ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ
(၁) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
မြန်မာနိုင်ငံကို ၂ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်လာခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ဒီဇင်ဘာ ၈ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး မြန်မာ-တရုတ် ၂ နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တွေ့ဆုံခဲ့ပြီးမှာတော့ မစ္စတာ ဝမ်ယိဟာ တရုတ် CNPC ကုမ္ပဏီက အကောင်အထည်ဖော်နေတဲ့ တရုတ်-မြန်မာ ရေနံပိုက်လိုင်းစီမံကိန်း၊ မြနန်းစံကျော် ရွှေနန်းတော်၊ မန္တလေးတောင်နဲ့ ကုသိုလ်တော်ဘုရားတွေကို သွားရောက်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
အဲ့ဒီနောက် ဒီဇင်ဘာ ၈ ရက်နေ့ ညပိုင်းမှာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ကူမင်းကို ပြန်သွားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့လည်း တွေ့ခဲ့ပြီး ကုန်သွယ်ရေးမူဝါဒ ဖြေလျှော့ရေး၊ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းထဲမှာပါတဲ့ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနဲ့ နယ်စပ်စီးပွားရေးဇုန် စီမံကိန်းတွေကို ဆွေးနွေးခဲ့တယ်လို့လည်း သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
မစ္စတာ ဝမ်ယိဟာ မြန်မာက လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ဖောက်ဖျက်နေတယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားတာကို သွားဖြေရှင်းမယ့် ရက်ပိုင်းအလိုမှာ ရောက်လာတာလည်း ဖြစ်ပါတယ်။
မြန်မာ တရားစွဲဆိုခံထားရတာနဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က နိုင်ငံတကာ တရားရုံး ICJ မှာ လာမယ့် သီတင်းပတ် ဒီဇင်ဘာလ ၁၀ ရက်ကနေ ၁၂ မှာ စတင်ကြားနာမှာ ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရားစွဲဆို လျှောက်ထားမှုကို တုံ့ပြန်ဖို့ သည်ဟိဂ်မြို့ကို ဒီဇင်ဘာ ၈ ရက်နေ့က ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
(၂) နိုင်လွတ်လုံ ဥပဒေနဲ့ ပတ်သက်လို့ ရှေ့နေချုပ်ရုံးက ညွှန်ကြားချက်ထုတ်ပြန်
နိုင်လွတ်လုံလို့ လူသိများတဲ့ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေနဲ့ တရားစွဲဆိုနေတာနဲ့ ပတ်သက်လို့ ရှေ့နေချုပ်ရုံးက ညွှန်ကြားချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ရှေ့နေချုပ် ဦးထွန်းထွန်းဦး လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ထဲမှာတော့ နိုင်ငံတော်သမ္မတ (ဒါမှမဟုတ်) ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဒီဥပဒေပါပြစ်မှုဟာ နိုင်ငံသားအချင်းချင်း ထိခိုက်နစ်နာစေဖို့ ပြုမှုတဲ့ ပြစ်မှုတွေမှာ သက်ဆိုင်ခြင်းမရှိဘူး လို့ ဖော်ပြပါတယ်။
နိုင်လွတ်လုံ ဥပဒေဟာ အန်န်အယ်လ်ဒီ အစိုးရတက်လာပြီးနောက် ပြဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပြီး ပါတယ်။ ဒါပေမဲ့လည်း ဥပဒေပြဌာန်းပြီးတဲ့နောက် ဥပဒေရဲ့ အဓိက ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ကွဲလွဲစွာ တရားစွဲဆိုတာတွေရှိလို့ လူ့အခွင့်အရေးအဖွဲ့တွေ၊ ရှေ့နေတွေက ပြန်လည်တင်ပြ ဆွေးနွေးတာတွေ ရှိခဲ့ပြီး ဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆိုမှုတွေပေါ်ထွက်လာခဲ့ပါတယ်။
ဒီအတွက်ကြောင့် ရှေ့နေချုပ်ရုံးက သက်ဆိုင်ရာဥပဒေရုံးတွေကို ညွှန်ကြားတာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးဦးက ပြောပါတယ်။
အန်န်အယ်လ်ဒီအစိုးရ တက်လာပြီးနောက်ပိုင်း ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ ကို ပြင်ဆင်ပြီးနောက်ပိုင်းမှာ တချို့တွေဟာ နိုင်လွတ်လုံ ဥပဒေနဲ့ တစ်ဦးကို တစ်ဦး အပြန်အလှန်စွဲဆိုတာတွေ ရှိလာခဲ့ပါတယ်။
အခု ရှေ့နေချုပ်ရုံးရဲ့ ညွှန်ကြားချက်ထွက်လာပြီးမှာတော့ လူပုဂ္ဂိုလ်အချင်းချင်း နိုင်လွတ်လုံဥပဒေနဲ့ တရားစွဲလို့ရမှာ မဟုတ်တော့ဘူးလို့ ရှေ့နေတွေက ပြောပါတယ်။
(၃) အိန္ဒိယမှာ စက်ရုံမီးလောင်လို့ လူ ၄၀ ထက်မနည်းသေဆုံး
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာရှိတဲ့ စက်ရုံတစ်ရုံမှာ ဒီဇင်ဘာ ၈ ရက်နေ့ မနက်ခင်းက မီးအကြီးအကျယ်လောင်လို့ အလုပ်သမား ၄၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိခဲ့ပါတယ်။
ကျောင်းလွယ်အိတ်တွေ ချုပ်တဲ့ လေးထပ်ဆောင် စက်ရုံမှာ မီးလောင်ခဲ့တာ ဖြစ်ပြီး မီးလောင်စဉ် စက်ရုံထဲမှာ အလုပ်သမား ၁၀၀ ကျော် အိပ်စက်နေခဲ့တာလည်း ဖြစ်ပါတယ်။
အခုတော့ စက်ရုံပိုင်ရှင်ကို ရဲက ဖမ်းဆီးထားပါတယ်။ လူပေါင်း ၆၀ ကျော်ကိုတော့ ကယ်တင်နိုင်ခဲ့တယ်လို့ မီးသတ်နဲ့ ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။
ဒေလီမြို့ရဲ့ ရပ်ကွက်ဟောင်းမှာရှိတဲ့ မီးလောင်ကျွမ်းခဲ့တဲ့ အဲ့ဒီစက်ရုံဟာ တရားမဝင်ဖွင့်လှစ်ထားတာဖြစ်ပြီး စက်ရုံအဆောက်အဦးထဲမှာလည်း မီးသတ်ဗူး စတဲ့ မီးဘေးအန္တရာယ် အကာအကွယ်ပြုဖို့ ကြိုတင်ထားရတဲ့ ပစ္စည်းတွေမရှိဘူးလို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
သေဆုံးသူအများစုဟာ စက်ရုံရဲ့ အိပ်ဆောင်ကို အသုံးပြုကြတဲ့ အလုပ်သမားတွေ ဖြစ်ကြပါတယ်။
မီးလောင်ကျွမ်းနေချိန်မှာ မီးတောက်ထဲကနေ လူတွေ အော်ဟစ်သံတွေကို ကြားခဲ့ရတယ်လို့ အသက်မသေ ကျန်ရစ်သူတွေက ပြောကြပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီကတော့ ဒီဖြစ်စဉ်အပေါ် တုန်လှုပ်မိကြောင်းနဲ့ ဝမ်းနည်းစာနာကြောင်း ပြောဆိုခဲ့ပါတယ်။
(၄) မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုအပေါ် သမ္မတထရမ့် တုံ့ပြန်
မြောက်ကိုရီးယားအစိုးရက ဂြိုဟ်တုစခန်းတစ်ခုကနေ အရေးကြီးတဲ့ စမ်းသပ်မှု တစ်ခု လုပ်ခဲ့တယ်လို့ ကြေညာအပြီးမှာ အမေရိကန်သမ္မတ ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ အခုလို ရန်လိုတဲ့နည်းလမ်းကို ရွေးချယ်နေခဲ့မယ်ဆိုရင် အားလုံးဆုံးရှုံးသွားတာမျိုးကို ရင်ဆိုင်ရလိမ့်မယ်လို့ တုံ့ပြန်ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ Sohae ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေ အလွန်အရေးကြီးတဲ့ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှု တစ်ခု ပြုလုပ်ခဲ့တယ်လို့ အစိုးရပိုင် KCNA သတင်းဌာနက ဒီဇင်ဘာ ၈ ရက်နေ့တုန်းက ကြေညာခဲ့ပါတယ်။
လေ့လာသုံးသပ်သူတွေကတော့ မြောက်ကိုရီးယားဟာ အားပြင်းဒုံးလက်နက် ဒါမှမဟုတ် တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်ခဲ့တာဖြစ်နိုင်တယ်လို့လည်း ပြောနေကြပေမဲ့ ဘာကို စမ်းသပ်ခဲ့တာလည်းဆိုတာကို မြောက်ကိုရီးယားဘက်က ရေရေရာရာ ထုတ်ပြောတာ မရှိသေးပါဘူး။
မြောက်ကိုရီးယားက ပြီးခဲ့တဲ့ မေလကစပြီး တာတိုနဲ့ တာဝေးဒုံးစမ်းသပ်မှုတွေ ပြုလုပ်လာတာ ၁၃ ကြိမ်ရှိနေပြီလည်း ဖြစ်ပါတယ်။
အမေရိကန် သမ္မတထရမ့်ကတော့ မြောက်ကိုရီးယားနိုင်ငံမှာ စီးပွားရေးတိုးတက်လာနိုင်မယ့် အခွင့်အလမ်းကောင်းတွေ တပုံတပင်ကြီးရှိတယ်လို့ ပြောပေမဲ့ နျူကလီးယားကိုတော့ အရင်စွန့်လွှတ်ရမယ်လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။