ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုဝင်ဘာ ၂၉ ရက်နံနက်ခင်းသတင်းများ
(၁) ရေလမ်းခရီးသွားမယ့်သူတွေ စစ်သင်္ဘောနဲ့ လမ်းကြုံမလိုက်ဖို့ အေအေကြေညာချက်ထုတ်
တိုက်ပွဲကာလ မလိုလားအပ်တဲ့ကိစ္စတွေ ထပ်မဖြစ်စေဖို့နဲ့ ရန်သူနဲ့ ခရီးသည်ခွဲခြားသိနိုင်ဖို့ ရေလမ်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းရှင်တွေအနေနဲ့ သွားလာမယ့်ခရီးစဉ်၊ နေ့ရက်၊ အချိန်၊ လိုက်ပါမယ့် ခရီးသည်စာရင်းနဲ့ တင်ဆောင်လာမယ့်ပစ္စည်းစာရင်းတို့ကို အေအေထံ ပေးပို့ဖို့ နိုဝင်ဘာ ၂၈ ရက်စွဲနဲ့ ရက္ခိုင့်တပ်မတော် အေအေက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်သဘောၤတွေနဲ့ ရောနှောသွားလာခြင်းမလုပ်ဖို့၊ စစ်သင်္ဘောတွေပေါ် လမ်းကြုံမလိုက်ဖို့၊ ခရီးစဉ်ကြန့်ကြာမယ်ဆိုရင် ထပ်မံအသိပေးဖို့နဲ့ အထူးသဖြင့် ညအချိန်တွေမှာ တိုက်ပွဲဖြစ်နေတဲ့ဒေသနဲ့ အဲဒီအနီးပတ်ဝန်းကျင်တွေကို သွားလာခြင်းမပြုကြဖို့နဲ့ အခုထုတ်ပြန်ချက်တွေကို တိကျစွာလိုက်နာဖို့ ဆိုပြီး ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခုထုတ်ပြန်ချက်ကို ပို့ဆောင်ရေးလုပ်ငန်းရှင်တွေက ပူးပေါင်းဆောင်ရွက်ဖို့နဲ့ လိုက်နာခြင်းမရှိရင် နောက် ဆက်တွဲဖြစ်ပေါ်မယ့်ရလဒ်တွေကတော့ လူကြီးမင်းတို့ရဲ့တာဝန်သာဖြစ်တယ်လို့လည်း ဆိုပြီး ဆက်သွယ် ရမယ့် အီးမေးလ်နဲ့ ဖုန်းနံပါတ်တွေကိုပါ တစ်ပါတည်း ထည့်သွင်းဖော်ပြထားပါတယ်။
မြန်မာ့တပ်မတော်က စစ်ဆင်ရေးအတွက် ကုန်လမ်းအပြင်ရေလမ်းကိုပါ အသုံးပြုနေပြီး အရပ်သားခရီး သည်ပို့ဆောင်ရေးစစ်သင်္ဘောတွေကိုပါ သုံးပြီး စစ်သည်၊ လက်နက်ခဲယမ်း၊ ရိက္ခာအပြောင်းအရွှေ့တွေအတွက် အသုံးပြုနေတယ်လို့ အေအေက သူတို့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းက ရသေ့တောင်မှာ ရွှေနဒီခရီးသည်တင်သင်္ဘောပေါ်က တပ်၊ ရဲနဲ့ အရပ်သား ၅၈ ဦးကို အေအေက ဖမ်းဆီးသွားပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရေယာဉ်ပိုင်ရှင်နဲ့ ရေလုပ်သား တွေစုစုပေါင်း ၇ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
ဒီ ၅၈ ဦးထဲက တပ်မတော်က ၁၄ ဦးကယ်တင်ခဲ့ပြီး အေအေဘက်က နိုဝင်ဘာ လဆန်းပိုင်းမှာ ၂၅ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ရေယာဉ်ပေါ်လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေနဲ့ အခြားဝန်ထမ်းတွေဖမ်းဆီးခံရမှုမှာ သတင်းပေါက်ကြားမှုနဲ့ ရေယာဉ်ပိုင်ရှင်နဲ့ ရေလုပ်သားတွေကို စစ်ဆေးတာဖြစ်တယ်လို့ တပ်မတော်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
(၂) သပိတ်ကျင်းငလျင် ထိခိုက်ပျက်စီးမှုတချို့ရှိ
နိုဝင်ဘာ ၂၈ ရက်ည ၉ နာရီကျော်က သပိတ်ကျင်းမြို့အနီးဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် အဆောက်အဦထိခိုက်ပျက်စီးမှုတချို့ရှိတယ်လို့ ဒေသခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ဘီဘီစီကိုပြောပါတယ်။
အင်အား ၅.၄ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ အဲဒီငလျင်ဒဏ်ကို သပိတ်ကျင်း၊ တကောင်း၊ ကြာညှပ်နဲ့ မြင်သာမြို့နယ်က ပြည်သူတွေ သိသိသာသာ ခံစားခဲ့ရပြီး နှစ်ချက် ပြင်းပြင်းလှုပ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ငလျင်ကြောင့် သပိတ်ကျင်းမြို့ပေါ်မှာတော့ ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးမှုမရှိခဲ့ဘဲ သူနဲ့ မိုင် ၃၀ လောက်အကွာက ကြာညှပ်မှာတော့ ဘုရားတစ်ဆူ စိန်ဖူးတော်မြေခခဲ့တယ်လို့ အဲဒီဒေသကို မြို့နယ်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးအဖွဲ့နဲ့အတူ နိုဝင်ဘာ ၂၉ ရက်နံနက်ပိုင်းမှာ ကွင်းဆင်းရောက်ရှိနေတဲ့ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးစိုးလွင်က ဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင် ကြာညပ်က အထက်တန်းကျောင်းတစ်ကျောင်းရဲ့ အုတ်တံတိုင်း ပြိုကျတယ်လို့ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးတင်မြင့်ဆွေက ပြောပါတယ်။
ရရှိလာတဲ့အပျက်အစီးစာရင်းကို ကောက်ယူနေပြီး ပြန်လည်ပြုပြင်နိုင်ဖို့ မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးကို တင်ပြသွားဖို့ရှိတယ်လို့ သူက ဆိုပါတယ်။
သပိတ်ကျင်းဟာ ပြီးခဲ့တဲ့ ၂၀၁၂ က ငလျင်ဒဏ်အပြင်းအထန်ခံခဲ့ရတဲ့ ဒေသတစ်ခုဖြစ်ပြီး အဲဒီတုန်းက လူအသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှု တွေရှိခဲ့ပါတယ်။
ညက လှုပ်ခဲ့တဲ့ငလျင်ဒဏ်ကို မန္တလေးမြို့နဲ့အနီးတစ်ဝိုက်ကဒေသခံတွေလည်း သိရှိခံစားခဲ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာလည်း အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းက ရန်ကုန်မှာ လှုပ်ခဲ့တဲ့ ငလျင်ကြောင့် ရန်ကုန်မြို့ပေါ်က အထပ်မြင့်တိုက် တချို့ တိမ်းစောင်းမှုတွေရှိခဲ့ပြီး အာဏာပိုင်တွေက ဒီတိုက်တွေကို လိုက်လံ စစ်ဆေးတာတွေ၊ လူနေသင့်မသင့်စိစစ်တာတွေလုပ်ခဲ့ကြပါတယ်။
သပိတ်ကျင်းဟာ ငလျင်ကြောပေါ်ကျနေတဲ့အတွက် ဒေသခံတွေအနေနဲ့ အဆောက်အဦတွေ ဆောက် တာကအစ ငလျင်ဒဏ်ခံနိုင်ဖို့ ထည့်သွင်းစဉ်းစားကြဖို့ ဦးတင်မြင့်ဆွေက တိုက်တွန်းပါတယ်။
ဒါ့အပြင်မနေ့ည ဆယ်နာရီကျော်အချိန်မှာ မော်လိုက်မြို့အနီး ဗဟိုပြုပြီး အင်အား ၃.၅ အဆင့်ရှိတဲ့ငလျင် လှုပ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
(၃) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အာဖဂန်နစ္စတန်သို့ ရုတ်တရတ်သွားရောက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အာဖဂန်နစ္စတန်ကို ကြိုတင်မကြေညာဘဲ သွားရောက်ခဲ့ပါတယ်။ တာလီဘန်နဲ့ဆွေးနွေးပွဲတွေ ပြန်စတင်ပြီလို့လည်း ထုတ်ဖော်ပြောကြားပါတယ်။
ကြေညာတဲ့အထဲမှာ မပါဝင်ပေမယ့် အပစ်ရပ်စဲရေးသဘောတူညီချက်လည်း ပြန်စပြီလို့ ယူဆရပါတယ်။ ဘာဂရမ်လေတပ်စခန်းကိုရောက်ရှိချိန်မှာတော့ အမေရိကန်တပ်ဖွဲ့တွေနဲ့ အာဖဂန် အစိုးရတပ်ဖွဲ့တွေရဲ့ ကြိုးပမ်းမှုတွေကြောင့် အခုလို တာလီဘန်ဘက်က သဘောတူညီချက်ရယူလိုစိတ်ဖြစ်လာတာလို့ သူက ဆိုပါတယ်။
ဒါဟာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်ပြီးနောက် အာဖဂန်နစ္စတန်ကို ပထမဆုံးရောက်တဲ့ခရီးစဉ်ဖြစ်ပါတယ်။ အမေရိကန်တပ်ဖွဲ့တွေကို အာဖဂန်နစ္စတန်နိုင်ငံထဲကနေ အမြောက်အမြား စွန့်ခွာခဲ့ပြီးပြီလို့ သမ္မတ ထရမ့်က ဒီခရီးစဉ်မှာ ထုတ်ဖော်ပြောဆိုပါတယ်။
အရင်ကလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ကဘူးမြို့မှာ တာလီဘန်တို့ရဲ့ ဗုံးဖောက်ခွဲမှုကြောင့် အမေရိကန် စစ်သားတစ်ယောက်အပါအဝင် လူ ၁၂ ယောက် သေဆုံးအပြီး ရပ်တန့်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုရပ်တန့်ပြီး နှစ်လအကြာမှာ ဆွေးနွေးပွဲ ပြန်လည်စတင်တာဖြစ်ပါတယ်။
(၄) ဆီးရီးယားအရေး ပြင်သစ်နဲ့ တူရကီတို့ အငြင်းပွား
ဆီးရီးယားအရေးနဲ့ပတ်သက်ပြီး နေတိုးအုပ်စုဝင်နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်နဲ့ တူရကီနိုင်ငံတို့ကြား အငြင်းပွားနေကြပါတယ်။
တူရကီဟာ ဆီးရီးယားနိုင်ငံတွင်းက ကာ့ဒ်တပ်ဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်ခြင်းအားဖြင့် နေတိုးတပ်ဖွဲ့ရဲ့ အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ အိုင်အက်စ်ကို တိုက်ခိုက်ချေမှုန်းရေးဆောင်ရွက်ချက်တွေပေါ်မှာ အန္တရာယ်ကျရောက်စေခဲ့တယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းက ပဲရစ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တူရကီအနေနဲ့ စစ်ဆင်ရေးကို ကိုယ့်သဘောနဲ့ကိုယ် ကြိုတင်လုပ်ခဲ့ပြီးမှ နေတိုးမဟာမိတ်တွေရဲ့ သွေးစည်းညီညွတ်တဲ့ထောက်ခံမှုကို လိုချင်လို့ မရနိုင်ဘူးလို့ သူက ပြောပါတယ်။
"အကြမ်းဖက်သမားမျိုးစုံရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့တူရကီရဲ့လုံခြုံရေးအကျိုးစီးပွားကို လေးစားပါတယ်။ ဒါပေမဲ့ မဟာမိတ်တွေရဲ့ သွေးစည်းညီညွတ်ထောက်ခံမှုကို လိုချင်ပါတယ်ပြောပြီး တစ်ဖက်မှာ စစ်ရေး ထိုးစစ်ကို သူ့သဘောနဲ့သူ ကြိုတင်လုပ်တာဟာ နေတိုးရဲ့ဆောင်ရွက်ချက်တွေကို အန္တရာယ်ကျရောက်စေတယ်" လို့ ပြင်သစ်သမ္မတက ပြောပါတယ်။
တူရကီဘက်ကလည်း ပြင်သစ်ဟာ ကာ့ဒ်ကိုယ်စားလှယ်တွေကို ပဲရစ်မှာ လက်ခံတွေ့ဆုံတဲ့အတွက် အကြမ်းဖက်မှုအားပေးသူတွေလို့ စွပ်စွဲပါတယ်။
အကြမ်းဖက်သမားတွေကို ပြင်သစ်သမ္မတ က မဟာမိတ်လို့ သဘောထားနေရင် ဘာမှထပ်ပြောစရာမလိုဘူးလို့ တူရကီနိုင်ငံခြားရေးဝန်ကြီး ကပြောပါတယ်။
နောက်တစ်ပတ် လန်ဒန်မှာ ပြုလုပ်မယ့် နေတိုးထိပ်သီးညီလာခံမတိုင်ခင်မှာ အခုလို အငြင်းပွားမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
(၅) ဗြိတိန်မှာ အာဏာရပါတီနဲ့ သတင်းဌာန ပြဿနာတက်
ဗြိတိန်ရွေးကောက်ပွဲကျင်းပဖို့နှစ်ပတ်သာလိုတော့ချိန်မှာ အာဏာရပါတီ ကွန်ဆာဗေးတစ်ပါတီနဲ့ ရုပ်သံ သတင်းဌာန Channel 4 တို့ ပြဿနာတက်ခဲ့ကြပါတယ်။
Channel 4 မှာ ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး ပါတီထိပ်သီးခေါင်းဆောင်တွေ စကားအချေအတင် ဆွေးနွေးငြင်းခုန်ပွဲပြုလုပ်ရာမှာ ကွန်ဆာဗေးတစ်ပါတီ ကိုယ်စားလှယ် မပါခဲ့လို့ ခုလို အငြင်းအခုန် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
Channel 4 က ပါတီခေါင်းဆောင်တွေဆွေးနွေးငြင်းခုန်ပွဲအတွက် ကွန်ဆာဗေးတစ်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ကို ဖိတ်ကြားခဲ့ရာမှာ သူက မပါဝင်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ သူ့အစား ပါတီက ဝန်ကြီးတစ်ဦးကို စေလွှတ်ခဲ့ရာမှာ ထိပ်သီးအဆင့်ဆွေးနွေးပွဲ မို့ Channel 4 က သူ့ကိုပါဝင်ခွင့်မပြုဘဲ ငြင်းဆန်ခဲ့ပါတယ်။