မူးယစ်ဆေးထိုးအပ်တွေကြောင့် ထွေအုပ်နဲ့ ရဲကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါသထွက်၊ ဗီယက်နမ်ဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ် ဒီနေ့စတင်မယ် အပါအဝင် ဒီဇင်ဘာ ၁၆ ရက် မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

(၁) မူးယစ်ဆေးဆေးထိုးအပ်တွေကောက်လာပြီးတင်ပြတဲ့ပြည်သူကြောင့် ထွေအုပ်နဲ့ ရဲကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါသထွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ထဲက ကျွန်းလှခုံကျေးရွာမှာ ခြောက်တန်း၊ ခုနစ်တန်းကလေးတွေက အစ မူးယစ်ဆေးဝါးကို ပွဲလမ်းသဘင်အလားသုံးစွဲနေကြတယ်လို့ အဲဒီရွာခံ ဒေါ်မိမိကြီး ဆိုသူက စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို တင်ပြခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်က ကောလင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်နဲ့ ဒေသခံပြည်သူလူထုတွေ့ဆုံပွဲမှာ ဒေါ်မိမိကြီးက တင်ပြခဲ့တာဖြစ်ပါတယ်။

သူဟာ ဒီတွေ့ဆုံပွဲကိုမလာခင် မနက်ပိုင်းမှာ သူ့ရွာကနေ ကောက်လာခဲ့တဲ့ ဆေးထိုးအပ် တောင်း တစ်တောင်းကိုလည်း ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို တင်ပြခဲ့ပါတယ်။

"ဒါ ကျွန်မတစ်မနက်ခင်း ကောက်လာတဲ့အပ်တွေပါ (အပ်တွေထည့်ထားတဲ့ပလတ်စတစ်တောင်းကို ကိုင်ပြလျက်)။ ဝန်ကြီးများအစိုးရအဖွဲ့များ မယုံရင် ကျွန်မနဲ့အတူလိုက်ပြီး အပ်ကောက်ပွဲကျင်းပလို့ရပါတယ်။ ဒီမှာ အပ်တွေမှာ သွေးစတွေနဲ့ပါ။ ရွာသူရွာသားတွေလည်း အရမ်းစိုးရိမ်နေကြတယ်။ ဒါပေမဲ့ ပြောမယ့် သူမရှိဘူး။ ရွာမှာလည်း အုပ်ချုပ်ရေးမှူးမရှိဘူး။ ဒါလည်း လူမျိုးတုံးသတ်ဖြတ်မှုထဲမှာပါဝင်တဲ့အတွက် ကျွန်မကို သတ်ချင်သတ်ပါစေ။ ဒါ သမ္မတထိတင်မှာ" လို့ ဒေါ်မိမိကြီးက ပြောပါတယ်။

ကျွန်းလှခုံကျေးရွာမှာ လမ်းမီးတိုင်တွေလည်းမရှိတဲ့အတွက် မှောင်းမည်းနေပြီး အဲဒီမှာ မူးယစ်ဆေး ရှော့ခ်ဖြစ်ပြီး သေတဲ့သူတွေလည်း အများကြီးရှိနေတာကို အပေါ်က တာဝန်ရှိလူကြီးတွေလည်း သိမယ်လို့ ထင်ကြောင်း ဒေါ်မိမိကြီးက ပြောပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် ဒေါ်မိမိကြီးကို ကျေးဇူးတင်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားပြီး ချက်ချင်းပဲ ပွဲထဲမှာ ရှိနေတဲ့ အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဒေါသထွက်ကြိမ်းမောင်းခဲ့ပါတယ်။

"မြို့နယ်ထွေအုပ် ထစမ်းပါဦး။ မင်း အဲဒါ ဘာလုပ်နေတာလဲ။ ငါ မူချထားတယ်နော်။ အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ မူးယစ်ဆေးဝါးကို လုပ်ရပါမယ်ဆိုတာ ငါပြောထားတယ်။ ဘယ်မှာလဲ။ ဘာလုပ် နေတာလဲ မင်းတို့တွေ၊ အဲဒါကို စာတင်စမ်း၊ သေချာရေး၊ ကိုယ့်သားသမီးရောင်းပါစေ၊ ကိုယ့်ဦးလေးအဒေါ် ကိုယ့်ဆွေမျိုးရောင်းပါစေ သတင်းပေးပါ လုပ်ပါလို့ ငါအတန်တန် ပြောတယ်။ ခင်ဗျားဘာလုပ်နေလဲ။ ဒီလောက်မူးယစ်ဆေးဝါး တောင်းကြီးနဲ့ပြလာပြီ"လို့ ဒေါသထွက် ကြိမ်းမောင်းသွားတာပါ။

တစ်ဆက်တည်းမှာပဲ တွေ့ဆုံပွဲမှာ သူနဲ့အတူရှိနေတဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်ကိုလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ပြောကြားစေခဲ့ပါတယ်။

"ကျေးဇူးတင်ပါတယ်။ အခုဒီမှာ ရှိတဲ့တာဝန်ရှိသူတွေအလုပ်မလုပ်ဘူးဆိုရင် ကျွန်တော်တို့ကိုတင်ပြပေးပါ။ ဒီအနေအထားက ကျွန်တော်တို့လည်း ဒီရောက်မှသိတာပါ။ ဒီလိုသတင်းတွေပေးနေမှ ဗဟိုကနေ ဆင်းစစ် ခိုင်းပြီး အရေးယူဆောင်ရွက်ရမှာဖြစ်တယ်။ ဒီလိုတွေဖြစ်နေတာကို သတင်းပေးတင်ပြဖို့လိုပါတယ်" လို့ နယ်လုံဝန်ကြီးက ပြောခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟာ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်မှာ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ မဏ္ဍိုင်သုံးရပ်နဲ့ ပြည်သူလူထု တွေ့ဆုံပွဲ တက်ရောက် နေပါတယ်။

(၂)ဗီယက်နမ်ဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ် ဒီနေ့စတင်မယ်

ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု မြန်မာနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒီဇင်ဘာ ၁၆ ရက် ညပိုင်းမှာရောက်ရှိလာမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ဘီဘီစီကို အတည်ပြုပါတယ်။

သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ သုံးရက် ကြာလာရောက်မယ့် ဗီယက်နမ်ဝန်ကြီးချုပ်ဟာ နေပြည်တော်မှာ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊လွှတ်တော်ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။

ဒါ့အပြင် နေပြည်တော်အပြီး ရန်ကုန်ကိုလည်း လာရောက်ဖို့ရှိနေတယ်လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

သူ့ခရီးစဉ်အတွင်း နားလည်မှုစာချွန်လွှာသုံးခု လက်မှတ်ရေးထိုးဖို့ရှိနေပြီး မြန်မာဗီယက်နန်နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် နှစ်ပတ်ကြာ သွားလာလည်ပတ်နိုင်ရာကနေ အခု တစ်လအထိ သက်တမ်းတိုးခွင့်ပြုသဘောတူညီဖို့လည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့လကတည်းက သူ့ရဲ့မြန်မာခရီးစဉ်ကို စီစဉ်ခဲ့ပေမယ့်အကြောင်းမညီညွတ်လို့ ခုမှ ပြန်လည်စီစဉ်ဖြစ်တာဖြစ်တယ်လို့လည်း နိုင်ငံခြားရေးတာဝန်ရှိသူက ဆိုပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ်ဟာ ဒီအစိုးရလက်ထက်မှာ မြန်မာနိုင်ငံကိုပထမဆုံးအကြိမ်လာရောက်တာဖြစ်ပြီး သမ္မတဦးဝင်းမြင့်က ဗီယက်နမ်ကိုတစ်ကြိမ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သုံးကြိမ် သွားရောက်ထားပါတယ်။

(၃) ကွန်ဂိုမှာ လက်နက်ကိုင်တွေတိုက်ခိုက်လို့ လူ နှစ်ဆယ်ကျော်သေဆုံး

ကွန်ဂိုမှာ အစိုးရဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် လူအနည်းဆုံး ၂၂ ဦး သေဆုံးသွားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒီမိုကရက်တစ်အင်အားစု လို့ ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီးအများစု ပါဝင်တယ်လို့လည်း အစိုးရဘက်ကပြောပါတယ်။

ဒီလက်နက်ကိုင်အဖွဲ့ဟာ လွန်ခဲ့တဲ့နှစ် ၂၀ လောက်တုန်းက ယူဂန္ဓာနိုင်ငံမှာ အခြေချလှုပ်ရှားပြီး ကွန်ဂိုအစိုးရ အဆက်ဆက်ကိုတော်လှန်မှုတွေလုပ်နေတာဖြစ်ပါတယ်။

အဆိုပါတပ်ဖွဲ့ရဲ့အရပ်သားတွေအပေါ် ဦးတည်တိုက်ခိုက်မှုတွေကြောင့် လွန်ခဲ့တဲ့ငါးနှစ်အတွင်း ပြည်သူရာနဲ့ချီသေဆုံးခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။

(၄) အိန္ဒိယမှာ နိုင်ငံသားဥပဒေသစ်ဆန္ဒပြမှုတွေကို မျက်ရည်ယိုဗုံးနဲ့ ဖြိုခွင်း

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာတော့ အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံသားဥပဒေကြောင့် ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ဆန္ဒပြသူတွေက ဖြိုခွင်းခဲ့ပါတယ်။

ဆန္ဒပြသူတွေဘက်ကလည်း လမ်းတွေကို ပိတ်ဆို့တာ၊ ကားတွေကိုမီးရှို့တာ စတဲ့နည်းလမ်းတွေနဲ့ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေကို ပြန်လည် တုံ့ပြန်နေကြပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာမဟုတ်ဘဲ ဥပဒေအရ ထိထိရောက် ရောက်အရေးယူဖို့လိုအပ်နေပြီလို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အိန္ဒိယရဲ့အိမ်နီးချင်းနိုင်ငံတွေမှာ ဘာသာရေးဖိနှိပ်မှုခံခဲ့ရသူတွေ အိန္ဒိယနိုင်ငံထဲ ထွက်ပြေးလာတဲ့အခါ နိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ ဥပဒေသစ်ပြဌာန်း လိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီလိုနိုင်ငံသားဖြစ်ခွင့်ပေးမယ့်အထဲ အစ္စလာမ်ဘာသာဝင်တွေမပါတဲ့အတွက် ခွဲခြားဆက်ဆံတာဆိုပြီး နိုင်ငံမြောက်ပိုင်းမှာဆန္ဒပြမှုကြီးတွေ ဖြစ်ပေါ်နေတာဖြစ်သလို လူသေဆုံးမှုတွေလည်း ရှိလာနေပါတယ်။

(၅) ကမ္ဘာ့ရာသီဥတုညီလာခံမှာ သဘောတူညီချက်မရတဲ့အပေါ် ကုလအတွင်းရေးမှူးချုပ် ဝေဖန်

စပိန်နိုင်ငံ၊ မက်ဒရစ်မှာလုပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုလျှော့ချနိုင်ရေး ကုလသမဂ္ဂ ဆွေးနွေးပွဲမှာ ခိုင်မာတဲ့လုပ်ဆောင်ချက်တွေချမှတ်ဖို့ အမေရိကန်နဲ့ဘရားဇီး စတဲ့နိုင်ငံတွေက တားမြစ်ခဲ့တယ်လို့ ကိုယ်စားလှယ်တချို့က စွပ်စွဲပြောကြားလိုက်ပါတယ်။

လာမယ့်နှစ် စကော့တလန်မှာ ကျင်းပမယ့်ရာသီဥတုညီလာခံကျမှ ဘယ်လိုလုပ်ဆောင်ကြမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ ခုလိုလုပ်ငန်းအစီအစဉ်သတ်မှတ် ရေးကို အမေရိကန်၊ တရုတ်နဲ့ အိန္ဒိယအစရှိတဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ညစ်ညစ်မှုအများဆုံးဖြစ်စေတဲ့နိုင်ငံ တွေက အစောပိုင်းက ဆန့်ကျင်နေခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ရာသီဥတုကို ပြောင်းလဲဖို့ အတွက် ဆွေးနွေးတဲ့အစည်းအဝေးမှာ သဘောတူညီမှုမရခဲ့တာဟာ ရတောင့်ရခဲအခွင့်အရေးကို ဆုံးရှုံးသွားတာလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ် က ပြောပါတယ်။