ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗစ်တိုးရီးယားအမှု - အချက်သုံးချက် ဆောင်ရွက်မယ်လို့ ရှေ့နေအသင်းပြော
ဗစ်တိုးရီးယားအမှုအတွက် အမှန်တရားပေါ်ပေါက်ရေး ဆောင်ရွက်မယ့် ကော်မတီကို ကလေးရဲ့ မိသားစုက ကိုယ်စားလှယ်လွှဲလိုက်ပြီးနောက် အမှုကို ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်မယ့် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (ILAM) က ကော်မတီနဲ့ သဘောတူထားတဲ့ အချက်သုံးချက်ကို ဆောင်ရွက်မယ်လို့ အဲဒီရှေ့နေအသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦးက ဘီဘီစီကို ပြောပါတယ်။
ကော်မတီနဲ့ သဘောတူထားတဲ့ သုံးချက်က ( ၁)ဗစ်တိုးရီးယားအမှုမှာ အမှန်တရား ပေါ်ပေါက်ဖို့ (၂) ပြစ်မှုကြောင်းမြောက်တဲ့ကိစ္စတွေကို ပြစ်မှုကြောင်းအရ တရားစွဲဖို့ (၃) ကလေးငယ်မိသားစု နစ်နာကြေးကို တရားစွဲတောင်းဖို့တို့ ဖြစ်တယ်လို့ ပြောပါတယ်။
တရားစွဲဆိုရာမှာ ဘယ်သူတွေကို စွဲဆိုမယ်ဆိုတာကိုတော့ ဗစ်တိုးရီးယားမိသားစုနဲ့ ရှေ့နေတွေ တွေ့ဆုံပြီး မိသားစု သဘောတူညီချက်ရမှ ဘယ်သူ့ကို စွဲဆိုမယ်ဆိုတာ ဆုံးဖြတ်မယ်လို့လည်း ဦးသိန်းသန်းဦးက ပြောပါတယ်။
"သူတို့ကိုယ်စားလှယ်လွှဲထားပေမဲ့ တချို့ပြစ်မှုတွေက ကိုယ်စားလှယ်နဲ့စွဲလို့ရတယ်၊ တချို့က ကိုယ်တိုင်တရားလိုလုပ်ရတယ်။ အဲတော့ သူတို့ဘက်က သဘောတူညီမှုရှိဖို့လိုတယ်" လို့ ပြောပါတယ်။
ဒီအမှုရဲ့ သံသယ တရားခံ ကိုအောင်ကြီး တရားရှင်လွတ်မြောက်သွားပြီးနောက် ရဲက သတင်းစာရှင်းလင်းရာမှာ ဗစ်တိုးရီးယားမိသားစု အချက်အလက်နဲ့ နေရပ်စတာတွေကို ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းစဉ်မှာ ထုတ်ပြောခဲ့သလို ၊ရဲတပ်ဖွဲ့ သတင်းတွေ တင်တဲ့ ရဲဇာနည်စာမျက်နှာမှာ ဖော်ပြောခဲ့တာကြောင့် မိသားစုက ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
အခုလို ကလေးနဲ့ မိသားစု အချက်အလက်တွေ ထုတ်ပြောခဲ့တာနဲ့ ပတ်သက်လို့ ဥပဒေအရ ဆောင်ရွက်ဖို့ ဗစ်တိုးရီးယားအမှု အမှန်တရားတောင်းဆိုရေး ကော်မတီက စာရေးဆရာ ထင်လင်းဦးကို ကလေးရဲ့ ဖခင်က ဒီဇင်ဘာ နောက်ဆုံးပတ်မှာ ကိုယ်စားလှယ် လွှဲပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုလွှဲအပ်ခဲ့လို့ ကော်မတီ ဦးဆောင်သူ စာရေးဆရာထင်လင်းဦးက ဇန်နဝါရီလ ၂ ရက်မှာ ILAM ကို အခုလို အမှုအပ်နှံလိုက်တာ ဖြစ်ပါတယ်။
"၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၉၆ (ဃ) ကို ချိုးဖောက်ထားတာလေ။ (ဆက်သွယ်ရေး ဥပဒေ ပုဒ်မ) ၆၆ (ဃ) ကို ယူရင်လည်း ရတယ်။ ဒါပေမဲ့ ကလေးသူငယ် အခွင့်အရေးနဲ့ တိုက်ရိုက်ငြိပါတယ်" လို့ ဦးသိန်းသန်းဦးက တရားစွဲဆိုရေးနိုင်မယ့် ဥပဒေ ပုဒ်မနဲ့ ပတ်သက်ပြီး ပြောပါတယ်။
"ကျူးလွန်တဲ့ မည်သူကို မဆို ကျွန်တော်တို့စွဲမှာ။ မည်သူမဆို ကျူးလွန်လို့ရှိရင် ဘယ်တပ်ဖွဲ့ဝင်ပဲဖြစ်ဖြစ်၊ ဘယ်ရာထူးရှိတဲ့သူပဲဖြစ်ဖြစ် ကျွန်တော်တို့စွဲမှာ" လို့ ပြောပါတယ်။
"ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်းဆိုတဲ့အထဲမှာ ရဲပါတယ်။ ရဲနဲ့ ပြည်သူ့ဝန်ထမ်းကို တရားစွဲရင် သက်ဆိုင်ရာ အဖွဲ့အစည်းပေါ့၊ အထူးသဖြင့်တော့ သမ္မတဆီကို ခွင့်ပြုမိန့်တောင်းရတယ်။ ဒါက ရာဇဝတ်မှုပေါ့နော်"
"တရားမကြောင်းကျတော့ အဲဒီလိုမဟုတ်ဘူး။ တရားမကြောင်းကျတော့ ခွင့်ပြုချက်မယူရတာ မဟုတ်ဘူး။ တရားမကျင့်ထုံး ဥပဒေအရ တစ်လကြိုတင်ပြီး သူ့ရဲ့ အထက်အဖွဲ့အစည်းကို နို့တစ်စာပေးရတယ်" လို့ ပြောပါတယ်။
ဗစ်တိုးရီးယား အမှု အမှန်တရားပေါ်ပေါက်ရေးဆောင်ရွက်မယ့် ကော်မတီက ရဲဇာနည် စာမျက်နှာက တာဝန်ရှိသူကို တရားစွဲမယ်လို့ ပြောထားတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ တရားစွဲဆိုမယ်ဆိုရင် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ဦးသိန်းသန်းဦးက အထက်ပါအတိုင်း ပြောတာဖြစ်ပါတယ်။
တရားစွဲဆိုမယ့် နေရာနဲ့ ပတ်သက်လို့တော့ "နေပြည်တော်မှာ စီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံးမှာ စွဲပြီးတော့ နစ်နာကြေးကတော့ သိန်း ၁၀၀ နဲ့အထက်ဆိုရင် ခရိုင်ကိုရောက်ပါမယ်။ တကယ်လို့ တောင်းတဲ့ နစ်နာကြေးက သိန်းတစ်သောင်းနဲ့အထက်ဆိုရင် တိုင်းလွှတ်တော်ရောက်မယ်။ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော်တို့ကတော့ (မန္တလေး)တိုင်းလွှတ်တော်မှာ စွဲဖို့ စိတ်ကူးတာပေါ့။ ဒါကာယကံရှင်နဲ့ ညှိရဦးမယ်" လို့ ပြောပါတယ်။
ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက် ရေးအတွက် ရှေ့နေတွေ၊ ဥပဒေပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေ ပါတဲ့ ကော်မတီကို ဒီဇင်ဘာလ ၂၂ ရက်က ဖွဲ့စည်းခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကလေးရဲ့နစ်နာမှုတွေ အတွက် ထိုက်သင့်တဲ့တာဝန်ယူမှု တာဝန်ခံမှုတွေကို ဖော်ဆောင် နိုင်ဖို့ အတွက် ဒီကော်မတီက လုပ်သွားမယ်လို့ ဗစ်တိုးရီးယားအတွက် အမှန်တရား တောင်းဆိုမှု ကော်မတီက ထုတ်ပြန်ထားပါတယ်။