆိုထားတဲ့ လေးမှုလုံးကတော့ ခုချိန်ထိ ရုံးချိန်းလည်း မခေါ်သေးလို့ ရုံးတင်မတင် မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီလို တရားစွဲဆို ထောင်ချမှုတွေ ရှိနေပေမယ့် လာမယ့်သင်္ကြန်ကာလမှာ သံချပ်တွေ ဆက်ထွက်သွားမှာဖြစ်ပြီး တပ်မတော်ကို ထိုက်သင့်တဲ့ ပြောဆိုဝေဖန်မှု တွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
"သင်္ကြန်မှာ သံချပ်က ဆက်ထွက်မြဲ ထွက်မှာဖြစ်တယ်။ အပြင်မှာရှိတဲ့လူတွေ ဆက်ထွက်မှာပါ။ တပ်မတော်နဲ့ ပတ်သက်ပြီး ရှောင်ထိုးစရာတော့မရှိ။ ပြောသင့်တာတော့ ပြောမယ်။ အဲဒီထဲကမှ ဝါသနာပါလို့ ဝင်ထိုးပြီး ကြောက်တဲ့သူတွေ အတွက်တော့ အန္တရာယ်ဖြစ်လောက်တဲ့ စာသားတွေ ရှောင်ပေးဖို့ရှိတယ်" လို့ ကိုငြိမ်းချမ်းစိုးက ပြောပါတယ်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ပုဒ်မ ၅၀၅ (က) နဲ့ မရမ်းကုန်းနဲ့ ဗိုလ်တထောင်တရားရုံးတို့က ထောင်တစ်နှစ်စီ ချခဲ့သလို ၆၆ ဃ နဲ့ ခြောက်လ ကျခံနေရပါတယ်။
ပုဒ်မ ၅၀၅ (က) က တပ်မတော်ကို ပြိုကွဲအောင်၊ တပ်မတော်မှာ အလုပ်ကိစ္စတွေကိုမဆောင်ရွက်စေလိုအောင် ရည်ရွယ်ချက်နဲ့ ကောလာဟလလွှင့်သူတွေကို တရားစွဲတဲ့ပုဒ်မဖြစ်တယ်လို့ ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ရဲ့ ယခင်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ရှင်းပြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း သင်္ကြန်ကာလမှာ ဖျော်ဖြေမယ့် သံချပ်တွေကို သက်ဆိုင်ရာ စိစစ်ရေး အဖွဲ့ကို တင်ပြပြီး ဆင်ဆာအဖွဲ့က စိစစ်ပြီးမှ ခွင့်ပြုမယ်လို့ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။
ဒါပေမဲ့ ဒေါင်းတို့မျိုးဆက်ကတော့ သံချပ်စာသားတွေကို ဆင်ဆာမတင်ခဲ့ပါဘူး။ အခုလာမယ့် သင်္ကြန်ကာလမှာလည်း သံချပ်ထွက်တဲ့အခါ စာသားတွေကို ဆင်ဆာတင်မှာ မဟုတ်ဘူးလို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေက ပြောကြားထားပါတယ်။