ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေ မြန်မာပြည်ပြန်ရင် မှတ်ပုံတင်ပေးမယ်
မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ထိုင်းအာဏာပိုင် တစ်ချို့ဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မယ်လဒုက္ခသည် စခန်းကို လာရောက် လည်ပတ်ခဲ့ပြီး ဒုက္ခသည်တွေ မြန်မာပြည် ပြန်မယ် ဆိုရင် မြန်မာအစိုးရ မှတ်ပုံတင် လုပ်ပေးမယ်လို့ ပြောသွားကြောင်း ဒုက္ခသည် စခန်းက တာဝန်ရှိသူတွေက ပြောပါတယ်။
ကရင်ဒုက္ခသည်များကော်မတီရဲ့ ဥက္ကဋ္ဌ စောရောဘတ်ထွေးက ' ဒီနေ့လာတဲ့ လူတွေက နိုင်ငံခြားရေးဝန်ကြီးတယောက်၊ နယ်စပ်ရေးရာတယောက်၊ ထိုင်းအာဏာပိုင်တယောက် လာပြီးတော့ ဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့အခါ ဒုက္ခသည် တွေက ကိုယ့်သဘောနဲ့ကို ပြန်လာရင် အစိုးရက လက်ခံမယ်' လို့ ဆွေးနွေးတဲ့ သဘောလို့ ဆိုပါတယ်။
အခု မယ်လ ၊ အုန်းဖျဒုက္ခသည် စခန်းက လူတွေကတော့ အများစုကတော့ ပြန်ဖို့ စိတ်ဝင်စားနေကြ ပေမယ့် မှတ်ပုံတင်က အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်စခန်းက လူတွေက ဆိုပါတယ်။
ဒုက္ခသည် အများစု ပြန်လာဖို့ နောက်ထပ် အခက်အခဲကတော့ လုပ်ကိုင်စားသောက်ဖို့နဲ့ နေထိုင်ဖို့ မြေမရှိတာ ပဲဖြစ်ပြီး အစိုးရဘက်က အကူအညီတွေ လိုနေတာဖြစ်ပါတယ်။
အစိုးရဘက်ကတော့ ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ အစီအစဉ်ရှိပုံ မရဘူးလို့ စောရောဘတ်ထွေးက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်၊ ဒီကနေ့မှာတော့ အဆိုပါမြန်မာနိုင်ငံက တာဝန်ရှိသူတွေဟာ အုန်းဖျဒုက္ခသည် စခန်းကို သွားမှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာတော့ နို့ဖိုးဒုက္ခသည်စခန်းကို သွားရောက်မှာ ဖြစ်ပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ မယ်လ၊ အုန်းဖျ စတဲ့ဒုက္ခသည် စခန်းပေါင်း ၉ ခုရှိပြီး လူဦးရေ ၇ သောင်းကျော်ရှိတယ်လို့ ကရင်ဒုက္ခသည်များ ကော်မတီရဲ့ စာရင်းများအရ သိရပါတယ်။
ဒုက္ခသည်စခန်းတွေမှာ အခုနောက်ပိုင်း အလှူရှင်တွေ လျော့နည်းလာခဲ့သလို ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေး အပါအဝင် အထောက်အပံ့တွေ လျော့ကျ လာတာကြောင့် လူငယ်တွေဟာ ထွက်ပေါက် ပိတ်နေတဲ့ အနေအထား ကြုံတွေ့ နေရတယ်လို့ ဒုက္ခသည်စခန်းက လူတွေက ပြောပါတယ်။
ထိုင်းအစိုးရက တားမြစ်ထားတာကြောင့် ဒုက္ခသည်စခန်းတွေထဲက တိုင်းရင်းသားတွေဟာ စခန်းပြင်ပကို ထွက်ခွင့်မရှိသလို တရားဝင် အလုပ်လုပ်ကိုင်ခွင့်လည်း မရှိပါဘူး။
တားမြစ်ထားတဲ့ကြားထဲက ထိုင်းနိုင်ငံတွင်း အလုပ်ဝင်လုပ်ရင်း ထိုင်းရဲ တွေ ဖမ်းဆီးတာ ကိုခံရသလို ဖမ်းဆီးခံရသူတွေရဲ့ စခန်းတွင်း ကျန်ရစ်ခဲ့တဲ့ ကလေးငယ်တွေမှာလည်း စိတ်ဒဏ်ရာတွေ ရှိတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်သူတွေက ဆိုပါတယ်။
နှစ်ပေါင်းများစွာ အပြင်ထွက်ခွင့်မရတာအပြင် တရားဝင်အလုပ်အကိုင်အခွင့်အလမ်းလည်း အရင်ကထက်ပို နည်းပါးတဲ့အတွက် လူငယ်တွေမှာ မျှော်လင့်ချက်မဲ့တဲ့အနေအထားရှိလာပြီး ပြီးခဲ့တဲ့ ၂၀၁၈ ကစလို့ မိမိကိုယ်ကိုယ် သတ်သေမှုများလာပါတယ်။