ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မန္တလေး တက္ကသိုလ်ပါချုပ် အငြိမ်းစားပေးပေမဲ့ သပိတ်စခန်းဆက်ဖွင့်မယ်
မန္တလေး တက္ကသိုလ်က စားသောက်တန်း တည်ဆောက်ရေးမှာ သမ္မတရုံးရဲ့ အမိန့်နဲ့ညွှန်ကြားချက်ကို မလိုက်နာဘူးဆိုပြီး ပါမောက္ခချုပ် ဒေါက်တာ သီတာဝင်းကို အငြိမ်းစားပေးလိုက်ပေမဲ့ သပိတ်စခန်းကို ဆက်ဖွင့်ထားမယ်လို့ သပိတ်မှောက်တောင်းဆိုနေတဲ့ ကျောင်းသားသမဂ္ဂက ကျောင်းသားတွေက ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၂၈ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ပညာရေး နှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောနေတုန်း ပညာရေး တက္ကသိုလ်နဲ့ ကောလိပ် ကျောင်းသားတချို့က မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ သပိတ်ကိစ္စ ဖြေရှင်းရေးအပါအဝင် အချက် ၅ ချက်ကို ဖြေရှင်းပေးဖို့ ဆန္ဒပြခဲ့အပြီးမှာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ကို အငြိမ်းစားပေးလိုက်ကြောင်း မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မန္တလေးတက္ကသိုလ်ထဲက စားသောက်တန်း လုပ်ပိုင်ခွင့်ကို အော်ရီယန်တဲလ်ဟောက်စ် စားသောက်ဆိုင် လုပ်ငန်းစု တစ်ခုတည်းကို ကျောင်းအာဏာပိုင်တွေဘက်က တင်ဒါ မခေါ်ဘဲ လုပ်ကိုင်ခွင့်ပြုခဲ့တာအပေါ် စုံစမ်းစစ်ဆေးပေးဖို့ အပါအဝင် အချက်လေးချက်ကို ကျောင်းသားတွေဘက်က တောင်းဆိုနေတာပါ။
အခုလို ပါမောက္ခချုပ် ဒေါ်သီတာဝင်းကို အငြိမ်းစားပေးလိုက်တာနဲ့ ပတ်သက်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ် ကော်မတီဝင် မယမင်းသူက "မန္တလေးတက္ကသိုလ်ကို အသုံးချပြီး ကိုယ်ကျိုးရှာတဲ့ ပါမောက္ခချုပ်ကို အလိုမရှိတဲ့အတွက်ကြောင့် ဒေါ်သီတာဝင်းကို အငြိမ်းစားပေးလိုက်တယ်ဆိုတာ တောင်းဆိုချက်ထဲက အစိတ်အပိုင်းတစ်ခုပဲလို့ ပြောလို့ရတယ်"
"မှန်ကန်မျှတသောရလဒ် အပြီးသတ်စုံစမ်းစစ်ဆေးမှုရလဒ် အမြန်ဆုံးထုတ်ပြန်ပေးရေးဆိုတဲ့ အချက်ကလည်း ရှိသေးတယ်"
"နောက်ဒီပါမောက္ခချုပ်တင် မဟုတ်ဘူး။ အဲဒီတုန်းက စီမံဘဏ္ဍာ ဌာနမှူး ရှိတယ်။ စုံစမ်းစစ်ဆေးမှု စတင်လိုက်တဲ့ အချိန်မှာပဲ သူ့ကို Transfer ပေးလိုက်တယ်။ အဲဒီလို ပေးတာသည် သူ့ဘာသူ ရိုးရိုးတန်းတန်း Transfer သွားတာလား၊ ဒါမှမဟုတ် အပြစ်ရှိလို့ သူ့ကို Transfer ပေးလိုက်တာလား။ အဲဒါကလည်း မေးခွန်းထုတ်စရာ ရှိသေးတယ်" လို့ ပြောပါတယ်။
ပါမေက္ခချုပ်ကို အငြိမ်းစားပေးတာဟာ သပိတ်စခန်းတောင်းဆိုချက် လေးချက်ထဲက တစ်ချက်သာ ရရှိသေးတာ ဖြစ်ပြီး အဂတိတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားထားတာက ဘာမှထူးခြားမှု မရှိသေးတဲ့အတွက် သပိတ်စခန်း ဆက်ဖွင့်ထားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ကျန်နေသေးတဲ့ တောင်းဆိုချက်တွေဖြစ်တဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို အရေးယူပေးရေး၊ ပညာရေး ဝန်ကြီးဌာန အချိန်ဆွဲ ဘက်လိုက်ဖြေရှင်းမှု မရှိရေးနဲ့ အပြီးသတ် စုံစမ်းစစ်ဆေးရေး ရလဒ် အမြန်ထုတ်ပေးဖို့ ဆက်လက်တောင်းဆိုသွားမယ်လို့ မယမင်းသူက ပြောပါတယ်။
အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကတော့ ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်းဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးခဲ့တာဖြစ်ပြီး ပါမောက္ခချုပ်ကို စုံစမ်းစစ်ဆေးနေတာ ကြာပြီလို့ ဘီဘီစီကို ပြောပါ တယ်။
"ကျွန်တော့်ဘက်ကတော့ ကျွန်တော်မန္တလေးလာတယ်။ သူ့ကို အမိန့်စာ လာပေးတယ်။ ဒါပဲ။ ကျွန်တော့်ရဲ့ ဦးစီးတဲ့ အောက်မှာရှိတဲ့ တက္ကသိုလ်ရဲ့ ပါချုပ်မို့လို့ ကျွန်တော်ကိုယ်တိုင်လာပေးတာ။ အခုလောလောဆယ် မန္တလေးတက္ကသိုလ်မှာ ဒုချုပ် သုံးယောက်ရှိတယ်။ လောလောဆယ် စီမံခန့်ခွဲမှု ဆက်လက်သွားလို့ရအောင် စီနီယာအဖြစ်ဆုံး အကြီးဆုံးတစ်ယောက်ကို ယာယီ Authority ပေးထားတယ်"
စားသောက်ဆိုင်တန်းဖွင့်တာကို ကျောင်းသားတွေဘက်က မူအားဖြင့် လက်ခံပေမယ့် ဒီလို ဥပဒေနဲ့ မညီဘဲ လုပ်ကိုင်ခွင့်ပြုတာအပြင် ကျောင်းမြေကို အလကားနီးပါး လုပ်ကိုင်ခွင့်ပေးပစ်ခဲ့တယ်ဆိုတဲ့အချက်နဲ့ စုံစမ်းစစ်ဆေးဖို့ မန္တလေး တက္ကသိုလ်ကျောင်းသားသမဂ္ဂက ၂၀၁၉ နှစ်လယ်ပိုင်းမှာ ပညာရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ၂၀၁၉ ခုနှစ် စက်တင်ဘာမှာ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး ကျောင်းထဲမှာ သပိတ်စခန်း ဖွင့် ကန့်ကွက်ခဲ့ပါတယ်။
ကြားမှာ သပိတ်စခန်း ခေတ္တရပ်နားခဲ့ပြီးတဲ့နောက် ဇန်နဝါရီလဆန်းမှာ ဒုတိယအကြိမ် သပိတ်စခန်း ထပ်ဖွင့်ချိန်မှာ တော့ အော်ရီယန်တဲလ်ဘက်ကလည်း စားသောက်တန်းကို ပိတ်သိမ်းထားခဲ့ပါတယ်။